ဟားဗက်တက္ကသိုလ်က ၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တစ်နှစ်တာဆုကို ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်

ဟားဗက်တက္ကသိုလ်က ၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တစ်နှစ်တာဆုကို ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်
Published 18 September 2016
Ref: Boston Globe

စက်တင်ဘာ ၁၇ ရက်တွင် အမေရိကန် ပြည်ထောင်စု ဟားဗက်တက္ကသိုလ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တစ်နှစ်တာဆုကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က စာသင်ခန်းမအတွင်း အပြည့်အလျှံ ရှိနေသည့် လူများအား ကမ္ဘာကြီးအတွင်းသို့ ဝင်ရောက်ကာ မည်သည့် အမုန်းတရားမဆို အကြောက်တရား အတွင်း၌ အမြစ်တွယ်နေခြင်းဖြစ်ကြောင်း မိမိတို့ ကိုယ်တိုင်အတွက် သက်သေပြကြရန် တောင်းဆိုခဲ့သည်။သြဇာတိက္ကမ ကြီးမားသော အသက် ၇၁ နှစ်အရွယ်ရှိ မြန်မာခေါင်းဆောင်သည် သိပ္ပံအဆောက်အအုံ စာသင်ခန်းမအတွင်းရှိ ရာနှင့်ချီသော လူအုပ်ကြီးရှေ့၌ အနီရောင်အပြားပေါ် ရွှေတံဆိပ်တင်ထားသည့် ဆုကို ပြုံးရွှင်စွာ လက်ခံ ရယူခဲ့သည်။“ကျွန်မအနေနဲ့ ဒီဆုကို ကျွန်မလုပ်ခဲ့တာအတွက် ချီးမြှင့်တာလို့ မယူဆပါဘူး။ အနာဂတ်မှာ ကျွန်မတို့ ရယူနိုင်အောင် ကြိုးပမ်းရမယ့် အရာအတွက် ပျော်ရွှင်ဖွယ်ရာ အတိတ်နိမိတ် တစ်ရပ်လို့ပဲ ခံယူပါတယ်။ ကျွန်မအနေနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ လွတ်လပ်ပြီး လုံခြုံမှုရှိတယ်လို့ မပြောနိုင်မီမှာ သွားရမယ့် ခရီးအရှည်ကြီး ရှိနေဆဲပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ကမ္ဘာပေါ်တွင် အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသားများထဲမှ တစ်ဦးအဖြစ် ဆယ်စုနှစ်များ ကုန်လွန်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးချုပ်ရာထူးနှင့် ညီမျှသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။မြန်မာနိုင်ငံ၏ ယခင်မြို့တော်ဟောင်း ဖြစ်သော ရန်ကုန်မြို့၌ မွေးဖွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒေလီတက္ကသိုလ်နှင့် အောက်စဖို့ဒ်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ သမိုင်းပညာရှင် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ပြီး အင်္ဂလန်တွင် ကလေးနှစ်ဦး ထွန်းကားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ နာမကျန်းဖြစ်သည့်အခါ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ဒီမိုကရေစီ အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့သည်။ ယင်းနောက် သူသည် ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် စစ်အာဏာရှင်များ၏ နေအိမ်အကျယ်ချုပ်ချထားခြင်းကို ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း မိုက်ကယ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ၌ နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ဟားဗက်တက္ကသိုလ်၌ စာသင်ကြား ပို့ချပေးခြင်းကို လုပ်ကိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။“ခွဲခြားမှုတွေ အားလုံးရဲ့ အရင်းအမြစ်မှာ အကြောက်တရား ရှိနေတယ်လု့ိ ကျွန်မ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောက်တရားဟာ အမုန်းတရားဆီ ဦးတည်သွားစေနိုင်ပြီး အမုန်းတရားဟာ ခွဲခြားမှုဆီ ဦးတည်သွားစေနိုင်လို့ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ သူက လူတိုင်း၏ အထဲ၌ ကောင်းမှုသွေးကြော