အနာဂတ်ရဲ့ ရင်သွေးငယ်တွေ

အနာဂတ်ရဲ့ ရင်သွေးငယ်တွေ
Published 28 April 2016
မောင်မင်းစိုး

အခုတလော ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီးတော့ အတော်လေး စဉ်းစားမိသလို ပြည်ပရောက်နေတဲ့ သူငယ်ချင်းဖြစ်သူနဲ့လည်း အတော်လေးကို ပြောဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကလေးသူငယ် အခွင့်အရေးတွေ အကြောင်းထက် အနောက်နိုင်ငံက ကလေးငယ်တွေရဲ့ ဖြစ်တည်မှု အကြောင်းလေးတွေကို ပြောဖြစ်ခဲ့ခြင်းပါပဲ။ မြန်မာနိုင်ငံမှာတော့ မကြာခင် အချိန်အထိပါပဲ (အခုလည်း ရှိတော့ ရှိနေဆဲပါပဲ) ကလေးစစ်သား စုဆောင်းခြင်း ကိစ္စတွေ၊ ဖမ်းဆီးပြန်ပေးဆွဲခြင်းတွေ၊ သက်ငယ်မုဒိမ်းကျင့်ခံရမှုတွေ၊ အဓမ္မစေခိုင်းခံရတာတွေ၊ လူကုန်ကူးခံရမှုတွေ စသဖြင့် များပြားစွာ ရှိနေဆဲပါပဲ။
ဒါတွေကို ပျောက်ကင်းသွားဖို့ အတွက်တော့ တစ်ဦးတစ်ယောက်၊ အစိုးရချည်းတော့ လုပ်ကိုင်ဆောင်ရွက်လို့ မရပါဘူး။ အားလုံးဝိုင်းဝန်းပြီး ကူညီဖြေရှင်းကြမှသာ လုံးဝကင်းစင် ပပျောက်သွားမှုမျိုး မဟုတ်တောင် အတော်လေးတော့ အသက်ရှူ ချောင်သွားနိုင်ပါတယ်။ အထူးသဖြင့်တော့ ဆင်းရဲမွဲတေမှု ဒဏ်ရာ ဒဏ်ချက်တွေ၊ ကျောင်းစာသင်ခန်းနဲ့ ဝေးကွာမှုတွေဟာ ဒီကိစ္စတွေကို ဖြစ်မြောက်စေဖို့အတွက် အဓိက တရားခံပါပဲ။
အတင်းအဓမ္မ စေခိုင်းခံရတယ်ဆိုတာ ကျန်းမာရေး၊ ပညာရေးတွေကို ထိခိုက်မယ့် အရာတွေကို စေခိုင်းခြင်းပါပဲ။ လုံးဝမခိုင်းရဘူးလားဆိုတော့ ကျောင်းစာသင်ခန်းစာတွေ နားချိန်၊ ကျောင်းပိတ်ချိန်တွေမှာတော့ အန္တရာယ် မဖြစ်စေတဲ့ အလုပ်တွေ ဆိုရင်တော့ ခိုင်းစေသင့်ပါတယ်။ ထိခိုက်မှုမရှိတဲ့ အလုပ်စေခိုင်းခြင်း မျိုးတွေပေါ့။ ကလေးတွေရဲ့ ကလေးဘဝမရှိတော့တာ မျိုးတွေကိုလည်း သတိထားသင့်ပါတယ်။ တစ်ချိန်လုံး အလုပ်ပဲ ခိုင်းတာတွေ၊ နောက်ဆုံး စာ စာ စာဆိုပြီး နားချိန်မရှိဘဲ အတင်းအဓမ္မ ကျောင်းစာတွေချည်း ကျက်ခိုင်းတာ၊ တက်ခိုင်းတာ၊ ကျူရှင်တွေမှာချည်း ဆိုရင်လည်း အဆင်မပြေလှပါဘူး။
ကလေးတွေကို နားချိန်ပေးရပါမယ်။ ဆော့ချိန်ပေးရပါမယ်။ ကစားချိန်ပေးရပါမယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ နေရာမျိုးတွေဆီကို သွားရောက်ပြီးတော့ လေ့ကျင့်ခန်း စတာတွေကိုလည်း လုပ်စေဖို့ လိုအပ်ပါတယ်။ ကိုယ်ကာယ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမယ့် ဟာမျိုးတွေကို ဆိုလိုပါတယ်။ ဒီလိုမဟုတ်ဘဲ မလုပ်ချင်တာကို အတင်းအဓမ္မ ကျွန်အဖြစ်စေခိုင်းတာ မျိုးတွေကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ တချို့ကျတော့ မိဘတွေကိုယ်တိုင်က ဆင်းရဲတော့ ကလေးအတွက်တာဝန် မယူနိုင်တော့ဘဲ အခြားလက်ဖက်ရည်ဆိုင်လို နေရာမျိုးတွေမှာ ငွေရခြင်း မရခြင်းထက် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့အတွက် အတင်းအဓမ္မ ပို့စေတာ မျိုးတွေကိုလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အရမ်းဆင်းရဲတဲ့ မိဘတွေကျပြန်တော့လည်း ရောင်းစားပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကတော့ ဆင်းရဲမှုရဲ့ ဆိုးမွေပါပဲ။ ဒီကနေတစ်ဆင့် လူကုန်ကူးခံရမှုတွေ ဖြစ်သွားရတော့တာပါပဲ။
ILO ရဲ့ စစ်တမ်းတစ်ခု အရဆိုရင် ကမ္ဘာပေါ်မှာ မတရားအခိုင်းခံရတဲ့ ကလေးပေါင်း ၂၄၆ သန်း အထိတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အာရှတိုက်က ရာခိုင်နှုန်း ၆၀၊ တောင်အမေရိကတိုက်က ရှစ်ရာခိုင်နှုန်း၊ အာဖရိကတိုက်က ၂၃ ရာခိုင်နှုန်း ရှိတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ကလေးအရွယ်နဲ့ ပတ်သက်ပြီးတော့ အချို့နိုင်ငံတွေမှာတော့ သက်တမ်း သတ်မှတ်ချက် ကွဲလွဲတာမျိုးလေးတွေ ရှိပါတယ်။ အဓိကကတော့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ သက်တမ်းအရ ဆိုရင်တော့ ၁၈ နှစ်ဖြစ်ပါတယ်။ ဆိုတော့ အသက်အရွယ်  ငယ်သေးတော့ အန္တရာယ်ရှိတယ် မရှိဘူး ဆိုတာတွေကို သိပ်ပြီးစဉ်းစားမှု မရှိသေးတော့ စက်ရုံတွေ၊ ပင်လယ်ထဲ ငါးဖမ်းစေတာမျိုးစတဲ့ အလုပ်မျိုးစုံတွေ ရှိနေတတ်ကြပါတယ်။ ဆိုတော့ အန္တရာယ်ရှိမယ့် အလုပ်မျိုးတွေမှာ ကလေးက မလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ လုပ်ချင်ရင်ပဲဖြစ်ဖြစ် စေခိုင်းတာမျိုးဟာ Child Labor မြောက်ပါတယ်။ ဒါကို သိထားဖို့၊ သတိထားဖို့ အလုပ်ရှင်တွေဘက်က အရေးတကြီး လိုအပ်ပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကလေးတွေဆိုရင် ဒီလိုဆင်းရဲတောထဲက မရုန်းထွက်နိုင်သေးတဲ့ နိုင်ငံတစ်ငံရဲ့ အနာဂတ်ဟာလည်း မတွေးဝံ့စရာပါပဲ။ ဒါကြောင့် ကျောင်းသင်ခန်းစာတွေထဲမှာ ကလေးတွေရှိနေဖို့ အရေးကြီးပါတယ်။ နောက် ပညာသင်တဲ့အခါမှာ အခြေခံမူလတန်းမှ အလယ်တန်း အဆင့်လောက်ထိ အခမဲ့ပညာရေးဖြစ်ဖို့ အတွက်လည်း လိုအပ်မှာပါ။ ဒါဟာလည်း အရေးကြီးပါတယ်။ ဒါတွေကိုလည်း ပြည်သူထူထုရဲ့ အသိဉာဏ်ထဲရောက်အောင် စည်းရုံးလှုံ့ဆော်နိုင်ဖို့လည်း လိုအပ်နေမှာ ဖြစ်ပါတယ်။
