ခြိမ်းခြောက် ခိုင်းစေ ခံနေရတဲ့ သက်ကြီး ရွယ်အိုများ

ခြိမ်းခြောက် ခိုင်းစေ ခံနေရတဲ့ သက်ကြီး ရွယ်အိုများ
Published 24 April 2016
ဆန်းမိုးထွန်း

ရန်ကုန်ညက နီယွန် မီးရောင်စုံတွေနဲ့ လှပလို့ နေပါတယ်။ အင်းစိန် လမ်းမကြီးပေါ်မှာ ကိုယ်ပိုင်ကားတွေ၊ လိုင်းကားတွေက ဥဒဟို အတိုင်း ဖြတ်သန်း မောင်နှင်နေကြပါတယ်။ အင်းစိန် လမ်းမကြီး၊ ဦးထွန်းလင်းခြံလမ်းနဲ့ လှည်းတန်းဈေးလမ်း တစ်လျှောက်မှာတော့ လူတွေ၊ ကားတွေ၊ ဈေးသည်တွေနဲ့ လုံးထွေး ရစ်ပတ်လို့ နေပါတယ်။ဧပြီ ၉ ရက် ည ၈ နာရီအချိန် အရင် ပြည်မြန်မာ ကုန်တိုက်ရှေ့မှာ ထိုင်ပြီး လမ်းသွား လမ်းလာသူတွေ ဆီကနေ အဘွားအို တစ်ယောက် ပိုက်ဆံတောင်းရမ်း နေတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ လူစည်ကားရာ အရပ်တွေမှာ ဒီလို သက်ကြီးရွယ်အို အဘိုးအဘွားတွေ တောင်းရမ်း စားသောက်နေကြတဲ့ မြင်ကွင်းက ထူးဆန်းတာတော့ မဟုတ်ပါဘူး။လမ်းသွား လမ်းလာ လူတချို့က အဘွားအိုထံ တတ်နိုင်သမျှ ငွေစကြေးစလေးတွေကို ထည့်သွားတာလည်း တွေ့ရပါတယ်။ ထူးဆန်းတာက အဘွားအိုဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်နေတာပါပဲ။ မျက်လုံးလည်း မမြင်ပါဘူး။ ဒါဆို အဘွားအို အနေနဲ့ အဘယ်သို့သော အရပ်ကနေ ဘယ်လို အကြောင်းတွေကြောင့် ဒီနေရာ အထိ လာရောက် တောင်းရမ်းနေရပါသလဲ။ဇာတ်လမ်းက စိတ်ဝင်စားစရာေကောင်းလာပါတယ်။ ဒီလို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းကို စတင် သိရှိသူကတော့ ခိုလှုံရာ ပရဟိတ အဖွဲ့မှ မသင်းရွှေစင်လှိုင်ပဲ ဖြစ်ပါတယ်။“တွေ့တာက ပြည်မြန်မာ ကုန်တိုက်ရှေ့မှာ။ ညီမတို့ သွားမေးတော့ အဘွားက မနေချင်ဘူး။ အဲဒီ အချိန်မှာ အဲဒီနားက ပန်းရောင်းတဲ့ အစ်မကြီးက ပြောတာ။ အဘွားကို ခေါ်သွားတဲ့ အဘွားက ခိုင်းစား ခံနေရတာဆိုပြီး ပြောတာ” လို့ ခိုလုံရာ ပရဟိတ အဖွဲ့မှ မသင်းရွှေစင်လှိုင်က ပြောပါတယ်။ဒီလို သူ့တွေ့ဆုံမှုကို စောင့်ကြည့်နေတဲ့ သူတွေကလည်း ရှိနေပါတယ်။ အဘွားအို တောင်းစားတဲ့ နေရာနဲ့ မလှမ်းမကမ်း လှည်းတန်းခုံးတံတား အောက်မှာ အဘွားကို စောင့်ကြည့်နေတဲ့ သူတွေ ရှိတယ်လို့ မသင်းရွှေစင်လှိုင်က ဆက်ပြောပါတယ်။“ဟိုဘက်ကမ်းမှာ အဘွားကို စောင့်ကြည့်နေတဲ့ အဖွဲ့ ရှိတယ်တဲ့။ အဘွားကို စောင့်ကြည့်တဲ့ သူတွေက တံတားအောက်မှာ ရပ်ပြီး စောင့်ကြည့်နေတာ။ စောင့်ကြည့်နေတာက မိန်းမ တစ်ယောက်၊ ယောကျ်ား တစ်ယောက်။ မိန်းမက ကလေးလေး ချီထားတယ်” လို့ သူက ဆိုပါတယ်။ဒီလို အဘွားအိုကို စောင့်ကြည့်သူတွေ ရှိတာကြောင့် အလွယ်တကူ ခေါ်ယူလို့ မရတဲ့အတွက် မသင်းရွှေစင်လှိုင် အနေနဲ့ ရဲစခန်းကို အကူအညီ သွားတောင်းတဲ့ အချိန်မှာ တံတားအောက်မှာ စောင့်ကြည့်နေတဲ့ ကလေးနဲ့ မိန်းမက အဘွားအိုနားကို ရောက်လာပါတယ်။ မသင်းရွှေစင်လှိုင် အနေနဲ့ နယ်ထိန်းအဆင့် ရှိတဲ့ ရဲတစ်ယောက်ကို ခေါ်လာတဲ့ အချိန်မှာတော့ အဘွားအိုရဲ့ နေရာလေးမှာ လူတွေက ဝိုင်းအုံလို့ နေပါပြီ။ ကလေး ချီထားတဲ့ မိန်းမနဲ့ မသင်းရွှေစင်လှိုင်တို့ အကြီးအကျယ် စကားများခဲ့ ကြပါတယ်။“စောင့်ကြည့်နေတဲ့ မိန်းမကြီးက ရောက်လာပြီး သူ့အဘွားလို့ ပြောတယ်။ ပဲခူးမှာ သူ့အမျိုးတွေ ရှိတယ်လို့ ပြောတယ်။ အကြွေး မဆပ်နိုင်လို့ အဘွားကို တောင်းခိုင်းတာတဲ့။ အဲဒါနဲ့ ရဲစခန်းကို ခေါ်သွားလိုက်တယ်။ ကမာရွတ် ရဲစခန်း ရောက်တော့ အဲဒီ မိန်းမ ပြောတာနဲ့ အဘွား ပြောတာတွေက တလွဲတွေ ဖြစ်နေတယ်။ အဲဒီမိန်းမကို ရဲတွေက တော်တော်လေး ကြိမ်းမောင်းလိုက်တယ်။ အဲဒါနဲ့ ညီမတို့က အဘွားကို ခေါ်လာလိုက်တယ်” လို့ မသင်းရွှေစင်လှိုင်က ပြောပါတယ်။တကယ်တော့ ကလေးချီထားတဲ့ မိန်းမနဲ့ အဘွားအိုဟာ ဘာမှ တော်စပ်တဲ့ သူတွေ မဟုတ်ပါဘူး။ အဘွားအိုက ပခုက္ကူ ဇာတိဖြစ်ပြီး ရန်ကုန်မှာ ဒီအမျိုးသမီး အဖွဲ့ရဲ့ ခိုင်းစေခြင်းကို ခံနေရတာ ဖြစ်ပါတယ်။“လမ်းမှာ အဘွားကို မေးတော့မှ အဘွားက ပြောပြတာက သူ့ကို ထမင်းတစ်နပ်ပဲ ကျွေးတယ်။ ရေတွေ ဘာတွေလည်း ချိုးမပေးဘူး။ ခေါင်းကိုလည်း ခေါက်တယ်။ လိမ်လည်း ဆွဲတယ်။ တစ်နေ့တာ တောင်းလို့ ရသမျှ ပိုက်ဆံတွေ အကုန်ပေးရတယ်။ တောင်းပေးနေတဲ့ ကြားက ကားတိုက်တော့ အဘွားကို ကျောပိုးပြီး နေပူထဲမှာ တောင်းတယ်။ သူတို့တွေက အင်းစိန်ဈေးမှာ နေပြီး အဘွားအိုလို ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုတွေ၊ ကလေးတွေကို တည်ကြက်လုပ် တောင်းခိုင်းနေတာ။ အဘွားက ပခုက္ကူမှာ နေတာ။ မျက်စိလည် လမ်းမှားပြီး ရန်ကုန် ရောက်လာတော့ အဲဒီ မိန်းမတွေနဲ့ တွေ့ပြီး ခိုင်းစားခံရတာလို့ ပြောတယ်” လို့ အဘွားအို တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို မသင်းရွှေစင်လှိုင်က စီကာပတ်ကုံး ပြန်လည်ပြောပြပါတယ်။ 
■ တောင်းရမ်းမှု လုပ်ငန်းရန်ကုန်မြို့ရဲ့ တောင်းရမ်း စားသောက်သူတွေရဲ့ လောကမှာ အထိုင်သမားနှင့် လမ်းကြောင်းသမား ဆိုပြီး အပိုင်းနှစ်ပိုင်း ရှိတယ်လို့ ရန်ကုန်မြို့လယ် ဝန်းကျင်မှာ တောင်းရမ်းသူတွေ ဆီက သိရပါတယ်။အထိုင်သမား အဖြစ် လုပ်ကိုင်နေတဲ့ တောင်းရမ်းသူတွေက မြို့နယ် တစ်မြို့နယ် အတွင်း နေရာ သတ်သတ်မှတ်မှတ်နဲ့ တောင်းရမ်းနေကြသူတွေ ဖြစ်ပြီး လမ်းကြောင်းသမားကတော့ မီးရထား၊ မော်တော်ကားနဲ့ သင်္ဘောတွေပေါ်မှာ လိုက်လံ တောင်းရမ်းနေသူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။အထိုင် တောင်းရမ်းသူတွေထဲမှာ အနာကြီး ရောဂါသည် ပုံစံတွေ၊ သားသည်မိခင် ပုံစံတွေနဲ့ သက်ကြီးရွယ်အို ပုံစံမျိုးတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး လမ်းကြောင်းသမားတွေ တောင်းရမ်းတဲ့ ပုံစံကတော့ ရထား၊ သင်္ဘောနဲ့ ကားတွေပေါ်မှာ ဇာတ်လမ်းဆင် ရေးသားထားတဲ့ စာရွက်လေးတွေကို လိုက်လံဝေငှ တောင်းရမ်းနေကြတဲ့ ပုံစံတွေပဲ ဖြစ်ပါတယ်။ဒါ့ပြင် အထိုင် တောင်းရမ်းသူတွေ အနေနဲ့ တောင်းရမ်းမှု ပုံသဏ္ဌာန်တွေ မျိုးစုံ ရှိတဲ့အတွက် ကလေး ငှားရမ်းမှုတွေ၊ အနာကြီး ရောဂါသည် အတု လုပ်တာတွေနဲ့ သက်ကြီး ရွယ်အိုတွေကို တောင်းရမ်း ခိုင်းတာတွေ ရှိနေပါတယ်။“ကျွန်တော်တို့ မိသားစုကတော့ ကိုယ့်ကလေးနဲ့ ကိုယ့်မိသားစုအလိုက် လာတောင်းတာပဲ။ ရွှေပြည်သာကနေ လာတောင်းတာ။ ကျွန်တော်က ဒုက္ခိတ ဆိုတော့ မိန်းမနဲ့ ကလေးတွေနဲ့ တောင်းစားရတာပေါ့။ တချို့ကျတော့ ကလေးတွေကို ငှားပြီး တောင်းစားတာတွေ ရှိတယ်။ တစ်ရက်ကို ကလေးငှားခ ၂၀၀၀ လောက် ပေးရတယ်လို့ ကြားတယ်။ ကျွန်တော်ကတော့ ကိုယ့်ကလေးကိုယ် သူများလက်ထဲ မငှားနိုင်ဘူး။ ပိုက်ဆံရရ မရရ ကိုယ့်မိသားစုနဲ့ ကိုယ့်ဘာသာပဲ တောင်းစားရတာ ပိုအဆင်ပြေတယ်” လို့ ရန်ကုန်မြို့ ခုံးကျော်တံတား တစ်ခုမှာ တောင်းရမ်းနေတဲ့ တောင်းရမ်းသူ တစ်ယောက်က ဆိုပါတယ်။ရန်ကုန်မြို့ရဲ့ တောင်းရမ်း စားသောက်သူ လောကမှာ ဒီလို တောင်းရမ်းမှုတွေကို သတ်မှတ်ပေးတဲ့ သူတွေ ရှိတယ်ဆိုရင် မိတ်ဆွေတို့ အနေနဲ့ အံ့သြသွားမလားပဲ။ဒီလို တောင်းရမ်းဖို့ လမ်းကြောင်းတွေ သတ်မှတ်ပေးတဲ့ သူတွေကို သူတို့ လောကမှာတော့ ခေါင်းပေါင်းလို့ ခေါ်ကြပါတယ်။ နယ်ပယ် အပိုင်စား သတ်မှတ်ချက်တွေ ရှိသလို တစ်နေရာနဲ့ တစ်နေရာ လူမထပ်စေဖို့ နေရာခွဲ ချပေးတဲ့ စနစ်လည်း ရှိပါတယ်။ တောင်းရမ်းသူတွေ အနေနဲ့ ကြုံတဲ့ နေရာမှာ ဝင်တောင်းလို့ မရပါဘူး။ဒီလို တောင်းရမ်းခွင့် နေရာ အပိုင်စားတွေကို ခေါင်းပေါင်းဆိုတဲ့ တောင်းရမ်းသူတွေရဲ့ ခေါင်းဆောင်တွေက သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ တစ်နေ့တာ တောင်းရမ်းပြီးချိန်မှာတော့ တောင်ရမ်းသူတွေဟာ သူတို့ စုရပ်ဖြစ်တဲ့ ရန်ကုန်မြို့အတွင်းရှိ ခုံးကျော် တံတားတွေက ခေါင်းပေါင်းတွေထံမှာ တောင်းရမ်းရငွေထဲကနေ ဝေစု တစ်စု ပြန်ပေးရပါတယ်။ ဒီလို ခေါင်းပေါင်းတွေကို ဝေစုပေးတဲ့ အခါမှာ တောင်းရမ်းခွင့် ရတဲ့ နေရာအလိုက် ရာခိုင်နှုန်းနဲ့ ပေးတဲ့သူတွေ ရှိသလို တစ်နေ့တာ ပုတ်ပြတ်နှုန်းနဲ့ ပေးတဲ့သူတွေလည်း ရှိတယ်လို့ ရန်ကုန်မြို့တွင်း တောင်းရမ်းနေတဲ့ တောင်းရမ်းသူတွေဆီက