မျှော်လင့်ခြင်း အနာဂတ် နေ့သစ်များ

မျှော်လင့်ခြင်း အနာဂတ် နေ့သစ်များ
Published 29 April 2016
ကိုသိန်း (ကျောက်ကြီး)

ပြည်သူတစ်ရပ်လုံး ရင်ခုန်လှိုက်မောစွာ မျှော်လင့် စောင့်စားခဲ့ရသည့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြောင်းလဲ ဖြစ်ထွန်းလာသည့် အစိုးရသစ်တစ်ရပ် ၃၀-၃-၂၀၁၆ ရက်တွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါသည်။ အနှစ်နှစ် အလလ မျှော်လင့်စောင့်စားခဲ့သည့် အစိုးရသစ်၊ နိုင်ငံသစ်၊ အနာဂတ်သစ်နှင့်အတူ ကျွန်တော်တို့ ပြည်သူများ၏ စိတ်နေစိတ်ထားများလည်း ပြောင်းလဲ ပစ်ကြရတော့မည် ဖြစ်ပါသည်။
လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်၊ ချမ်းသာမှု၏ အဓိက အကြောင်းခြင်းရာ တစ်ရပ်သည် ပူးပေါင်းဆောင်ရွက်လိုခြင်း စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် စည်းကမ်း ကောင်းမွန်ခြင်းများပင် ဖြစ်သည်။
ယနေ့ တိုးတက်ကြီးပွားချမ်းသာနေသည့် နိုင်ငံများကို မျှော်ကြည့်လိုက်လျှင် ပြည်သူအများစုသည် လူတစ်ဦးချင်း၊ စိတ်ဓာတ်များ ကောင်းမွန်ပြီး၊ စည်းကမ်းကိုယ်စီ ရှိနေကြ ခြင်းသည် အဖြေတစ်ခုပင် ဖြစ်ပါသည်။
ကျွန်တော်တို့ငယ်စဉ်က သင်ကြားခဲ့ရသည့် “မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်” ဆိုသည့် ကဗျာလေးကဲ့သို့ မိမိနှင့် မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်ကို ကောင်းအောင်ကြိုးစားပြီး ဆန့်ကျင့်ကန့်ကွက် ပြစ်တင်ဝေဖန် ရှုတ်ချနေမည့်အစား မိမိတို့တိုင်းပြည်ကောင်းအောင် စိတ်သစ်လူသစ်များဖြင့် အကောင်းမြင် စိတ်များမွေးမြူကာ ပြည်သူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံ၏ ယခုကဲ့သို့ အပြောင်းအလဲ နေ့သစ်တစ်ရပ်သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြရသည့် ပြည်သူပြည်သားများ၊ စစ်ဘေးစစ်ဒဏ်၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝဘေးအန္တရာယ်ဒဏ်များဖြင့် ဒုက္ခရောက်နေကြရသည့် တိုင်းရင်းသားပြည်သူများအတွက် စိတ်ဓာတ်ခွန်အားများ ရှိနေကြမှာဖြစ်ပြီး ၎င်းတို့၏ အနာဂတ်သစ်အတွက် မျှော်လင့်ချက်များ ကိုယ်စီ ရှိနေကြမှာလည်း ဖြစ်ပါသည်။
လူတိုင်းအသစ်ကို မျှော်လင့်မြဲဖြစ်ပါသည်။ ယနေ့ခေတ်စနစ်အရ ပိုလို့ပင် အသစ် အသစ်များကို မျှော်လင့်နိုင်ပြီး နေ့စဉ်နှင့်အမျှ  နည်းပညာများ ပြောင်းလဲတိုးတက်နေသည့်အတွက် မော်ဒယ် အသစ်အဆန်းများလည်း နေ့စဉ် ထွက်ပေါ်နေခြင်း ဖြစ်သည်။
သို့သော် ထွက်ပေါ်လာသည့် မော်ဒယ် အသစ်အဆန်းများသည် အရည်အသွေးကောင်းမွန်ဖို့ လိုအပ်ပါသည်။ နေ့မြင်ညပျောက် အရည်အသွေးမမီသည့် ပစ္စည်းမျိုးများ မဖြစ်ဖို့ အရေးကြီးပါသည်။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးလာသည့် ခေတ်ထဲတွင် အရည်အသွေးကောင်းမွန် မှန်ကန်မှသာ စားသုံးသူများ၏ ယုံကြည်မှုရရှိကာ ရေရှည်တည်တံ့နိုင်မှာဖြစ်ပါသည်။
အရည်အသွေး ကောင်းမွန်ရေးထက် အရေအတွက် များပြားမှုကို ဦးစားပေးသည့် လုပ်ရပ်များသည် မည်သည့်နယ်ပယ်တွင်မှ ရေရှည်မတည်တံ့နိုင်ကြောင်း စားသုံးသူ၊ သုံးစွဲသူများက အဆုံးအဖြတ် ပေးသွားမှာပင်ဖြစ်သည်။ ထို့အတူ တိုင်းရင်းသားပြည်သူများ၏ အနာဂတ်နေ့သစ်များအတွက် အခြေခံလိုအပ်ချက်များကို အစိုးရသစ်အနေဖြင့် မည်၍မည်မျှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မလဲဆိုသည့် အချက်သည် အစိုးရသစ်အတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။