နောက် အထက်ကပြောခဲ့သလို အနောက်နိုင်ငံတွေက ကလေးငယ်တွေရဲ့ အခြေအနေ၊ ပုံသဏ္ဌာန် အနေအထား၊ ဖြစ်တည်ပုံတွေကိုလည်း သူငယ်ချင်းတစ်ယောက် ပြောတာလေးတွေကို ပြန်လည်ပြီးတော့ ပြောချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကလေးတွေကို ပဓာနထားပါတယ်။ အလေးထားပါတယ်။ လျစ်လျူရှု မထားကြပါဘူး။ ကလေးငယ်တွေဟာ အနာဂတ်ရဲ့ နိုင်ငံသားကောင်း ရတနာတွေဆိုတာ သိထားတော့ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို အလေးတမူ ရှိကြပါတယ်။
အနောက်နိုင်ငံ ပေတံနဲ့တိုင်းတယ် ဆိုပေမယ့် ဒါဟာနိုင်ငံတိုင်းမှာရှိတဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေတွေ ဖြစ်နေတာမို့ ပြောပြလိုရင်းပါ။ သူတို့ဆီမှာကတော့ ကလေးငယ် တစ်ယောက်က ရဲကိုတစ်ခုခု တိုင်ရင်တော့ အဲဒီအမှုဟာ တော်တော်နဲ့ ပြီးပြတ်တဲ့အမှု မဟုတ်ပါဘူး။ ကလေးသူငယ်ကို ခြောက်လှန့်ပြီး ခိုင်းစေတာမျိုးတွေ လုပ်လို့မရပါဘူး။ 
တကယ်လို့ တရားရုံးတွေမှာ တရားရင် ဆိုင်ရလို့ မိဘဖြစ်သူကရှုံးရင်တော့ ကလေးကို အစိုးရကဖြစ်ဖြစ်၊ အခြားမွေးစားလိုသူကဖြစ်ဖြစ် ပေးလိုက်ရရင်တော့ ကိုယ့်သားသမီး စစ်စစ်ကို တစ်ပတ်၊ တစ်လစတာတွေမှာ အချိန်ပိုင်းလေးပဲ တွေ့ခွင့်ရတော့တဲ့ အနေအထားတွေအထိ ဖြစ်သွားတတ်ပါတယ်။ နောက် ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကျောင်းစာတွေမှာလည်း ပြဋ္ဌာန်းပြီးတော့ သင်ကြားထားတဲ့အတွက် သူတို့ဟာ အားလုံးကို သိနေခဲ့ကြတယ်။ ဆိုပါတော့ အိမ်မှာ မီးလောင်လို့ဖြစ်ဖြစ်၊ မိဘဖြစ်သူက ရိုက်လို့ဖြစ်ဖြစ် ၉၁၁ ကို ခေါ်ရမယ်ဆိုတာ ကလေးငယ်တိုင်းမှာ သိကြတယ်။ အဲဒီ အရေးကြီးနံပါတ်ကိုများ ခေါ်ပြီဆိုရင်တော့ ရဲတွေကလည်း ခဏချင်းမှာ ရောက်လာတတ်တယ်။
နောက်တစ်ခုက ကလေးအချင်းချင်း ချစ်ကြိုက်လို့ ကလေးရသွားရင် ပြဿနာ မဟုတ်ပေမယ့်၊ တကယ်လို့များ ယောက်ျား လေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် တစ်ယောက် ယောက်ကများ ၁၈နှစ်မပြည့်သေးရင်တော့ သွေးဆောင်ဖြားယောင်းမှုနဲ့ ထောင်ချခံရတတ် ပါတယ်။ အဓိကကတော့ မိဘရဲ့အုပ်ထိန်းမှု အောက်မှာ ရှိနေရမယ့် အသက်အရွယ်ဆိုရင် တော့ နှစ်ဦးသဘောတူလည်း မိဘကတိုင်ရင်တော့ မရဘူး။ တကယ်လို့ ၁၈ နှစ်ကျော်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်မိရင်တော့ မိဘနဲ့မဆိုင်ဘူး။ ကျူးလွန်တဲ့သူပဲ ခံရမှာပဲ။ ဒီမှာ တော့အတိုင်းအတာ တစ်ခုအထိ မဆိုင်သူတွေပါ အရေးယူခံရတာတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတို့ ရှိခဲ့ပါတယ်။ ဒါဟာလည်း သတိထားရတော့မယ့် အချက်ပါပဲ။
