ဆရာ မင်းသုဝဏ်နှင့် ဆရာမ ဒေါ်ကြည်ကြည်

ဆရာ မင်းသုဝဏ်နှင့် ဆရာမ ဒေါ်ကြည်ကြည်
Published 30 April 2016
မြေနီသစ္စာ

ကျောင်းစအပ်အမေသည် ဗန်းကိုရွက်လာသည်။ ဗန်းထဲတွင် ဆန်တစ်ပြည်၊ ငွေငါးမတ်နှင့် နို့ဆီဘူး တစ်ဘူးပါသည်။ အမေ့ဘေးမှာ ကျွန်တော် ကျောင်းရောက်တော့ ဆရာကြီးရှေ့တွင် ဗန်းကိုချသည်။ ကျွန်တော်က ဆရာကြီးကို ဦးသုံးကြိမ်ချသည်။ ဆရာကြီးက အမေအဖေနှင့် ကျွန်တော့် အမည်တို့ကို ထိုနေ့ နေ့စွဲဖြင့် မှတ်ပုံတင် စာအုပ်ကြီးတွင် ထည့်သွင်းလိုက်ခြင်းဖြင့် ကျွန်တော်သည် မြေနီကုန်း မြူနီစပယ်ကျောင်းက ကျောင်းသားသစ် တစ်ဦးဖြစ်သွားခဲ့သည်။ကျောင်းမှာ ကျွန်တော်နေရစ်ပြီးနောက် ခေါင်းလောင်းသံထိုးသည်။ ကျောင်းစတက်သည်။ ဝလုံးတန်း (သူငယ်တန်း) တွင် ကျွန်တော်သည် ရှေ့ဆုံးတန်း၏ နောက်နှစ်ခုံမှာ နေရာရသည်။ ဒုတိယ ခေါင်းလောင်းထိုးသံ ကြားရ၏။ ဆွမ်းအုပ်နီနီ စဆိုမယ်ဟူသော ဆရာ ဦးရွှေအောင် အသံကို ကြားရသည်။ မရှေးမနှောင်းမှာပင် “ဆွမ်းအုပ်နီနီ၊ အမေရွက်လို့ မနက်ဖြန် မနက် ကျောင်းတက်မယ်” ဆိုသော ကဗျာကို စကြားလာရ၏။ တပည့် အားလုံး၏ ညီညီညာညာ တေးကဗျာ ရွတ်ဆိုသံတို့သည် တစ်ကျောင်းလုံးကို လွှမ်းမိုးသွားလေသည်။ယင်းနည်းအားဖြင့် ဆွမ်းအုပ်နီနီသည် ကျွန်တော် ပထမဆုံး ထိတွေ့ပွေ့ဖက် ယဉ်ပါးခဲ့ရသည့် သာယာနာပျော်ဖွယ် တေးကဗျာပင်။ ဆွမ်းအုပ်နီနီဆုံးတော့ ဘုရားရှိခိုး အလှည့်။ အလွတ်ရပြီးသားမို့၊ လက်အုပ်ချီလျက်၊ ပီပီသသ လိုက်ဆိုပြနိုင်ခဲ့၏။အဖေရှင်းပြအိမ်သို့ရောက်သောအခါ ဆွမ်းအုပ်နီနီ ကဗျာအကြောင်းကို အဖေ့အားမေး၏ အဖေ ရှင်းပြပုံက ဤသို့။“ကျောင်းသားတွေ စာသင်ချင်စိတ်တွေ တိုးပွားလာအောင် ဆွဲဆောင်ဖွဲ့ဆိုထားတဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာ။”ဤသို့ဖြင့် ဆရာ မင်းသုဝဏ်၏ ဆွမ်းအုပ်နီနီသည် ကျွန်တော်၏ ပထမဆုံးစာပေ မွေ့လျော်စိတ်ကို ယိုဖိတ်စီးဆင်းလာစေခဲ့၏။ ယင်းသို့ဖြင့် ကဗျာစာပေ အပေါ်တွင် ခိုဝင် ခင်တွယ်စိတ်သည် ကျွန်တော်၏ ဟဒယ နှလုံးအိမ်တွင် ယနေ့ထက်တိုင်ပင် ရှင်သန်နိုးကြားနေတော့၏။ ယင်းသို့ဖြင့် ကျွန်တော်သည် ချစ်ဦးသူ မြန်မာစာပေကို ရာသက်ပန် ချစ်ကြင်မြတ်နိုး သွားတော့သည်။ ပွင့်သစ်စ အနုစာပေရှင် ကလေးဘဝသို့ တစ်စတစ်စ ရောက်ရှိလာတော့၏။မူလတန်းတွင် မြေနီကုန်းကျောင်းက စခဲ့ရသော်လည်း အလယ်တန်းနှင့် အထက်တန်းကို ဗဟန်းမှာ သွားတက်ရသည်။ မြေနီကုန်းကျောင်းက ငါးတန်းအောင်သောအခါ ဗဟန်းသို့ ရောက်သွားလေသည်။ State Post Primary School (SPPS), Bahan ဟု  အင်္ဂလိပ်လိုခေါ်သော ကျောင်းသည် နောက်တော့ S.H.S.Bahan ဗဟန်းအစိုးရ အထက်တန်းကျောင်း ဖြစ်လာလေသည်။အလယ်တန်းကစ၍ ဗဟန်းကျောင်းသို့ ကျွန်တော်ရောက်သွားခြင်းသည် ကျွန်တော့်ဘဝကို စာနယ်ဇင်း လောကထဲသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ခြင်းပင်။ ဗဟန်းမှာ မြန်မာအလင်း သတင်းစာတိုက် ရှိသည်။ မြန်မာ့အလင်းသည် သတင်းစာ လောကသို့ ကျွန်တော် စတင်ရောက်ရှိခဲ့သည့် အဦးအစ မိခင်ဌာနပင်။ဗဟန်းမှာဗဟန်းရှိ မြန်မာ့အလင်း ရင်ခွင်မှာ အလုပ်သင် သတင်းထောက် ဘဝဖြင့် ကျွန်တော်ရခဲ့သလို ဗဟန်းမှာပင် မြန်မာစာဆရာမ ဒေါ်ကြည်ကြည်နှင့် ဆုံတွေ့ခဲ့ရခြင်းပင်။ အမှန်ပင်။ စာနယ်ဇင်းတွေမှာ ကျွန်တော်စာရေးတတ်အောင် ပြုစုပျိုးထောင်ပေးခဲ့သည့် ဆရာမ ဒေါ်ကြည်ကြည်ကို ဤဗဟန်းမှာ ဆုံတွေ့ခဲ့ရခြင်းကား ကျွန်တော့်ဘဝတွင် ရခဲလှသည့် ဧရာမ အခွင့်အရေးထူး တစ်ရပ်ပင်။စာဖတ်တတ်မှကျွန်တော်သည် ငယ်စဉ်ကစ၍ စာဆိုလျှင် လိုလိုလားလား ဖတ်၏။ မှတ်၏။ “စာသင်ဟူက ကျမ်းတိုမျှကို တွေ့ကမရှောင်” ဟူသော ညွှန်းဆိုချက်အရ တွေ့ရာစာကို ဖတ်မှတ်လေ့လာ ပွားများလာခဲ့သည်မှာ ကြာတော့ စာပေဝါသနာရှင် တစ်ဦးဖြစ်၍ ဖြစ်၍လာ၏။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ကို တွေ့ရာမြင်ရာ အလုအယက် ဖတ်မှတ်ရသည်မှာ အင်အားတစ်ရပ် တိုးပွားလာသလို ခံစားရ၏။ စာဖတ်ပျော်၍ စာတော်သူ ဖြစ်လာစေရန် ရွေ့ကာ၊ စမ်းကာ၊ လှမ်းကာ၊ သီကာဖြင့် လမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းမိလာ၏။ ချွန်မြလှပသည့် မြန်မာစာပေ ရေးသားနိုင်ဖို့ကိုမူ များစွာလိုသေး၏။ စာပေလေ့လာအား ထုတ်ပွားများမှုတွင် ဇွဲ၊ လုံ့လ၊ ဝိရိယတို့ကို အရင်းခံလျက် ရှေ့သို့ ရွေ့လျားတိုးသွားစေရန်၊ အားပေးလှုံ့ဆော်ကာ အချိန်နှင့်အမျှ နိုးဆွမောင်းနှင်လျက်ရှိ၏။ထိုကျေးဇူးရှင်ဤသို့ဖြင့် တက္ကသိုလ်ဝင်တန်းသို့ ကျွန်တော် ရောက်ရှိလာသည်။ ကံတရားသည် ဆန္ဒကို လက်တွေ့ကျအောင် ကြိုးစားလိုသော ကျွန်တော့်အား လမ်းကြောင်းမှန်ဆီသို့ ရှေးရှုပေး၏။ စာကောင်းစာမှန်စာချွန်တို့ ဘယ်လိုရေးရမည်ကို စိတ်ရှည်စွာ သင်ကြားပေးသော ဆရာတစ်ဦးကို တွေ့၏။ ဆရာမ ဒေါ်ကြည်ကြည်။ ဆရာ မင်းသုဝဏ်၏ ကိုယ်ပွားဆရာ့ အိမ်ရှင်မ ဆရာ့ဇနီး။ ကျွန်တော်၏ ကျေးဇူးရှင် စာသင်ဆရာမကြီး။ကောင်းမှုကုသိုလ်ဆရာမ ဒေါ်ကြည်ကြည်ကို စုံဆယ်ဖြာ လက်အုပ်မိုး၍ ရှိခိုးဦးတင်ပါ၏။ စာတစ်ရွက်ကို ဆရာမထံ ရိုသေစွာ ကမ်းလင့်၏။ “ကျွန်တော့်ကို သင်ပေးပါ။ ကျွန်တော့်စာရေးဆရာ ဖြစ်ချင်တယ်” စာဖတ်ပြီးသော၊ ဆရာမက၊ ကျွန်တော့်မျက်နှာကို သေသေချာချာကြည့်၏။“ဝတ္ထုရေးချင်တာလား”“ဟုတ်ကဲ့”“ကဲ ဒါဆို ခပ်တိုတို ရေးလာစမ်း”ကျွန်တော်သည် အသင့်ရေးလာသော တစ်မျက်နှာစာ ဝတ္ထုတိုကလေးကို ဆရာမထံ ထိုးပေး၏။ ဝတ္ထုတို အမည်က ကောင်းမှု။ ၁၀ မိနစ်ပင် မကြာ။ ကြည်နူးစွာ ပြုံးကြည့်လာသော ဆရာမမျက်နှာကို မိမိတွေ့လိုက်ရ၏။“ဒီဝတ္ထုတိုထဲကလို ကျင့်ကြံကြိုးပမ်းရင် မုချစာရေးဆရာ ဖြစ်မယ်” ဆရာမ၏ စကားမှာ ကျွန်တော် သိပ်ပျော်သွားသည်။ ဝင်ခွင့်စာမေးပွဲကို ကျွန်တော်အောင်ပြီ။ ဆက်လက်အားထုတ် ကြိုးပမ်းရန်သာ ရှိတော့သည်။ ကောင်းမှု ဝတ္ထုတို ကလေးက ဗုဒ္ဓဓမ္မ၏ အလှူဒါနကို ရေးဖွဲ့ထားခြင်းပင်။ မိခင်နှင့် အကြောင်းမပါမီ ဖခင်သည် မန္တလေး ဘုရားကြီးတိုက်က သံဃာတစ်ပါး ဖြစ်သည်။လူ့တန်ဖိုး“လူ့တန်ဖိုးဟာ အားနည်းသူကို ကူညီတတ်မှုပဲ၊ သား။ နွမ်းပါးချိုတဲ့သူတွေ တွေ့တိုင်း မိမိတတ်စွမ်းသမျှ ကူညီပါသား” ဟု မိမိကို ဖခင်မိန့်မှာထား၏။ နံနက်စောစောဘူတာ ငယ်ကလေးတစ်ခုမှာ နွမ်းပါးသော ဘာမှရသေးဟန် မတူသော သားအမိနှစ်ဦးကို တွေ့၏။ မိမိတွင် ပါလာသော ၁၀ ပြားစိ ငါးစိကို ယင်းသားအမိနှစ်ဦးအား ကမ်းလင့်၏။ ထိုဒါန ငါးဆယ်ပြားဖြင့် သားအမိနှစ်ဦးတို့ တစ်ပွဲ ၁၀ ပြားတန် ကြာဆံအကျိုးအကြေသုတ် နှစ်ပွဲစီ ကြည်နူးစွာ စားသုံးနေပုံကို ဖွဲ့ထားသည့် ကောင်းမှုပင်။“စာရေးဆရာဆိုတာ အဲသလို စိတ်ကောင်းရှိရမယ်။ ထွန်းပေါက်အောင် ကြိုးစားပေတော့။”ဆရာမက ယင်းသို့လည်း မှာကြား၏။ ရေးမှု၊ လေ့ကျင့်မှု၊ ကျက်မှတ်မှုနှင့် မပျက်မကွက် အားထုတ် ကြိုးပမ်းမှု တို့ကိုလည်း အားပေးချီးမြှင့်၏။ဝတ္ထုတို ကလေးတွေကို တစ်ပုဒ်မက တစ်ပုဒ်ပြီး တစ်ပုဒ်ရေး၏။ ပြီးလျှင်ဆရာမကို ပြ၏။ ဝေဖန်ချက် ဆန်းစစ်ချက်နှင့် ဆက်လက် ဆောင်ရွက်ရမည်တို့ကို စာစီစာကုံးတို့နှင့်ယှဉ်၍ ပြန်ကြားပြောဆို၏။ ဖြောင့်တန်းစွာ လမ်းခင်းပေးလာသော ဆရာမ၏ သြဝါဒကို မြေဝယ်မကျ မိမိလေ့ကျင့်ဆောင်ရွက်၏။မော်နီတာအတန်းထဲတွင် ဆရာမ သြဝါဒခံ၍ အတန်းစောင့် Monitor တာဝန်ယူ၏။ သိပ်အားထုတ် ကြိုးပမ်းရ၍ များစွာကား ပင်ပန်း၏။ သို့သော် များစွာပျော်၏။ (၆) လမျှ ဆရာမ သြဝါဒခံလျက် လေ့ကျင့်ပြီးသောအခါ ဝတ္ထုတစ်ပုဒ်ရေးပြီး မဂ္ဂဇင်းတိုက်သို့ ပို့ရန် အစီအစဉ်ချ၏။ စရေး၏။ မကျေနပ်၍ ထပ်ရေး၏။ လိုသည်ထင်သမျှ ထပ်ရေး၏။ မကြိုက်မချင်း ထပ်ပြင်၏။ စာမူကြမ်းဘဝမှာ ဆရာမပြ ရသည်မှာပင် (၅) ခါရှိခဲ့ပြီ။ဆရာ စာကဗျာတစ်ဖက်တွင် ဆရာမင်းသုဝဏ်၏ ကဗျာစာပေတို့နှင့်လည်း ကျွန်တော်သည် ရင်းနှီးကျွမ်းဝင်လာ၏။ ဆရာမင်းသုဝဏ်၏ အလွမ်းရယ်တဲ့ ၁၂ တွေနှင့် ဗျောသံတို့ကို မိမိဟန်ဖြင့် ပြန်ရေးကြည့်၏။ အကောင်းဆုံးဖြစ်အောင် အထပ်ထပ် ရေးလိုက်ပြင်လိုက် သုံးကြိမ်စီ လုပ်ပြီးမှ ဆရာမကို ပြ၏။ဆရာမ ဒေါ်ကြည်ကြည်သည် စိတ်ရှည်၏။ လိုနေပိုနေသည်တို့ကို တစ်ခုချင်း ဖြေးညှင်းစွာ နားလည်လွယ်အောင် ရှင်းပြ၏။ အဆိုအချေ ပြုဖွယ်ရာတို့ကိုလည်း လမ်းညွှန်ပြသ၏။ မရဲတရဲ ရေးလာရသော အခက်ထဲက အခဲတိုပသည် ဆရာမ၏ သွန်သင် ညွှန်ပြမှုတို့ဖြင့် ပြေလည်လာ၏။ လမ်းဖြောင့်အတိုင်း လမ်းကြောင်းမှန်ဆီသို့ လျှောက်လှမ်းလာနိုင်တော့၏။လယ်တောက အပြန်ဆရာမင်းသုဝဏ်၏ ကဗျာများထဲက ယနေ့ထိ ကျွန်တော် အလွန်စွဲလန်းခဲ့ရသော ကဗျာသည် လယ်တောကအပြန် ဖြစ်သည်။လယ်တောကအပြန်ပန်ချင်တယ် ခရေဖူးဆိုလို့မောင်ခူးကာပေး။မနက်တုန်းဆီကကြော့ဆုံးကို မောင်မြင်တော့သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်ဂုဏ်တင့်တယ်လေး။ဆရာ့ကဗျာက သိပ်သည်းကျစ်လျစ်သည်။ ယင်းကဗျာထဲက ကြော့ဆုံး၏ ‘သာ’ ရာမှာ နားတတ်မှုအပေါ် ဆရာ၏ ဖွဲ့ဆိုချက်ကို ကျွန်တော် ယနေ့ထိ စွဲလန်းနေပေသည်။ ဤကဗျာကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးကိစ္စတို့မှာ ရှုမြင်၍ ဝေဖန်သုံးသပ်ကြပါက များစွာထူးခြားသော ဘက်စုံက ဖွင့်ဆို ရှင်းပြချက်တို့ဖြင့် ရင်ခုန်လှုပ်ရှားဖွယ် ထိတွေ့ မွေ့လျော်ကြမည်ပင်။(အလွမ်းရယ်တဲ့ ၁၂ တွေနှင့် ဗျောသံကို Daily Eleven တွင် ကျွန်တော် ရေးခဲ့ဖူးပါသည်။)သမ္မတကြီး၏နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်၏ မိဘနှစ်ပါးဖြစ်သူ ဆရာမင်းသုဝဏ်နှင့် ဆရာမ ဒေါ်ကြည်ကြည်တို့သည် ယခုအခါ ကွယ်လွန်ခဲ့ကြရှာပြီ။ ဆရာ မင်းသုဝဏ်နှင့် ဆရာမ ဒေါ်ကြည်ကြည်တို့၏ စာပေကျေးဇူးဖြင့် ၁၉၅၆ ခုနှစ် ဧပြီလထုတ် (အယ်ဒီတာမိုးဝေ၊ တင့်ဆန်း တို့၏) စုံထောက်ဝတ္ထု၊ မဂ္ဂဇင်းပါ၊ အငြှိုးဝတ္ထုဖြင့် မြန်မာစာပေလောကမှာ စတင်နေရာရခဲ့သော ကျွန်တော်ပင်လျှင် ယခုအခါ စာရေးသက် အနှစ်ခြောက်ဆယ်တိတိ ပြည့်ခဲ့လေပြီ။ သူ၏ ကျေးဇူးရှိပေဖူး။ အထူးသိအပ်စွာဟူသော အဂ္ဂမဟာပဏ္ဍိတ ဆရာကြီး ဆရာလင်း၏ အဆိုအမိန့်နှင့် လျော်ညီစွာ ဆရာ မင်းသုဝဏ်နှင့် ဆရာမ ဒေါ်ကြည်ကြည်တို့အပေါ် ကျေးဇူးသိတတ်မှု သင်္ကေတအဖြစ် ဤစာတန်းငယ်ဖြင့် ရိုသေညွတ်ကျိုး ရှိခိုးကန်တော့လိုက်ရပါသည်။ ဆရာနှင့် ဆရာမတို့ ကောင်းရာသု ဂတိဘုံဌာနမှာ စံမြန်းနိုင်ကြပါစေ။

Most Read

Most Recent