ရှေးရိုးစွဲ လယ်ယာအမတော်ကြေး၊ လယ်ယာပေါ်လစီနှင့် အရင်းရှင် ခွက်ပျောက်မယ့်ကိန်း

ရှေးရိုးစွဲ လယ်ယာအမတော်ကြေး၊ လယ်ယာပေါ်လစီနှင့် အရင်းရှင် ခွက်ပျောက်မယ့်ကိန်း
Published 26 April 2016
သန်းစိုး (ဘောဂဗေဒ)

အစိုးရသစ်တက်စ ရက်ပိုင်းအတွင်းမှာ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနက မြန်မာ့ ဆန်စပါး အသင်းနဲ့ တွေဆုံပြီးနောက် တောင်သူလယ်သမားများအတွက် လယ်ယာချေးငွေ တစ်ဧကကို တစ်သိန်းခွဲ ချေးပေးမယ်ဆိုပြီး သတင်းထွက်လာပါတယ်။ မကြာမီကလည်း ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံး မိုးရေကြီးပြီး လယ်ယာဧက သန်းချီပျက်စီးသွားလို့ အစိုးရ အရန်ဝယ်ယူဖို့ အစီအစဉ် စတင်မယ်လို့ ကြားသိထားပါတယ်။ အခုလို အစိုးရ ထောက်ပံ့ပေးမှု အစီအစဉ်ကြောင့် စီးပွားရေး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ခြေရှိနိုင်တဲ့ အချက်ရယ်၊ စီးပွားရေးဆိုင်ရာ အခြားအချက်တွေကိုလည်း လေ့လာ သုံးသပ်ကြစေဖို့ ဘောဂဗေဒ ရှုထောင့်ကနေ ဆွေးနွေးလိုပါတယ်။၂၀၁၆ ခုနှစ် ဝန်ကြီးဌာနရဲ့ ရငွေ၊ သုံးငွေ၂၀၁၆ ခုနှစ် လယ်စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဘတ်ဂျက်မှာ ဖော်ပြထားတဲ့ တစ်နှစ်လုံး ဝင်ငွေဟာ ကျပ်သန်းပေါင်း ၂၂၂၀၂၁ ဒသမ ၇၂၉ (ကျပ် ၂၂၂ ဘီလျံကျော်) ဖြစ်ပါတယ်။ ရငွေတွေဟာ သာမန်ရငွေ ကျပ်သန်း ၃၆၄၁ ဒသမ ၃၈၁၊ ငွေလုံးငွေရင်း ရငွေ ကျပ်သန်း ၄၂၀ ဒသမ ၀၀၀၊ ပြည်ပအကူအညီ ကျပ်သန်း ၁၀၀၃၉ ဒသမ ၁၂၄၊ ချေးယူရငွေ ကျပ်သန်း ၁၇၅၁၄၁ ဒသမ ၁၉၇ ဖြစ်ပါတယ်။ ရငွေရှိသလို သုံးငွေလည်း ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ်အတွက် စုစုပေါင်း အသုံးစရိတ်ဟာ ကျပ်သန်း ၆၁၉၀၈၉ ဒသမ ၉၇၆ ဖြစ်ပါတယ်။ သာမန် အသုံးစရိတ် ကျပ်သန်း ၂၄၁၅၀၅ ဒသမ ၇၂၄၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်း ၃၆၇၇၅၆ ဒသမ ၂၇၃၊ အတိုးပေးငွေ ကျပ်သန်း ၃၂၈၀ ဒသမ ၈၅၀၊ ထောက်ပံ့ငွေ ကျပ်သန်း ၁၇၀ ဒသမ ၅၅၉၊ ပေးဆပ်ငွေ ကျပ်သန်း ၆၃၇၃ ဒသမ ၅၇၁ ဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၆ ခုနှစ်တစ်နှစ်လုံးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့ အသုံးစရိတ်နဲ့ ရငွေကို