နောက်တစ်ခုက ကလေးငယ်အတွက် ထောက်ပံ့မှုလို့ ပြောရမယ်ထင်ပါတယ်။ တကယ်လို့များ မိဘနှစ်ဦးက သဘောထား မတိုက်ဆိုင်လို့ ကွဲသွားကြတယ်ဆိုရင် ကလေးငယ် ရှိနေမယ်ဆိုရင် ကလေးကို စွန့်သွားသူက မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ထောက်ပံ့ကြေးတွေ ပေးရပါတယ်။ ဒီမှာကတော့ လျစ်လျူရှုထားလိုက်တာ များပါတယ်။ ဒါပေမဲ့ တကယ်လို့ မထောက်ပံ့နိုင်ဘူးဆိုရင် နေရတယ်။ အစိုးရ ထောက်ပံ့ပေးတယ်။ သို့သော်လည်း အလကားတော့ မရဘူးပ။  အချိန်တန်ရင်တော့ အစိုးရကို အတိုးနဲ့ ဆပ်ဖို့ပါ။ လူတိုင်းအတွက် Social Security ဆိုတာ အစိုးရဆီမှာ ဒေတာအပြည့်အစုံရှိတယ်။
အဲဒီနံပတ်ကို နှိပ်ကြည့်လိုက်ရင် ဘယ်မှာနေတယ်။ ဘာအလုပ်လုပ်တယ်။ ဘယ်လောက်ဝင်ငွေရှိတယ်။ သွားပြီးစစ်ဆေးစရာတောင် မလိုဘူး။ အစိုးရက သိပြီးဖြစ်တယ်။ လိမ်လို့မရဘူးပေါ့။ ဒီလိုဆိုရင် အလုပ်ရှင်နဲ့ ဆက်သွယ်ပြီးတော့ ကလေးနဲ့အတူ ရှိနေတဲ့ မိဘဆီကို Direct Deposit အနေနဲ့ ဘဏ်ထဲကို လှမ်းထည့်ပေးလိုက်ရတယ်။ အဲဒီငွေကလည်း အဓိကကတော့ ကျန်နေရစ်တဲ့ ကလေးအတွက် ပစ်ထားခဲ့တဲ့ မိဘက လျစ်လျူရှုပြီးတော့ မထောက်ပံ့လို့ မရဘူးဆိုတာပါပဲ။ ဆိုတော့ ကလေးတစ်ယောက် အတွက်ကတော့ တကယ့်ကိုပဲ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေကို အပြည့်အ၀ ပေးထားခဲ့ကြပါတယ်။
ဆိုတော့ ခေတ်ကာလ ယန္တရားလို့ခေါ်တဲ့ ဒီမိုကရေစီစနစ်နဲ့ ချီတက်တော့မယ့် တိုင်းပြည်မှာတော့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို သိအောင်လုပ်ထားဖို့တော့ လိုအပ်လာပါပြီ။ နောက်ပြီးတော့ အလုပ်ရှင်တွေ အနေနဲ့လည်း ကလေးသူငယ်တွေကို အန္တရာယ်ဖြစ်စေမယ့် အလုပ်မျိုးတွေကို စေခိုင်းလို့မရဘူးဆိုတာ သိဖို့ရယ်၊ နောက်တစ်ခု ကလေးသူငယ်များကိုလည်း ကျောင်းသင်ခန်းတွေမှာ ရှိရမယ့်အရွယ်ဆိုရင် ကျောင်းထဲမှာ ပညာသင်ကြားနိုင်ဖို့ အတွက်ကိုလည်း ကူညီကြဖို့ လိုအပ်ပါတယ်။
အနာဂတ်ရဲ့ ရင်သွေးရတနာတွေရဲ့ လက်ထဲကို တဖြည်းဖြည်း အလှည့်ကျ တာဝန်တွေ လွဲှပြောင်းပေးရမှာပါ။ မလွဲှဲပြောင်းလို့ မရပါဘူး။ ဒီလိုလွဲှပြောင်းတဲ့ အခါမှာ တာဝန်ကို ဆက်လက် ထမ်းဆောင်ကြမယ့် လူငယ်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရော အသိဉာဏ်ပိုင်းဆိုင်ရာဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပါ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။