သိရပါတယ်။ခေါင်းပေါင်းတွေ အနေနဲ့ နေရာ ချထားတဲ့ အနေအထား တစ်ခုတင် မဟုတ်ဘဲ တောင်းရမ်းသူတွေ အကြား ဖြစ်ပွားလေ့ ရှိတဲ့ နယ်ကျော် တောင်းရမ်းမှုတွေကိုလည်း ဖြေရှင်း ပေးရတာတွေ ရှိပါတယ်။ ဒီလို ခေါင်းပေါင်းတွေက လမ်းကြောင်းနေရာ သတ်မှတ်ပေးတာကြောင့် တောင်းရမ်းသူတွေ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် လုယက်မှု မရှိဘဲ အေးအေးချမ်းချမ်း တောင်းရမ်းနိုင်တာ ဖြစ်တယ်လို့ တောင်းရမ်းသူတွေက ဆိုပါတယ်။အရင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ မြေပြင်စာရင်း ကောက်ယူမှုအရ ရန်ကုန်မြို့မှာ ဒွန်းစဏ္ဍားဦးရေ ၂၄၀၀ ကျော် ရှိတဲ့အနက် သက်ကြီးရွယ်အို ပါဝင်မှုနှုန်းက ရှစ်ရာခိုင်နှုန်းခန့် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 
■ လူကုန်ကူးမှု မြောက်တဲ့ တောင်းရမ်း ခိုင်းစေမှုများလူကုန်ကူးမှု ဆိုတာဟာ လူအများ စုဆောင်းခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းပေးပို့ခြင်း၊ ထိန်းသိမ်းထားခြင်း၊ လက်ခံထားခြင်းတို့ကို ခြိမ်းခြောက်ခြင်း၊ အင်အားသုံး အကျပ်ကိုင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ သြဇာအာဏာ သုံးခြင်း၊ မက်လုံးပေးခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ ပြည့်တန်ဆာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အတင်းအဓမ္မ ခိုင်းစေခြင်း၊ ကျွန်အဖြစ် စေခိုင်းခြင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထုတ်ယူဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ပါက လူကုန်ကူးခြင်းလို့ ကုလသမဂ္ဂရဲ့ လူကုန်ကူးမှုဆိုင်ရာ သဘောတူညီချက်မှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။မြန်မာနိုင်ငံဟာ (United Nations Convention against Trans-national Organized Crime - UNCTOC) နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနဲ့  နောက်ဆက်တွဲ စာချုပ်များဖြစ်တဲ့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာနှင့် လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ (Protocol against the Smuggling of Migrants by Land, Air and Sea) စာချုပ်တွေမှာ အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ် ၃၀ ရက်မှာ ဝင်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ လူကုန်ကူးမှု ဆိုင်ရာ သဘောတူညီချက် အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ကြည့်မယ်ဆိုရင် လက်ရှိ ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက် နေသူတွေရဲ့ လုပ်ရပ်တွေက လူကုန်ကူးမှု မြောက်နေပါတယ်။လူလား မမြောက်သေးတဲ့ ကလေးငယ်တွေကို တစ်နေ့တာ ငှားရမ်းပြီး နို့ထဲ အိပ်ဆေးခတ်တိုက်ကာ ဗန်းပြ တောင်းရမ်းတာတွေ၊ သားသမီး ကျောထောက်နောက်ခံ မရှိတဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေကို မသေရုံတမယ် ထမင်းကျွေးပြီး အတင်းအဓမ္မ တောင်းရမ်းခိုင်းတာတွေဟာ တကယ်တော့ လူကုန်ကူးမှု မြောက်နေပါတယ်။ဒါတွေက ဘယ်လို အကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာရပါသလဲ။ နိုင်ငံရဲ့ စီးပွားရေး ချွတ်ခြုံကျမှု၊ အလုပ်အကိုင် ရှားပါးမှု၊ ပြည်တွင်းစစ်နဲ့ လုပ်ခလစာ နည်းပါးမှုတို့ကြောင့် ပိုက်ဆံ အရလွယ်သည့် တောင်းရမ်းမှုများကို လုပ်ကိုင်သူများ ရှိလာသလို မျိုးရိုးစဉ်ဆက် တောင်းရမ်းသူတွေကလည်း ရှိနေပါတယ်။ဒီလို တောင်းရမ်း စားသောက်ရာမှာ မြန်မာ လူမျိုးတွေရဲ့ သနားတတ်တဲ့ စိတ်ကို အခြေခံကာ တောင်းရမ်းမှုတွေ ရှိလာတာကြောင့် လူလား မမြောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေက အဓိက တည်ကြက်တွေ ဖြစ်လာရတာပါ။“ဒီလိုမျိုးတွေ ဖြစ်နေတာက ဆင်းရဲမွဲတေလို့ပဲ။ အလုပ်အကိုင် အခွင့်အလမ်း မရှိလို့ပဲ။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်မယ်ဆိုလို့ ရှိရင် ဒီဖြစ်စဉ်တွေ လျော့ပါးသွားမှာပါ” လို့ ဒေါက်တာ ညိုညိုသင်းက ဆိုပါတယ်။မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်း ရှိနေပြီး ချင်းပြည်နယ်မှာ ၇၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှာ ၃၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မှာ ၃၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှာ ၃၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ 
■ ကာကွယ် စောင့်ရှောက်ဖို့လည်း လိုတယ်မြန်မာနိုင်ငံမှာ အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးဦးရေဟာ ၁၉၉၀-၁၉၉၁ ခုနှစ်မှာ စုစုပေါင်း လူဦးရေရဲ့ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၀၂-၂၀၀၃ ခုနှစ်မှာတော့ ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက် များပြားလာခဲ့ပါတယ်။ လက်ရှိ ကာလမှာတော့ မြန်မာနိုင်ငံရဲ့ အသက် ၆၀ နှစ်နဲ့ အထက်ရှိသူ သက်ကြီးရွယ်အို အရေအတွက်ဟာ စုစုပေါင်း လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သလို မိသားစု လူနေမှု ပုံစံများ ပြောင်းလဲလာတာကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ လိုအပ်ချက်တွေ ရှိလာပါတယ်။နိုင်ငံတကာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းတွေကို