အစိုးရသစ်အတွက် သောင်မတင် ရေမကျ ဖြစ်နေသည့် ငြိမ်းချမ်းရေးကိစ္စများမှသည် နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေးကအစ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် ရင်ဆိုင်ရမည့် အခက်အခဲများအနက် အဓိက စိန်ခေါ်လာမည့် အကြောင်းခြင်းရာများသည် ပညာတတ်ဘွဲ့ရ လူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာများ၊ လူငယ်များနှင့် မူးယစ် ဆေးဝါး ပြဿနာများအပြင် ပွင့်လင်းမြင်သာမှု မရှိခဲ့သည့် စီမံကိန်းကြီးများနှင့် အဂတိလိုက် စားမှုများပင် ဖြစ်ပါသည်။
ထို့အတူ ပြည်သူအများစုအတွက် အဓိက ဦးစားပေးအဖြစ် ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ဆောင်ရွက်သွားရန်လည်း လိုပါသည်။ ယခင်အစိုးရဟောင်းလက် ထက်တွင်လည်း ဆင်းရဲမွဲတေမှုပပျောက်ရေးကို အကောင်အထည် ဖော်ရင်းဖြင့်ပင် ပြည်သူအများစု ပို၍ပင် ဆင်းရဲကျပ်တည်း သွားကြရသည်မှာ အရှိတရားများက သက်သေပြဆဲဖြစ်သည်။
" ကြီးကျယ်တဲ့ လုပ်ဆောင်ချက်တွေဟာ သေးငယ်တာက အစပြုခဲ့ကြတာ ဖြစ်တယ်" ဆိုသည့် စကားပုံကဲ့သို့ ပြည်သူအများစု ဆင်းရဲမွဲတေမှု၏ အဓိက အကြောင်းခြင်းရာတစ်ရပ်ကို အဖြေရှာ ဆောင်ရွက်ပေးသွားဖို့ လိုမည်ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှု၏ အဓိကကျသည့် အခြေခံ အချက်တစ်ချက်သည် ကုန်ဈေးနှုန်းမြင့်မားမှု လျော့ချနိုင်ရေးပင် ဖြစ်ပါသည်။ ပြည်သူအများစု နေ့စဉ်ကြုံတွေ့နေရသည့် ဒုက္ခများထဲတွင် ကုန်ဈေးနှုန်း မြင့်မားမှုသည် အဓိက အခန်းမှ ပါဝင်လျက်ရှိသည်။
အဓိက အခြေခံအချက်ဖြစ်သည့် ကုန်ဈေးနှုန်း မြင့်မားမှုအား မလျှော့ချနိုင်သေးသမျှ ကုန်ဈေးနှုန်း မြင့်မားနေခြင်း၏ အဓိက အကြောင်းခြင်းရာများကို လက်တွေ့ကျကျ မဖြေရှင်းနိုင်သေးသမျှ ပြည်သူအများစု နေ့စဉ် တစ်ဝမ်း တစ်ခါးအတွက်နှင့်ပင် ဆင်းရဲမွဲတေမှု သံသရာလည်နေဦးမှာ ဖြစ်ပါသည်။
အဟောင်းတို့၏နေရာတွင် အစားထိုး နေရာဝင်ယူလာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရသစ်၏ တာဝန်ရှိသူများအနေဖြင့် ပထမဦးဆုံး ပြည်သူအများစု၏ နိမ့်ကျနေသော လူမှုဘဝများ မြင့်မားလာအောင် ဆောင်ကြဉ်းပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးကာ ပြည်သူတိုင်း စီးပွားရေး ချောင်လည်အောင် ကြိုးပမ်းပေးသွားကြရမှာ ဖြစ်ပါသည်။
နိုင်ငံအနှံ့က တိုင်းရင်းသားပြည်သူများ၏ နေ့စဉ်စားမှု၊ သောက်မှု၊ နေမှုဘဝများကို ပြည်သူကြားက ထွက်ပေါ်လာသည့် ပြည်သူ့ကိုယ်စားလှယ်များက အသိဆုံးပင် ဖြစ်မည်ထင်ပါသည်။ "ကိုယ့်လုပ်ဖော်ကိုင်ဖက် လူသားတွေရဲ့ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်နိုင်စွမ်း ရှိသလောက် လူဟာကြီးကြယ်မြင့်မြတ်မှာပဲ"ဆိုသည့် ဂန္ဒီကြီး၏ အဆိုအမိန့်ကို နှလုံးမူပြီး ပြည်သူအများစု၏ ဘဝငြိမ်းချမ်း သာယာလှပရေးအတွက် အနာဂတ်မျှော်လင့်ချက်အသစ်များကို ဖန်တီးပေးပြီး တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကို တစ်ဆင့်ချင်း ဖြည့်ဆည်းပေးသွားနိုင်မှသာ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်ဖြစ်ကြောင်း သက်သေ ပြနိုင်ကြမှာ ဖြစ်ပါသည်။
အစိုးရသစ်အနေဖြင့် နှစ်ပေါင်းများစွာ နိမ့်ကျခဲ့သည့် ပညာရေး၊ ကျန်းမာရေးမှအစပြုကာ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ အဂတိတရားနှင့်မကင်းသည့် စီမံကိန်းများ၊ နိုင်ငံရေးနှင့် ရောထွေးယှက်တင်နေသည့် မြစ်ဆုံစီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များအပါအဝင် ဖြေရှင်းရန် ခက်ခဲလှသည့် လယ်ယာမြေ ပြဿနာများ၊ ပညာရေးအတွက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား အရေးယူထားမှု၊ ယာဉ်ကြောကြပ်တည်းမှု၊ ကုန်ဈေးနှုန်း မြင့်မားနေမှုနှင့် လျှပ်စစ်မီးပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းပေးကြရတော့မည်ဖြစ်ပါသည်။