အိုဘယ့် မြစ်ဆုံ

အိုဘယ့် မြစ်ဆုံ
Published 27 April 2016
ရွှေဒါးမောင်လေးရည်

မေခ မလိခ မြစ်နှစ်လီ အကြောင်းဆက် ပေါင်းဖက်လာသည်...ချစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ် သမိုင်းဝင် မော်ကွန်း ကမ္ပည်းတင်မည် (ချစ်သော ဧရာဝတီ)..အမိသည် မြေလွှာ သာယာ စိမ်းလန်း..မခန်းခြောက်စေလိုသည်...ယာမြေရနံ့သင်း...ပန်းရနံ့တွေသင်း...အခြေခင်းဖွဲ့လှယ်မည်...ထို့ကြောင့် ဧရာဝတီ...မညစ်နွမ်းစေလိုသည်...ဧရာဝတီဖွဲ့ တေးချင်းတစ်စက နားစည်ထဲ ရိုက်ခတ်ပျံ့လွင့်လာသည့်အခိုက် ဧရာဝတီ၏ ယနေ့ အနေအထားများဆီသို့ အာရုံရွေ့လျား ခဲ့ရပြန်လေသည်။ မြစ်မင်းဧရာမှာ ကျွန်တော်တို့ နိုင်ငံ၌ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၈ သန်းခန့် ကာလကပင် စီးသွယ်ခဲ့ကြောင်း မှတ်တမ်းများက ဆိုခဲ့ပေသည်။ မေခနှင့် မလိခ မြစ်နှစ်သွယ်တို့ ပေါင်းစည်းရာမှ အစပြုကာ ဧရာဝတီ အမည်နာမဖြင့် မြန်မာနိုင်ငံ မြောက်ဖျားမှသည် တောင်ဘက်မြစ်ဝကျွန်းပေါ် ဒေသများသို့ ဖြတ်သန်းကာ ပင်လယ် အတွင်းသို့ စီးဝင်ခဲ့ခြင်း ဖြစ်ပေသည်။ မြစ်ဝှမ်းတစ်လျှောက် မြို့ပြ ပြည်ရွာတို့ အများအပြားပင် စည်ပင် ဖွံ့ထွားခဲ့သည်။ သမိုင်းဝင် မော်ကွန်းများဖြင့် ကမ္ပည်းမှတ်တမ်း တင်ခဲ့သည်။ ဧရာဝတီပြောသော ပုံပြင်များ၌ ယဉ်ကျေးမှုတို့ ဝေစည် ပွင့်လန်းခဲ့ကြသည်။ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ရတနာပုံမှသည် လူမှုရေး စီးပွားရေးတို့ ထွန်းကား ပျံ့မွှေးခဲ့ကြသည်။ ဖြတ်သန်းရာ မြစ်ဝှမ်းတစ်လျှောက် သူ့စေတနာတွေ ကမ်းလုံးညွတ်ခဲ့မှုများကြောင့် ပြည်သူတို့ ရိက္ခာတွေ ဝလင်ပေါင်းလျှံ ခဲ့ရသလိုပင် ဘဏ္ဍာငွေကြေးတို့ဖြင့်လည်း တောင့်တင်းခဲ့ရသည်။ပစ္စက္ခ ကာလမှာတော့ ထိုဧရာဝတီ၏ နိမိတ် ပုံများမှာ အလှပျက်စေမည့် အမှောင့်ပယောဂများနှင့် ထိပ်တိုက် တိုးခဲ့ရပေပြီ။ ‘မြစ်ဆုံ ရေကာတာ စီမံကိန်း’ မြစ်ဆုံဒေသ၌ ရေကာတာများ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် စီမံကိန်းပင်။ ထိုစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်များအပေါ် အကျိုးအမြတ် ခံစားခွင့်မှာတော့ ထွက်ရှိလာမည့် ဓာတ်အား၏ ရာခိုင်နှုန်း ၉၀ ကို ထုတ်လုပ်သူ CPI ကုမ္ပဏီမှ ခံစားပြီး မြန်မာနိုင်ငံမှ ၁၀ ရာခိုင်နှုန်းမျှသော အကျိုးခံစားခွင့်ကိုသာ ရရှိမည့် စီမံကိန်း ဖြစ်ပါသည်။မြစ်ဆုံ စီမံကိန်း ပြီးသွားခဲ့ရင် မြန်မာနိုင်ငံဟာ Industrialize နိုင်ငံ ဖြစ်သွားမယ်လို့ CPI ဥက္ကဋ္ဌ ဆိုသူက ပြောဖူးပါသည်။ မြန်မာ နိုင်ငံနှင့် နိုင်ငံသား အများစုတို့ ဆင်းရဲဒုက္ခ အပေါင်းနှင့် ရင်ဆိုင် တိုးတိုက်ပြီးမှ အရိုးအရင်းမျှသာ အကျိုးခံစားရမည့် ဒီစီမံကိန်းကို နိုင်ငံသား