ညီမျှခြင်း ချလိုက်ရင် ကျပ်သန်း ၃၉၇၀၆၈ ဒသမ ၂၇ (ကျပ် ၃၉၇ ဘီလျံ) လိုငွေ ပြနေပါတယ်။လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများရဲ့ ရငွေဟာ ကျပ်သန်းပေါင်း ၄၈၉၁၀ ဒသမ ၀၀၀ (ကျပ် ၄၈ ဘီလျံ) ဖြစ်ပါတယ်။ ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် သုံးငွေကတော့ ကျပ်သန်း ၄၀၈၈၅ ဒသမ ၇၄၅ (ကျပ် ဘီလျံ ၄၀) ဖြစ်ပါတယ်။ ကိုယ်ပိုင်ဘဏ္ဍာငွေနဲ့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့် ဝန်ကြီးဌာန အောက်မှာရှိတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းမှာတော့ ကျပ် ၈ ဘီလျံလောက် အမြတ်ရှိတယ်လို့ ဆိုပေမယ့် ဝန်ကြီးဌာန အသုံးစရိတ် လိုငွေပြနေတဲ့အတွက် နောက်ထပ်လိုငွေ ထပ်ပြနေဦးမှာပါ။ လိုငွေပြနေတဲ့ ဝန်ကြီးဌာနကို ကျားကန်ပေးဖု့ိ အစိုးရ ဘတ်ဂျက်ကနေ ကျခံပေးရမလား ဆိုတာရယ်၊ မြန်မာ့ဆန်စပါးဟာ နိုင်ငံတကာ ဈေးနှုန်း သတ်မှတ်သူ အဆင့်မှာ ရှိသလားဆိုတာရယ်၊ ဆန်စပါးနဲ့ ပတ်သက်ပြီး externality များလာတဲ့ အချက်တွေရယ်ကြောင့် မဟာဗျူဟာ ချမှတ်ဆောင်ရွက်ရမယ့် စီးပွားရေးကဏ္ဍ ဖြစ်တယ်ဆိုတာကို သိမြင်ပါလိမ့်မယ်။၂၀၁၁ ခုနှစ် မြန်မာလယ်ယာကဏ္ဍ အကျဉ်းချုပ် စာအုပ်မှာ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ တစ်နိုင်ငံလုံး ဆန်စပါး စိုက်ဧက အရေအတွက်ဟာ မိုးစပါးစိုက်ဧက ၁၇ ဒသမ ၂ သန်းရှိပြီး နွေစပါး စိုက်ဧကဟာ ၃ ဒသမ ၂ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဆန်စပါးစိုက်ဧက ၂၀ ဒသမ ၄ သန်းနီးပါးရှိပြီး အပြည့်အ၀ စိုက်ပျိုးခဲ့လို့ တစ်ဧက တင်း ၇၀ ကျော် ထွက်ရှိပြီး စပါးတင်းပေါင်း ၁၅၆၆ သန်း ထွက်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ပဲမျိုးစုံ စိုက်ပျိုးဧက ၁၀ ဒသမ ၈၃ သန်းမှာရှိနေပြီး ပြည်ပကို မက်ထရစ် တန်ချိန် ၁၂၃၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မိုးရာသီအတွင်း တစ်နိုင်ငံလုံး ရေကြီးခဲ့လို့ ဆန်စပါးနဲ့ အခြားစိုက်ဧက ၃ သန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့လို့ အဲဒီအတွက် နုတ်လိုက်ရင်တောင် ပြည်တွင်းဖူလုံတဲ့ အဆင့်မှာတော့ ရှိနေမယ်လို့ တွက်ချက်နိုင်ပါတယ်။ကျပ်ဘီလျံ ၂၄၀၀အခုအစိုးရသစ် လက်ထက်မှာ တောင်သူလယ်သမားတွေကို ထုတ်ချေးပေးမယ့် ငွေဟာ တစ်ဧကကို တစ်သိန်းခွဲနှင့် ဧကပေါင်း ၁၆ သန်း (အကြမ်း) အတွက် ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ ဖြစ်ပါတယ်။ ဘီလျံနဲ့ဆိုရင် ၂၄၀၀ ဘီလျံ ဖြစ်ပါတယ်။ သင်္ချာနည်းနဲ့ တွက်ကြည့်ရအောင်ပါ။ စုစုပေါင်း စိုက်ဧက ၁၆ သန်း × တစ်ဧက တစ်သိန်းခွဲ = ၂၄၀၀၀၀၀၀၀၀၀၀၀ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် အရှုံးပေါ်နေတဲ့ ဝန်ကြီးဌာနအတွက် အစိုးရ ထောက်ပံ့မှု အစီအစဉ်ကြောင့် ဘတ်ဂျက်လိုငွေ ထပ်မံတိုးလာဦး မလားဆိုတဲ့ မေးခွန်းပေါ်လာပါပြီ။ အစိုးရ စိုက်ထုတ်ကျခံပေးမယ့် လယ်ယာချေးငွေ အစီအစဉ်ဟာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးစရိတ် တစ်စိတ်တစ်ဒေသ ပြေလည်သွားနိုင်တယ်လို့ ယူဆနိုင်ပေမယ့် အစိုးရဘတ်ဂျက် လိုငွေပြနေမှုကို ပိုနွံနစ်သွားစေနိုင်သလို ထောက်ပံ့မယ့် ငွေကြောင့် စီးပွားရေး သက်ရောက်မှု ဘယ်လောက် အတိုင်းအတာထိ ရှိနိုင်မလဲ ဆိုတာကိုလည်း ပြန်ကြည့်ရပါလိမ့်မယ်။ အစိုးရ ဘတ်ဂျက်လိုပြတဲ့ အချိန်မှာ လိုအပ်တဲ့ ငွေပမာဏကို ဘယ်လိုရှာဖွေမလဲ၊ ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေခဲ့မယ်ဆိုရင် ဖောင်းပွမှု ဖြစ်လာနိုင်ခြေ ရှိတာကိုလည်း ထည့်တွက်ရမှာပါ။ ဝန်ကြီးဌာန အနေနဲ့ လိုအပ်တဲ့ကျပ်ငွေ ဘီလျံ ၂၄၀၀ ကို သာမန်ငွေစာရင်းကနေ ထုတ်သုံးမှာလား ဘယ်ကနေ ရှာသုံးမလဲဆိုတဲ့ ငွေကိစ္စ စဉ်းစားရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် မိုးကြီးတဲ့အတွက် စိုက်ဧက များစွာ ပျက်စီးခဲ့တာရယ်၊ အခုရာသီဥတု ပူပြင်းတာကြောင့် အရန်ဆန်ဝယ်ယူမှု အစီအစဉ်ကိုလည်း စတင်မယ်လို့ ကြားသိထားလို့ အစိုးရ ငွေစိုက်ထုတ်ရမယ့် စီမံကိန်း ထပ်တိုးနေသလိုပါပဲ။ အစိုးရကိုယ်တိုင် အရန်ဆန် ဝယ်ယူမယ်ဆိုရင် ကုန်ကျစရိတ်တွေ ထပ်တက်ဦးမှာ ဖြစ်ပါတယ်။ အဲဒီကုန်ကျစရိတ်အတွက် ပိုက်ဆံကို ဘယ်နေရာက ယူသုံးမှာလဲဆိုတဲ့ ငွေကြးပမာဏဆိုင်ရာ ပြဿနာ ပေါ်လာဦးမှာ ဖြစ်ပါတယ်။ အစိုးရဘတ်ဂျက် ဘယ်လောက်ကုန်မလဲ ထည့်တွက်ရမယ်၊ ငွေဖောင်းပွမှုနှုန်း ဘယ်လောက် တက်လာနိုင်ခြေ ရှိတယ်ဆိုတာကို ထည့်စဉ်းစားရပါမယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်ပမာဏ ဘယ်လောက်ထိ လျာထားသလဲ ဆိုတာရယ်၊ အဲဒီ အစိုးရ အသုံးစရိတ်တွေကြောင့် ငွေဖောင်းပွ ဖြစ်နိုင်ခြေနဲ့ စီးပွားရေး တိုးတက်မှု ရာခိုင်နှုန်း ဘယ်လောက် တက်လာနိုင်သလဲ ဆိုတာကို တွက်ချက်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ အရင်းအနှီး ကုန်ထွက်အချိုး၊ အသွင်းအထွက် စိစစ်နည်း၊ အစွန်းထွက်ကုန် ထုတ်လုပ်စွမ်းအားရဲ့ သွင်းအားစုပြန်ရချက်စတဲ့ စီးပွားရေး သင်္ချာရပ်ဆိုင်ရာ တွက်ချက်တဲ့နည်းတွေ တွက်ချက်ဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာ့တောင်သူ လယ်သမားများရဲ့ စီးပွားရေးဘ၀ ဖွံဖြိုးလာအောင် ဖြေရှင်းတဲ့နေရာမှာ ခုတ်ရာတခြား ရှရာတခြား မဖြစ်အောင် ကြိုးစားရမယ် ထင်ပါတယ်။ဘတ်ဂျက်လိုငွေပြ အခြေအနေ၊ တောင်သူလယ်သမားတွေကို အစိုးရ စိုက်ထုတ်ပြီး ကူညီပံ့ပိုးပေးတဲ့ အစီအစဉ်တွေကြောင့် ငွေစက္ကူ  ပမာဏ တော်တော်များများဟာ ဈေးကွက်ထဲကို ရောက်လာပြီး စီးပွားရေး မတည်ငြိမ်မှုဖြစ်နေတဲ့ သမိုင်းကြောင်းကလည်း ရှိနေပါတယ်။ အစိုးရ စိုက်ထုတ်ကျခံပေးမယ့် အစီအစဉ်တွေဟာ အမှန်တကယ်တော့ တောင်သူလယ်သမားတွေရဲ့ ဆန်စပါးဈေးနှုန်း ဈေးကောင်း မရရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဆန်စပါး ဈေးကောင်း မရရှိမှုကြောင့် အရှုံးပေါ်နေတဲ့၊ အကြွေး နွံနစ်နေတဲ့ စီးပွားရေး နာတာရှည် ဒုက္ခကို ကယ်တင်ချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေထက် အခြားအကြောင်းပြချက်တွေလည်း ရှိနေလို့ ဖြေရှင်းပေးရလိမ့်မယ် ထင်ပါတယ်။ဆန်စပါးကိုရှင်းရန် other factorsလယ်သမားတွေအတွက် စပါးအပါအဝင် အခြားသီးနှံတွေ ပေါ်ချိန်တိုင်း ဈေးကောင်း မရတာဟာ ဆန်ကုန်သည်တွေရဲ့ ဈေးကစားမှု၊ ဈေးနှိမ့်မှု တစ်ခုတည်းကြောင့် ဟုတ်ဟန်မတူဘူး။ ဆန်စပါးနဲ့ ပတ်သက်ပြီး စရိတ်အမျိုးမျိုး ရှိတယ်။ ဆန်စပါး စိုက်ပျိုးတဲ့ နေရာကနေပြီး နောက်ဆုံး စားသုံးသူအထိ စရိတ်မျဉ်းတန်း ရေးဆွဲလိုက်ပြီး ဘယ်နေရာမှာ စရိတ်မြင့် တက်နေသလဲ ဆိုတာကို လေ့လာရမယ်။ စရိတ် မာဂျင်ရှိသလို အမြတ်မာဂျင်လည်း ရှိပါတယ်။ စရိတ်အမျိုးမျိုးတွေအနက် မျိုးစရိတ်၊ နေ့စားစရိတ်၊ ရေသွင်းစရိတ်၊ ဓာတ်မြေသြဇာစရိတ်၊ ပျိုးပင်စရိတ်၊ ပျိုးနုတ်စရိတ်၊ အလုပ်သမား စရိတ်၊ ဆန်စက်ကို သယ်ယူစရိတ်၊ ဆန်ကြိတ်ခွဲစရိတ်၊ သိုလှောင်စရိတ်၊ မြို့ပေါ်သယ်ယူ စရိတ်၊ ဂိုဒေါင်စရိတ်၊ သင်္ဘောတင်စရိတ်၊ ရန်ကုန်အရောက် ဒါမှမဟုတ် ပွဲရုံအရောက် သယ်ယူပို့ဆောင် စရိတ်၊ နယ်စပ်အရောက် စရိတ်၊ ရန်ကုန်သင်္ဘော ဆိပ်ကမ်းစရိတ်၊ သင်္ဘောတင်စရိတ် အဲဒီစရိတ် အမျိုးမျိုးရဲ့ ကုန်ကျတဲ့ စရိတ်ကို အလျားလိုက် မျဉ်းကြောင်းဆွဲသင့်ပါတယ်။ အဲဒီစရိတ်တွေထဲမှာ ဘယ်အပိုင်းကို လျှော့ချနိုင်အောင် အစိုးရ လုပ်နိုင်မလဲ စဉ်းစား အဖြေရှာသင့်ပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက် ပေါက်ဈေးနှုန်းနဲ့ ရန်ကုန် ဆိပ်ကမ်း သင်္ဘောတင် ဆန်ဈေးနှုန်းဟာ ညီမျှနေတယ်လို့ စာတမ်းတစ်ခုမှာ ဖတ်ဖူးတယ်။ ရန်ကုန်ဆိပ်ကမ်း၊ ဂိုဒေါင်၊ ကွန်တိန်နာကြေး၊ သင်္ဘောတင်ခ၊ စာရွက်စာတမ်းခ စတဲ့ သင်္ဘောပေါ်ရောက်ဖို့ ဖြတ်သန်းရတဲ့ logistics ကုန်ကျစရိတ်ကို နှိုင်းယှဉ် လေ့လာသင့်တယ်။စရိတ် အသီးသီးထဲက သယ်ယူပို့ဆောင်ရေး စရိတ်ဟာ အကြီးမြင့်ဆုံးဖြစ်လို့ လယ်သမားတွေရဲ့ စပါး၊ သီးနှံဈေးနှုန်းအတွက် ဈေးကောင်းရဖို့အတွက် ရန်ကုန်ဆိပ်ကမ်းစရိတ်၊ အခြားပြည်ပသို့ ပို့ဆောင်စရိတ် လျှော့ချနိုင်ရင် လယ်သမားတွေဘ၀ ကောင်းစားလာမှာပဲ။ ဒုတိယအချက် ဆန်ကုန်သည်တွေ စပါးပေါ်ချိန်၊ သီးနှံပေါ်ချိန် ဈေးကစားသူတွေကို ဖော်ထုတ် အရေးယူဖို့ပဲ။ တတိယအချက်က ရောင်းဝယ်ဖြန်ဖြူးတဲ့ နေရာမှာ ကြိုက်ဈေးမရရင် ဖေးမပေးမယ့် ချေးငွေစနစ်၊ သိုလှောင်ထားရင် သိုလှောင်ချေးငွေ၊ အစိုးရ ဂိုဒေါင်မှာ ခဏလှောင်ဖို့ ဂိုဒေါင်တွေ ဆောက်ပေးပြီး ဂိုဒေါင်ထားခစနစ်၊ ဆန်စပါး အာမခံစနစ် စတာတွေ လုပ်ပေးဖို့ လိုတယ်။ ဈေးနှုန်းကြောင့် လယ်သမားတွေဘ၀ မတိုးတက်ဘူးဆိုရင် လယ်စိုက်ချိန်မှာလား၊ ဆန်စပါး ပေါ်ပြီးချိန်မှလား ဆိုတာကို တွက်ချက်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအချက်က လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်စေဖို့အတွက် လယ်ယာကဏ္ဍနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေ ပေါင်းစည်းပြီး လယ်ယာ ပေါ်လစီတစ်ခု