တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းယော်ရွာသား ငါးဦး သေဆုံးခဲ့မှုအတွက် စစ်တရားရုံးက အရာရှိနှင့် စစ်သည်ခုနစ်ဦးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်စီချမှတ်

တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းယော်ရွာသား ငါးဦး သေဆုံးခဲ့မှုအတွက် စစ်တရားရုံးက အရာရှိနှင့် စစ်သည်ခုနစ်ဦးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်စီချမှတ်
Published 16 September 2016
ထက်ရှိုင်း

တပ်မတော်စစ်ကြောင်းနှင့် TNLA အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှုဖြစ်စဉ်ကြောင့် မိုင်းယော်ရွာသား ငါးဦး သေဆုံးခဲ့မှုအတွက် စစ်တရားရုံးက တပ်မတော်ဘက်မှ အရာရှိနှင့် စစ်သည် ခုနစ်ဦးအား အလုပ်ကြမ်း နှင့် ထောင်ဒဏ်ငါးနှစ်စီ ချမှတ်ခဲ့ကြောင်း တပ်မတော်ဘက်မှ စက်တင်ဘာ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ရွာသားငါးဦး သေဆုံးမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်တရားရုံးအား သြဂုတ် ၈ ရက်မှ စတင်ဖွဲ့စည်း၍ တပ်မတော်မှ အရာရှိ၊ စစ်သည် ခုနစ်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦး၊ မိုင်းယော်ရွာသား ၁၈ ဦးတို့၏ ထွက်ဆိုချက်များကို စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အရ အရာရှိ၊ စစ်သည် ခုနစ်ဦးသည် တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ “နယ်ဘက်ပြစ်မှုတစ်ရပ်ဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂)။ ၃၄”အား ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် စက်တင်ဘာ ၁၅ ရက်က ပြစ်မှုကျူးလွန်သူ အရာရှိလေးဦးအား “ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ်အား နယ်ဘက်အကျဉ်း ထောင်တွင် ကျခံစေရန်” ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းနှင့် အခြားအဆင့် စစ်သည်သုံးဦးအား “တပ်သားအဆင့်သို့ လျှော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်” ဟု ပြစ်ဒဏ်အသီးသီးချမှတ် ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ဇွန် ၂၅ ရက် ညနေပိုင်းတွင် တပ်မတော်စစ်ကြောင်းနှင့် TNLA အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်ကြောင့် မိုင်းယော်ရွာသား ငါးဦး သေဆုံးမှုဖြစ်ပေါ်ခဲ့သည့် သတင်းအား ဇူလိုင် ၂ ရက်ထုတ် မြဝတီသတင်းစာ၌ ဖော်ပြပြီးဖြစ်ကြောင်း ပါရှိသည်။လားရှိုးမြို့နယ် မိုင်းယော်ဒေသခံများ သေဆုံးမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ခုံရုံးဖြင့် စစ်ဆေးနေပြီး မည်ကဲ့သို့ အရေးယူမည်ဆိုသည်ကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက မိုင်းယော်ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ထည့်သွင်းရှင်းလင်းခဲ့သည်။“မိုင်းယော်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဒီမှာ ရှင်းလင်းတင်ပြတာဟာ ကျွန်တော် တိုတိုလေးပဲ ရှင်းလင်းတင်ပြတာပါ။ ဒီဘက်မှာ ကျွန်တော်တို့က တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွေကိုပါ ရှင်းလင်းတင်ပြထားတာတွေ တွေ့ရမှာပါ။ ဒီမှာ ခုနတုန်းကမေးတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ တပ်မတော်ရဲ့ လက်ချက်ကြောင့်လားဆိုတာ ကျွန်တော်တို့ ပြောခဲ့ပါပြီ။ ပထမတစ်ယောက်သည် တိုက်ပွဲဝင်လာတဲ့ ကြားထဲကို လာတယ်။ ဘယ်ကျည်ဆန်နဲ့ ထိမှန်းတော့ မသိဘူး။ သို့သော် လဲသွားတယ်။ သွားပြီးရှင်းတဲ့အခါမှာ သေပြီလေ။ သေတော့ မူးယစ်ဆေးဝါးတွေပါ တွေ့ထားတဲ့အခါကျတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုတဲ့ အနေအထားကိုတော့ တွေ့ထားတယ်။ သို့သော် ကျွန်တော်တို့က ပိုင်ရှင်မပေါ်သေးဘူး ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်လို့ကတော့ အခုအချိန်အထိ အလောင်းက မြှုပ်ထားတယ်။ မြှုပ်ထားတာကို သူတို့ဖော်ပြီးတော့ စစ်တာ၊ ပြုတာတွေတော့ ရှိနေတာပေါ့။ ဒါ ကျွန်တော်တို့က ဒုတိုင်းမှူးအဆင့်ကို တာဝန်ပေးထားပါတယ်။ ဒုတိုင်းမှူးအဆင့်သည် ဗိုလ်မှူးချုပ်အဆင့် ဖြစ်ပါတယ်။ တပ်မတော်မှာ သူ့အနေနဲ့ သေချာစစ်ဆေး ဖော်ထုတ်ပါတယ်။ ဒီလို သေချာစစ်ဆေးဖော်ထုတ်တဲ့ အတွက်ကြောင့် ခုနတုန်းက သေသွားတဲ့ ပုဂ္ဂိုလ်များသည် လက်နက်ကိုင်လား၊ ရွာသားလားဆိုတာသည် ဒီလိုပတ်သက်မှုလေးတော့ ရှိနေတယ်။ နောက်ငါးယောက် ပြေးတဲ့အထဲမှာလည်း တစ်ယောက်သည် အခုန တယ်လီဖုန်းထဲမှာ သက်သေအထောက်အထားလေးတွေနဲ့ ပတ်သက်မှုလေးတွေတော့ ရှိနေတယ်။ သို့သော် ကျွန်တော်တို့က စစ်ဆေးတဲ့အခါကျတော့ ဘာပဲပြောပြော သူသည် ရွာသားပဲဖြစ်ဖြစ်၊ သောင်းကျန်းသူပဲ ဖြစ်ဖြစ် ကျွန်တော်တို့က စစ်ဆေးတဲ့အခါမှာ စည်းကမ်းစည်းမျဉ်းတွေ၊ နည်းဥပဒေတွေ ရှိပါတယ်”ဟု  ဇူလိုင် ၂၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။ထို့ပြင် ၎င်းကပင် “ဒီဥပဒေတွေကို ကျွန်တော်တို့ လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဥပဒေတွေကို ကျွန်တော်တို့ မလိုက်နာဘူးဆိုရင် ဒီစည်းကမ်းတွေက သွေဖည်မယ် ဆိုလို့ရှိရင် အရေးယူရမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ စစ်ခုံရုံးနဲ့ လတ်တလောဖွဲ့စည်းပြီးတော့ စစ်ဆေးနေတာမျိုး ဖြစ်ပါတယ်။ စစ်ဆေးပြီးတဲ့အခါမှာ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဘယ်သူတွေ ဘယ်လိုတာဝန်ရှိတယ် ဆိုတာကို၊ ဘယ်လို အရေးယူမယ် ဆိုတာကို ကျွန်တော်တို့ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ဇူလိုင် ၂၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။    

Most Read

Most Recent