အပေါင်းတို့က လက်မခံနိုင်ကြသည်မှာ သဘာဝကျပါသည်။တရုတ်နိုင်ငံဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင် ပညာရှင်၊ တရုတ် ပညာရှင်များက ဒီမြစ်ဆုံ စီမံကိန်းကို မလုပ်ဆောင်ကြဖို့ တားမြစ်ခဲ့ကြတယ်လို့ သိရပါသည်။ ဒါပေမဲ့ CPI ကုမ္ပဏီဘက်က ဒီတားမြစ်ချက်တွေကို လျစ်လျူရှုပြီး စီမံကိန်းကို ဆက်လုပ်ဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်ပါသည်။ ဒါလည်း ၂၁ ရာစု စီးပွားရေး ကျင့်ဝတ်မှာ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး မိမိအတွက် အမြတ်ယူခြင်းဟာ စီးပွားရေး ကျင့်ဝတ် ဖောက်ဖျက်ခြင်းလို့ အတိအလင်း ဆိုထားချက် ရှိခဲ့ပါသည်။ ဒီမြစ်ဆုံကိစ္စ ဆက်လက်အကောင်အထည် မဖော်ရေးကိုလည်း တရုတ် ပညာရှင်များက တရုတ် အစိုးရကို တင်ပြသွားမယ်လို့ ခပ်စောစောပိုင်း ကတည်းက ပြောကြားခဲ့ပြီးလည်း ဖြစ်ပေသည်။မြစ်ဆုံ ကိစ္စနှင့် ပတ်သက်ပြီး ‘သဘာ၀ ပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ’ ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ပညာရှင် အပေါင်းတို့က စီမံကိန်း၏ အားနည်းချက်များကို ထောက်ပြခဲ့ကြပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ဟောပြောပွဲ၏ ရလဒ်ကောင်းအဖြစ် မြစ်ဆုံ စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတ သက်တမ်းကာလအတွင်း ရပ်ဆိုင်းပေးခဲ့သည်။ဒီကိစ္စနှင့် ပတ်သက်ပြီး တရုတ်တို့ အရှိုက်ကို ပင့်ထောက် လက်သီးတစ်လုံးနှင့် အထိုးခံလိုက်ရသည့်နှယ် မမျှော်မလင့် ကြုံလိုက်ရခြင်းပါပေ။ အကြောင်းကတော့ စစ်အာဏာရှင် အုပ်ချုပ်သူတို့အပေါ် အစဉ်တစိုက် အားပေးအားမြှောက်ပြုကာ ၎င်းတို့ရှေ့မှ ကာကွယ် ရပ်တည်ပေးထားခဲ့မှုကြောင့် ယခုကဲ့သို့သော အကြောင်းခြင်းရာမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့ကြပေ။ စစ်အစိုးရအား အကာအကွယ်များ ပေးခဲ့ကြပြီး နိုင်ငံ၏ သယံဇာတ အမျိုးမျိုးတို့ကိုလည်း အလကားနီးပါး ဈေးနှုန်းများဖြင့် အချောင် နှိုက်ယူခဲ့ကြသည်။ မြစ်ဆုံ ကိစ္စကျမှ ယခုကဲ့သို့ ဖြစ်ရသည်ကို တရုတ်တို့ အခံရခက်သွားခဲ့ကြပေသည်။မြစ်ဆုံကိစ္စ ရပ်ဆိုင်းသွားခဲ့ရပြီး ပြန်လည် အသက်သွင်းနိုင်ရေးအတွက် ၎င်းတို့ဘက်မှ ချဉ်းကပ်မှု မျိုးစုံဖြင့် ကြိုးပမ်းနေပုံများကိုလည်း အားလုံးသိခဲ့ကြပြီးဖြစ်သည်။ရေကာတာ ကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်ကာလများဆီက ကျင်းပခဲ့သည့် မဲခေါင်မြစ် ကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သော တရုတ်ကိုယ်စားလှယ်များ တရုတ်ပြည် မဲခေါင်မြစ်ရှိ ရေကာတာများ ရေလှောင်စဉ် ကာလ၌ မြစ်အောက်ဘက်နိုင်ငံများ၊ ခြောက်သွေ့မှု ဖြစ်ပေါ်ခြင်း၊ ရေကာတာမှ ရေလွှတ်စဉ် ရေလျှံမှု