ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို စုံစမ်းရန် မဟုတ်ဘဲ တင်းမာမှုများ လျော့ပါးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် အကြံပြုသွားရန်သာ ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို စုံစမ်းရန် မဟုတ်ဘဲ တင်းမာမှုများ လျော့ပါးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် အကြံပြုသွားရန်သာ ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ပြောကြား
Published 9 September 2016
ငြိမ်းကို၊ ကျော်ဇင်ဝင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို စုံစမ်းရန် မဟုတ်ဘဲ တင်းမာမှုများ လျော့ပါးရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် အကြံပြုသွားရန်သာ ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က စက်တင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်များ၏ ကုလသမဂ္ဂကို တင်သွင်းသည့်အစီရင်ခံစာများသည် ဒေသတွင်း အခြေအနေနှင့်ကွဲလွဲပြီး တစ်ဖက်သတ် ရေးသားထားသည်ဟု ဝေဖန်မှုများ ရှိနေသည့်အတွက် ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် တရားမျှတပြီး ဘက်လိုက်မှုမရှိရန်အတွက် အာမခံနိုင်မည်လားဟု  မေးမြန်းသည်။ယင်းမေးမြန်းမှုကို ကိုဖီအာနန်က “ဒီကော်မရှင်ဟာ လူ့အခွင့်အရေးကို စုံစမ်းဖို့ မဟုတ်ကြောင်း၊ နောက် လူ့အခွင့်အရေးအစီရင်ခံစာ တင်တာလည်း မဟုတ်ကြောင်း ဦးစွာပြောလိုပါတယ်။ ကျွန်တော်တို့ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်က အကြံပြုချက်တွေပေးဖို့ ဖြစ်ပါတယ်။ ဒီအကြံပြုချက်တွေဆိုရာမှာလည်း တင်းမာမှုတွေ လျော့ပါးအောင်၊ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးမှုပေးနိုင်အောင် အထောက်အကူပြုမယ့် အကြံပြုချက်တွေပေးဖို့ဟာ ကျွန်တော်တို့ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ဖြစ်ပါတယ်”ဟု စကားပြန်မှတစ်ဆင့် ပြန်လည်ဖြေကြားသည်။သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရကို အကြံပြုသွားမည် ဖြစ်ကြောင်းနှင့် လုံးဝဘက်မလိုက်ဘဲ ကြားနေလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။“ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးပြီးတော့ သိမ်မွေ့တဲ့ ကာလရှည် တည်တံ့နိုင်မယ့် ဖြေရှင်းချက်ရရှိဖို့ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ဖို့ အကြံပြုသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ကော်မရှင်သည် ဘက်မလိုက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကို အကြံပြုမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့သည် တိတိကျကျ လုံးဝဘက်မလိုက်ဘဲ ကြားနေလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်အားဖြင့်တော့ ကျယ်ပြန့်ပါတယ်။ အဲဒီထဲကမှ အဓိကအကြံပြုသွားမယ့် နယ်ပယ်တွေကတော့ ပဋိပက္ခဖြေရှင်းရေး၊ လူသားချင်း စာနာရေးအကူအညီ၊ နောက်တစ်ခါ ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး၊ ပြီးတော့ ရခိုင်ပြည်နယ်အတွင်း အဖွဲ့အစည်းစနစ်များအား ကောင်းစေရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းနယ်ပယ်တွေမှာ အကြံပြုသွားမှာ ဖြစ်ပါတယ်”ဟု ကိုဖီအာနန်က