ချမှတ်ဆောင်ရွယ်ရမယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။ကောက်ချက်ကတော့ သီးနှံပေါ်ချိန်ဆိုရင် ဈေးကောင်းမရတဲ့ လယ်သမားတွေရဲ့ ဘဝကို တိုးတက်အောင် လုပ်ချင်ရင် သယ်ယူပို့ဆောင်ရေး စရိတ်၊ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွှားဖို့ ပေးရတဲ့ အပိုဆောင်း စရိတ်တွေကို အစိုးရက ဘယ်လိုလျှော့ချအောင် လုပ်ပေးနိုင်သလဲဆိုတဲ့ နည်းလမ်းတွေ အသုံးပြုရမှာ ဖြစ်သလို တစ်ဖက်ကလည်း ဆန်စပါး ဆပ်ပလိုင်းချိန်း တစ်ခုလုံးအတွက် ဘယ်လိုချေးငွေပုံစံတွေနဲ့ ဖန်တီးရင် ဖြစ်နိုင်မလဲဆိုတာကို တစ်ပြိုင်နက်တည်း စဉ်းစားအကောင်အထည် ဖော်ရမှာဖြစ်တယ်။ လယ်ယာကဏ္ဍ စီးပွားရေး အဆောက်အအုံနဲ့ နှီးနွှယ်နေတဲ့ အစိုးရ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ညွှန်ကြားချက်တွေ ဘယ်လို ပယ်ဖျက်ရမလဲ၊ ချောမွတ်အောင် လုပ်ရမလဲ ဆိုတာဟာလည်း လယ်ယာကဏ္ဍ အပိုဆောင်းစရိတ် လျော့ကျသွားနိုင်ပါတယ်။အရေးအကြီးဆုံး အချက်က ဆန်စပါးဟာ အဓိက စီးပွားရေး တွန်းအားလား၊ အခြားသီးနှံတွေက စီးပွားရေး တိုးတက်မှု တွန်းအားလားဆိုတဲ့ နှိုင်းယှဉ်အားသာချက် comparative advantage စီးပွားရေး သီအိုရီနဲ့လည်း တွက်ချက်ရပါလိမ့်မယ်။ ဥပမာ ဆန်စပါးအစား ဆီထွက် သီးနှံတွေ၊ ပဲအမျိုးမျိုးတွေ စိုက်ပျိုးထုတ်လုပ် တင်ပို့ခြင်းရဲ့ စီးပွားရေးအရ နှိုင်းယှဉ် အားသာချက်ကို တွက်ချက် ကြည့်သင့်ပါတယ်။ ဧပြီလအတွင်း အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး တစ်တန်ကို ၁၈ သိန်းခုနှစ်သောင်းကျော်ထိ ဈေးပေါက်နေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၂၃၃၆၅ တင်ပို့နိုင်ခဲ့လို့ ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး နိုင်ငံတကာ သီးနှံဈေးကွက်မှာ မြန်မာစိုက်ပျိုး ထုတ်လုပ်သူအတွက် ဈေးကွက်သီးနှံ ဖြစ်နိုင်သလို နှိုင်းယှဉ် အားသာချက်လည်း ရှိပါတယ်။ ၂၀၀၈ ခုနှစ် အာရှပဲစိုက်တဲ့ နိုင်ငံများ အထွက်တိုး စာရင်းမှာ ဒုတိယအဆင့် အထွက်နှုန်းလိုက်နေတဲ့ နိုင်ငံဖြစ်နေလို့ ထုတ်လုပ်သူ ဈေးကွက်ဖြစ်နိုင်သလို ဈေးနှုန်းအားသာချက်လည်း ရှိပါတယ်။ပုဂ္ဂလိကကဏ္ဍလယ်သမား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေရဲ့ အားနည်းချက်တွေကိုလည်း ပြင်ရပါလိမ့်ဦးမယ်။ ဥပမာ လယ်သမားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ လယ်ယာမဲ့တွေကို ကာကွယ်မှု ပေးမထားခြင်း၊ လယ်သမားတွေရဲ့ ကိုယ်ပိုင်မြေယာကို ဈေးကွက်ဖြစ်မယ့် သီးနှံ စိတ်ကြိုက် စိုက်ပျိုးခွင့် ပေးမထားခြင်း၊ လယ်ယာမြေ ပေါင်နှံပြီး နှစ်ရှည်အရင်းအနှီး လုပ်ခွင့်ပေးမထားခြင်း စတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် လယ်ယာမြေနဲ့ ပတ်သက်ပြီး လေ့လာသုတေသန ခန့်မှန်းချက် စာတမ်းတစ်ခုထဲမှာ မြေယာမဲ့ လယ်ယာလုပ်သား ၁၀ သန်း ရှိပါတယ်။တောင်သူလယ်သမားတွေကို တစ်ဧက တစ်သိန်းခွဲ ထောက်ပံ့ပေးမယ့် အစီအစဉ် အစိုးရကိုယ်တိုင် ဆောင်ရွက်တာထက် ပုဂ္ဂလိကဘဏ်၊ စီးပွားရေး လုပ်ငန်းရှင်တွေကို လွှဲပြောင်းပေးသင့်တယ်လို့ ထင်ပါတယ်။ ပုဂ္ဂလိကက အဲဒီလောက် ငွေကြေးကို စိုက်ထုတ်တဲ့ နေရာမှာ အစိုးရကိုယ်တိုင် အာမခံထားတဲ့ စနစ်ကို လှည့်သုံးလို့ ရပါတယ်။ အစိုးရနှစ်တိုနှစ်ရှည် ငွေချေးစာချုပ်တွေကို ပုဂ္ဂလိကဘဏ်တွေကို ရောင်းပြီး (အပေါင်ခံထားပြီး) အာမခံ ပေးရမှာပါ။ အတိုးနှုန်း သတ်မှတ်ထားတဲ့ အစိုးရ ငွေချေးစာချုပ်တွေကို ပုဂ္ဂလိကဘဏ်တွေ ရောင်းပြီးတော့ နှစ်စဉ် ပုဂ္ဂလိကဘဏ်ကို အတိုးပေးရပါလိမ့်မယ်။ အဲဒီလို လုပ်လိုက်ရင် ငွေစက္ကူရိုက်နှိပ် ထုတ်ဝေစရာ မလိုသလို၊ money supply ဖြစ်မှုကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပြီး ပုဂ္ဂလိကဏ္ဍလည်း တက်လာမှာပါ။ ပုဂ္ဂလိက ကဏ္ဍအချင်းချင်း အပြိုင်အဆိုင် ဖြစ်လာပြီး ဘာမဆို အစိုးရ ကူညီပေးရမယ်ဆိုတဲ့ ဆိုရှယ်လစ် အိုင်ဒီယာလည်း ပျောက်နိုင်မှာပါ။ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ အစိုးရဝန်ထမ်းတွေ ပါဝင်နေလို့ရှိရင် အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပွားနိုင်သလို ဗျုရိုကရက်တွေရဲ့ စီမံအုပ်ချုပ်မှု အကျင့်ဟောင်းတွေကြောင့် ပေ့ါစေချင်လို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက်နဲ့ လေးဆိုသလို ဖြစ်နေပါဦးမယ်။ good govermance ရှုထောင့်က ကြည့်ရသလို legal approach ဘက်လည်း ပံ့ပိုးရဦးမယ် ထင်ပါတယ်။

Most Read

Most Recent