ဖြစ်ခြင်းအပေါ် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယား ဝန်ကြီးများ၏ ပြစ်တင်ရှုတ်ချမှု ခံခဲ့ရသည့် ဖြစ်စဉ်များ ပေါ်ခဲ့ဖူးပေသည်။ မဲခေါင်မြစ်ပေါ်ရှိ ‘ဇာရာဘူရီ’ ရေကာတာ တစ်ခုတည်းကြောင့်ပင် ငါးမျိုးစိတ်ပေါင်း ၁၀၀ ကျော်အား ပျောက်ကွယ်စေပြီး မြစ်အောက်ပိုင်းရှိ နုန်းပို့ချမှု လျော့နည်းလာခြင်းကြောင့်လည်း ဗီယက်နမ်နိုင်ငံ၏ ဆန်စပါး စိုက်ပျိုးရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်ဟု ဆိုပေသည်။၁၉၇၀ ခုနှစ်များဆီကပင် ဂျပန်နှင့် အမေရိကန် နိုင်ငံတို့၏ မဲခေါင်မြစ်ပေါ်၌ ဆည်တာတမံများ အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများအပေါ် ကမ္ဘာတစ်ဝန်းမှ ကန့်ကွက်မှုများဖြင့် ကြုံခဲ့ရပြီး စီမံကိန်းများ ရပ်နားခဲ့ရသည်လည်း ရှိဖူးပါသည်။ တရုတ်နိုင်ငံ အနေဖြင့် မဲခေါင်မြစ် အောက်ပိုင်း၏ ပထဝီ နိုင်ငံရေးကို လေ့လာနေသည်ဟု သိရသည်။ ၂၀၀၄ ခုနှစ်တွင် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ငလျင်ဒဏ်နှင့် ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုရေး ထိခိုက်မှု၊ ဂေဟစနစ် ပျက်ပြားမှုများအား ဆန်းစစ်ရန်အတွက် စီမံကိန်းများအား ရပ်ဆိုင်းခဲ့သည်မှာ ထောက်ပြစရာဖြစ်သည်။ တရုတ်တို့ အနေဖြင့် ထိုလုပ်ဆောင်ချက်ကို ထောက်ရှုပြီး အသည်းအသန် ပုံဖော်ဖို့ ကြိုးပမ်းလျက် ရှိသည်။ ဧရာဝတီမြစ်ဆုံ ရေကာတာ အကောင်အထည်ဖော်မှုကို ကိုယ်တိုင်ဝင်ရောက် ခံစားကြည့်ခြင်းဖြင့် စဉ်းစားစေလိုပေသည်။ ခေါင်းမာမာဖြင့် လုပ်ကို လုပ်ရမည် ဆိုသည့် တစ်ဖက်သတ် အတွေးဖြင့် လုပ်ကြမည် ဆိုလျှင်ဖြင့် “ဘယ်သို့သော လူတန်းစားများပါလဲ” ဟူ၍သာ မေးခွန်းထုတ်လိုပေသည်။ ကိုယ်ကတော့ သာစေ သူတော့ဖြင့် နာစေ ဆိုလျှင် တရားသော နည်းလမ်း ဖြစ်ပါ့မည်လား စဉ်းစားသင့်လှသည်။မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကြောင့် ပေါ်ပေါက်လာနိုင်သည့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ကြည့်ကြဖို့ သဘာ၀ ပတ်ဝန်းကျင် ပညာရှင် တစ်ဦးက ထောက်ပြထားရာမှာတော့ ငလျင်လှုပ်မှု များပြားလာခြင်း မိုးများခြင်း၊ ရေကြီးရေလျှံမှုများ တိုးပွားလာခြင်း၊ ပုံမှန်နှစ်များတွင် ရေစီးရေလာ နည်းပါးသွားသဖြင့် မြစ်အောက်ပိုင်း အင်းအိုင်မြစ်ချောင်းများ မြေအောက်ရေ ဆုံးရှုံးရှားပါးခြင်း၊ ရေလမ်းကြောင်းများ ပြောင်းလဲသဖြင့် ကမ်းပြိုခြင်း၊ ရေတိုက်စားခြင်း၊ ရေပြင်ညစ်ညမ်းခြင်း၊ ကူးစက်ရောဂါများ ပြန့်ပွားခြင်း၊ ကမ္ဘာကြီး ပိုမိုပူနွေးစေမည့် ဖန်လုံအိမ် အာနိသင်များ တိုးပွားစေခြင်း၊ မြစ်အောက်ပိုင်း၌ နုန်းပို့ချမှု နည်းပါးခြင်း၊ ပြောင်းလဲခြင်းကြောင့် စိုက်ပျိုးရေး ထိခိုက်ခြင်း၊ ပို့ဆောင်ရေးများ ထိခိုက်ခြင်း၊ ရေထုတ်လွှတ်မှု အပြောင်းအလဲများကြောင့် မြစ်ဝကျွန်းပေါ်ဒေသ ရေငံဝင်ရောက်မှု ဆိုးရွားခြင်း၊ မြန်မာပြည် အထက်ပိုင်း၌ ကျန်ရှိသည့် သစ်တောများ ဝန်းကျင် ဂေဟစနစ်များ ဇီဝအသိုက်အမြုံများ ပျက်စီးရခြင်း၊ မေခ မလိခ ရေပူရေအေး ဆုံတွေ့ရာမှ တစ်ဆင့် ဖြစ်ပေါ်လာသော ရေချိုနေ သဘာ၀ ပေါက်ပင်များနှင့် ရေနေ သတ္တဝါများ၏ ထူးခြားသော ဂေဟစနစ်များ ပျောက်ဆုံးသွားပြီး ရေချိုငါးလုပ်ငန်းများ ထိခိုက်၍ ကျေးလက်နှင့် မြို့ပြနေ ပြည်သူအားလုံး ထိခိုက်ကြရမည်ဟု ဆိုပေသည်။ မြစ်ဆုံကိစ္စအပေါ် ကျွန်တော်တို့ အားလုံးက လေးနက်ကြဖို့ လိုပေသည်။သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလိုပင် ကျွန်တော်တို့ ပြည်သူတွေရဲ့ ကျောကုန်းတွေပေါ်မှာ ဒဏ်ရာတွေက သွေးမတိတ်သေးပါဘူး။ မက်လုံးတွေ အမျိုးမျိုး ပေးခဲ့ပြီး အကောင်အထည် ဖော်ခဲ့ကြတဲ့ တရုတ် ကုမ္ပဏီများရဲ့ လုပ်ပေါက်များက သင်ခန်းစာတွေ အများကြီး ရခဲ့ပြီးပါပြီ။ လက်ပံတောင်းတောင်က ပေးခဲ့တဲ့ သင်ခန်းစာတွေ လောလောလတ်လတ် CNICO တရုတ်ကုမ္ပဏီ၊ တကောင်း ကြေးနီ စီမံကိန်းဆီမှ အသံဗလံများက တရုတ်တို့၏ မက်လုံးပေးမှုများအပေါ် နားမယောင်မိစေဖို့ သတိပေး ခေါင်းလောင်းသံများပင် ဖြစ်ပါသည်။“ဒီစီမံကိန်းမှာ ရာထူးတူ အနေအထားတူ မြန်မာလုပ်သားနဲ့ တရုတ်လုပ်သားရဲ့ ရပိုင်ခွင့်တွေကို အဆများစွာ ခွဲခြားထားတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရ နေရာပေးတာမျိုး မဟုတ်ဘဲ မြန်မာလူမျိုးဆိုရင် ဘာဘွဲ့ရရ၊ ဘယ်လောက်ပဲ လုပ်ငန်း ကျွမ်းကျင်နေနေ အောက်ခြေဝန်ထမ်း အဖြစ်ပဲ ထားတယ်။ အခြေခံခွင့်ကအစ လုပ်ခလစာအထိ အောက်ခြေ တရုတ်ဝန်ထမ်းက ကျွန်တော်တို့ထက် အစစအရာရာ ခံစားခွင့် ပိုရှိတယ်။ သက်ဆိုင်ရာ ဌာနတွေက လျစ်လျူရှုထားတဲ့အတွက် အစိုးရသစ်ကို တောင်းဆိုဖို့ လုပ်ရတာပါ” ဆိုသည့် လုပ်သားတစ်ဦး၏ ရင်ဖွင့် စကားသံများကို နားဆင်ကြည့်ရုံဖြင့် တရုတ်တို့၏ စိတ်ဓာတ် အရောင်အသွေးများကို ကောက်ချက်ဆွဲနိုင်လောက်ပေသည်။လက်ရှိ အနေအထားတွင် ပြည်သူတို့၏ ဆန္ဒအတိုင်းသာ အရာရာကို စဉ်းစား အကောင်အထည်ဖော်မည်ဟု ဆိုခဲ့သည့် အစိုးရသစ်၏ ပခုံးသားပေါ်သို့ မြစ်ဆုံစီမံကိန်း ကိစ္စက အလိုအလျောက် ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။ ပညာရှင် အသိုင်းအဝိုင်းတို့ကလည်း မြစ်ဆုံစီမံကိန်း ဆက်လက်အကောင်အထည် ဖော်ခြင်းဖြင့် ရင်ဆိုင်လာရဖွယ်ရှိသည့် ကောင်းကျိုးဆိုးပြစ်များကို ထုတ်ဖော်ခဲ့ကြပြီးလည်း ဖြစ်ပေရာ၊ ပြည်သူဗဟိုပြု ဒီမိုကရေစီ အစိုးရ တစ်ရပ်ကလည်း ပြည်သူအပေါင်း၏ ဆန္ဒ သဘောထားအပေါ် အလေးဂရုပြု၍ ဆင်ခြင်ဆုံးဖြတ် ပေလိမ့်မည်ဟု မျှော်လင့် ယုံကိုးလျက်...။

Most Read

Most Recent