တစ်ရပ် ရှိကြောင်းနှင့် ယင်းကို တူးဖော်ခြင်းသည်အကြောက်တရားကို ကျော်လွှားနိုင်ရေး၌ အထောက်အကူ ပြုကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့မှ စကားပြောဆိုသွားခဲ့ သူများသည် သူ၏ နိုင်ငံအား Burma ဟု လည်းကောင်း၊ Myanmar ဟု လည်းကောင်း ရည်ညွှန်းပြောဆိုသွားကြသည်ကို သတိပြုမိကြောင်းလည်း ဖော်ပြခဲ့သည်။ သူက “အဲဒီနေရာမှာ ကျွန်မတို့ရဲ့ ပြဿ နာတွေက စတာပဲ” ဟု ရယ်ရယ်မောမော ပြောကြားခဲ့သည်။ သူက “ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံကို ဘယ်လိုခေါ်ရမလဲဆိုတဲ့ အပေါ်မှာတောင် သဘောမတူနိုင်ကြဘူး” ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် လမ်းလျှောက်သင်စအရွယ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် Union of Burma ဟူသော အမည်ဖြင့် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က Burma ဟူသည့် အမည်ကို လှပသော အမည်တစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က “ဒါပေမဲ့ ဒါဟာ ကျွန်မတို့ရဲ့ စကားလုံး မဟုတ်ဘူး” ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အာဏာကို ရယူခဲ့သော စစ်အစိုးရသည် Burma ဟူသော အမည်အစား Myanmar ဟူသော စကားလုံးကို စတင်သုံးစွဲခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က သူသည် သူ၏နိုင်ငံ လွတ်လပ်ရေးနှင့် ပတ်သက်သော အမှတ်တရ စိတ်ခံစားချက်ကြောင့် ပြည်ပသိ့ု ရောက်ရှိသည့်အခါ Burma ဟူသော အမည်ကို ရွေးချယ်သုံးစွဲခဲ့ကြောင်းနှင့် အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားသားများက Myanmar ဟူသည့် အသံထွက်ကို ရစရာမရှိအောင် ပြောဆိုတတ်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ပရိသတ်က ရယ်မောခဲ့ကြသည်။သို့သော် သူ့အနေဖြင့် အခြားသူများအား သူ၏ နိုင်ငံအား မည်ကဲ့သို့ ခေါ်ပါဟူ၍ ညွှန်ကြားမည် မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က “ရှင်တို့ အာဏာရတာနဲ့ ရှင်တို့ရဲ့ ဆန္ဒကို ပြဋ္ဌာန်းဖို့ အမြဲ ကြိုးစားတဲ့ ထောင်ချောက်ထဲကို ကျွန်မ မဝင်ချင်ဘူး။ ရှင်တု့ိအနေနဲ့ ရှင်တို့ရဲ့ ဆန္ဒကို ပြဋ္ဌာန်းနိုင်တဲ့ ရာထူးတစ်ခုမှာ ရှိမယ်ဆိုရင် ရှင်တို့အနေနဲ့ အဲဒီလိုမျိုး မလုပ်ဖို့က လုံးဝကို ပိုပြီး အရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။စာသင်ခန်းမ ပြည့်လျှံသွားခဲ့ပြီးနောက် သိပ္ပံခန်းမ အပြင်ဘက်တွင် တန်းစီကာ မတ်တတ်ရပ်နေကြသူများမှာလည်း ၁၀၀ ကျော်ခန့် ရှိကြောင်းလည်း သိရသည်။ ကျောင်းသား အနည်းငယ်တို့က “ရိုဟင်ဂျာတွေအတွက် ရပ်တည်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုသော ဆန္ဒပြသည့် အမှတ်အသားများကို ကိုင်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။“ရိုဟင်ဂျာတွေရဲ့ကိုယ်စား အပြင်မှာ ရပ်နေတဲ့ ကျောင်းသားတွေကို ရှင့်လောက် ချီးကျူးမယ့်သူ မရှိပါဘူး” ဟု ဘာသာရေးနှိုင်းယှဉ်လေ့လာမှုနှင့် အိန္ဒိယဆိုင်ရာ လေ့လာမှု ဟားဗက်ပါမောက္ခ ဒိုင်ယာနာအယ်အက်က  လူအုပ်ကြီးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။ ဒိုင်ယာနာက အထူူးသဖြင့် ကောလိပ်ရှိ လူငယ်များအကြား လွတ်လပ်သော ပြောဆိုမှုနှင့် လွတ်လပ်သော စိတ်ကူးများနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ အခိုင်အမာ ပြောကြားမှုများကို အထူးပြု ထောက်ပြခဲ့သည်။ဒိုင်ယာနာက “ဒီဆန္ဒပြမှုကို နှစ်အစိတ်ကြာ ထိန်းသိမ်းထားမယ်ဆိုရင် ဒါဟာ ဘာနဲ့ တူမလဲ” ဟု မေးမြန်းခဲ့သည်။

Most Read

Most Recent