စကားပြန်မှတစ်ဆင့် ပြောကြားသည်။ထို့ပြင် ကိုဖီအာနန်က အစီရင်ခံစာတင်ရန် တစ်နှစ်အချိန်ရပြီး တစ်နှစ်အတွင်း အလောတကြီး တင်သွင်းမည် မဟုတ်သလို၊ အချိန်ဆွဲသွားမည်လည်း မဟုတ်ကြောင်း၊ စိတ်ရှည်လက်ရှည်ဖြင့် ပြည့်ပြည့်စုံစုံ နှံ့နှံ့စပ်စပ် ဆောင်ရွက်ပြီး  ခိုင်မာသည့် အစီရင်ခံစာတင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အဝန်း အသီးသီးအတွက် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် အကျိုးပြု၊ အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။ရခိုင်ပြည်နယ်ခရီးစဉ်၌ ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခြင်းနှင့် ပတ်သက်၍ ကိုဖီအာနန်က ဆန္ဒပြခြင်းသည် မိမိတို့အား သိစေချင်သည့် လုပ်နည်းတစ်မျိုးဖြစ်ကြောင်း၊ ထင်ထင်ရှားရှား ဆန္ဒထုတ်ဖော်နည်းတစ်မျိုးဟု မြင်ကြောင်း၊ ကောင်းမွန်သည့် သဘောရှိသဖြင့် လက်ခံကြောင်း၊ လူ့အဖွဲ့အစည်းနှင့် ရပ်ရွာအသိုက်အဝန်းကြားတွင် နိုင်ငံတကာသည် တစ်ဖက်သတ်ဖြစ်နိုင်ကြောင်း၊ ရိုဟင်ဂျာဟု ပေါ်လာခြင်းသည် နိုင်ငံတကာကြောင့်ဟု အမြင်တစ်မျိုး ရှိနိုင်ကြောင်း၊ ရခိုင်အကျိုးစီးပွားကို ထည့်သွင်းမစဉ်းစားဟု စိုးရိမ်မှုများလည်း ရှိနိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် ရခိုင်အကျိုးစီးပွားကို မုချထည့်သွင်းစဉ်းစားမည် ဖြစ်ကြောင်း ၎င်းက စကားပြန်မှတစ်ဆင့် ပြောကြားသည်။ဆက်လက်ပြီး ကိုဖီအာနန်က “နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ နိုင်ငံတကာအပိုင်းက ပါနေပြီပဲဖြစ်ပါတယ်။ လူတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရွှေ့ပြောင်းသွားပြီဆိုရင် ရုပ်မြင်သံကြားမှာလည်း တွေ့မှာပါ။ အရှေ့အလယ်ပိုင်းကနေ ဥရောပကိုသွားတဲ့အခါ နိုင်ငံတကာကိစ္စ ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီးတော့ သွားတယ်။ အဲဒီတော့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာ အပြန်အလှန်အခြားသွားလာနေတာတွေရှိတော့ သက်ဆိုင်ရာ အစိုးရတွေက နားလည်သဘောပေါက်မှုအတိုင်း အတာတစ်ခုထိ ရှိတာပဲဖြစ်ပါတယ်။ ဒီဥစ္စာ၊ ဒီကိစ္စကို အပြုသဘောဖြေရှင်းဖို့ဆိုရင် တစ်နိုင်ငံတည်းဖြေရှင်းလို့ မရဘူး။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘယ်လိုဆောင်ရွက်နိုင်မယ်ဆိုတာကို ကော်မရှင်ကနေပြီးတော့ စူးစမ်းပြီးတော့ ဒီလူတေ ွရွှေ့ပြောင်းသွားလာတာတွေ နယ်စပ်ဖြတ်ကျော်သွားလာတွေကို ဒါတွေနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိလာအောင် ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု စကားပြန်မှတစ်ဆင့် ပြောကြားသည်။ထို့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရောနှောပေါင်းစပ်ဖွဲ့စည်းထားသည့် မြန်မာကော်မရှင်ဖြစ်ပြီး နိုင်ငံတကာမှ ပါဝင်ခြင်းသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အကြံပေးခြင်း သက်သက်သာဖြစ်ပြီး ဆရာလုပ်ရန် မဟုတ်ကြောင်းလည်း ကိုဖီအာနန်က စကားပြန်မှတစ်ဆင့် ပြောကြားသည်။ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့၌ကော်မရှင်၏ ပထမအကြိမ်တွေ့ဆုံခြင်းနှင့် လုပ်ငန်းစဉ်များ စတင်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။ 

Most Read

Most Recent