ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်း
Published 24 August 2016

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၂၄ ရက်)တွင် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ရှာဖွေသွားမည်ဖြစ်ပြီး ယင်းသို့ ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများကို ရရှိရန် အကြံပေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ထိုသို့ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရာတွင် ဘက်လိုက်မှုကင်းသည့်၊ လူအများ လေးစားသည့်၊ အတွေ့အကြုံရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံသားပုဂ္ဂိုလ် (၆)ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃)ဦး တို့ဖြင့် စုစုပေါင်း အဖွဲ့ဝင် (၉) ဦး ပါဝင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ပါသည်။အဆိုပါ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်မှ ဆောင်ရွက်မည်ဖြစ်ပြီး အကြံပေးကော်မရှင်၏ အဖွဲ့ဝင်များအဖြစ် ဦးဝင်းမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်)၊ ဒေါက်တာသာလှရွှေ (နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း)၊ မစ္စတာ ဂါဆန်ဆလမ် (ယဉ်ကျေးမှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃)၊ လက်ဘနွန်နိုင်ငံ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၃-၂ဝဝ၆)၊ မစ္စလက်တီတီရာ ဗန်ဒန်အာဆမ် (ကုလသမဂ္ဂ အိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ အစီအစဉ် (UNAIDS) ၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၅-၂ဝဝ၆)၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး ၂ဝ၁၂-၂ဝ၁၅)၊ ဦးအေးလွင် (တည်ထောင်သူ တစ်ဦးနှင့် အမြုတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ မြန်မာနိုင်ငံ)၊ ဒေါက်တာမြသီတာ (ဥက္ကဋ္ဌ၊ သားဖွားမီးယပ် ပညာအဖွဲ့၊မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း)၊ ဦးခင်မောင်လေး (အဖွဲ့ဝင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်)၊ ဒေါ်စောခင်တင့်(ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးများအသင်း) တို့ ပါဝင်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ယင်း ကော်မရှင် အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းများကို ရှာဖွေရန်အတွက် ပါဝင်သက်ဆိုင်သူများနှင့် လည်းကောင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် လည်းကောင်း၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏ အမြင်သဘောထား များကိုရယူလျက် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ပြီး  ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများနှင့် အခြေခံလူမှု ဝန်ဆောင်မှုများ ရရှိရေး ကိစ္စများအား စဉ်းစားဆောင်ရွက်မည်ဖြစ်ပါသည်။ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြိုတင် ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူ အညီများပံ့ပိုးရေး၊ အခွင့်အရေးများနှင့် ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေး၊ အခြေခံ အဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး စသည့်ကဏ္ဍများအတွက် လေ့လာသုံးသပ်မှု ပြုလုပ်၍ အကြံပြုတင်ပြမှုများ ပြုလုပ်မည်ကြောင်း သိရပါသည်။ထို့အပြင် ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကိုလည်း သုံးသပ်သွားမည့်အပြင် ကော်မရှင်အနေဖြင့် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရှာဖွေတွေ့ရှိ ချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြမည်ဖြစ်ပြီး အစီရင်ခံစာကို ကော်မရှင် တည်ထောင်ပြီး ၁၂ လ ကာလထက် နောက်မကျစေဘဲ တင်ပြရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

Most Read

Most Recent