လေ့လာကြည့်ရင် နည်းလမ်း ခြောက်သွယ်နဲ့ စောင့်ရှောက်နေတာကို တွေ့ရှိရပါတယ်။အိမ်တိုင်ရာရောက် စောင့်ရှောက်ခြင်း (Home Care for Older People) တစ်နည်းအားဖြင့် စေတနာ့ဝန်ထမ်း အခြေပြု စောင့်ရှောက်ရေး လုပ်ငန်း (Volunteer-Based Care Service)၊ မိသားစု အခြေပြု စောင့်ရှောက်ခြင်း (Home-Based Care Service)၊ ရပ်ရွာ အခြေပြု စောင့်ရှောက်ခြင်း (Community-Based Service)၊ ဂေဟာငယ်များ တည်ထောင်၍ စောင့်ရှောက်ခြင်း (Group Home-Based Service)၊ စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာများ ထူထောင် စောင့်ရှောက်ခြင်း (Volunteer Elderly Home)၊ နေ့စောင့်ရှောက်ရေး ဂေဟာများ ဖွင့်လှစ် စောင့်ရှောက်ခြင်း (Day Care Centre) စတဲ့ စောင့်ရှောက်မှုတွေပဲ ဖြစ်ပါတယ်။ဒီလို နိုင်ငံတကာမှာ အခြေခံမူတွေ၊ နည်းလမ်းတွေနဲ့ သက်ကြီး ရွယ်အိုတွေကို ပြုစုစောင့်ရှောက်မှု အပြည့်အ၀ ပေးထားပေမယ့် မြန်မာနိုင်ငံရှိ သက်ကြီး ရွယ်အိုတွေကတော့ ဒီအခွင့်အရေးတွေ လက်လွတ် ဆုံးရှုံးနေဆဲ ဖြစ်ပါတယ်။သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၆၇) နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ် အဖြစ် သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ လစဉ် ရရှိတဲ့ ချီးမြှင့်ထောက်ပံ့ငွေ ၂၅ ရာခိုင်နှုန်းကို ရန်ပုံငွေအဖြစ် ထားရှိပြီး အသက် ၁၀၀ နှစ်အထက် အဘိုးအဘွားတွေအတွက် တစ်ယောက်ကို ကျပ်နှစ်သိန်းနှုန်းနဲ့ နိုင်ငံတော်ရဲ့ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာပါ ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ဒီလို ထောက်ပံ့ချီးမြှင့်ရာမှာ ပထမအကြိမ်အဖြစ် ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ဘိုးဘွား ၅၆၉ ယောက်ကို ချီးမြှင့်ငွေ ၁၁၃၈ သိန်းကို ချီးမြှင့်ခဲ့ပါတယ်။ ဒုတိယ အကြိမ်အဖြစ် ဘိုးဘွား ၃၉ ယောက်ကို ချီးမြှင့်ငွေ ၇၈ သိန်း ချီးမြှင့်ခဲ့ပါတယ်။ တတိယ အကြိမ်အဖြစ် ဘိုးဘွား ၁၄၁ ယောက်ကို ချီးမြှင့်ငွေ ၂၈၂ သိန်း ချီးမြှင့်ခဲ့သလို စတုတ္တ အကြိမ်အဖြစ် ဘိုးဘွား ၄၃၀ ဦးကို ချီးမြှင့်ငွေ ၈၆၀ သိန်း ချီးမြှင့်ခဲ့တာကြောင့် စုစုပေါင်း အဘိုးအဘွား ၁၁၇၉ ဦးအတွက် ချီးမြှင့်ငွေ ၂၃၅၈ သိန်း ထောက်ပံ့ပေးခဲ့ပါတယ်။ဒီလို အသက် ၁၀၀ နဲ့ အထက် ဘိုးဘွားတွေကို ထောက်ပံ့တာနဲ့ ပတ်သက်လို့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က “အစိုးရ အနေနဲ့ အသက်အရွယ်တစ်ခု သတ်မှတ်လိုက်ပြီးတော့ မိသားစုက ပြုစု စောင့်ရှောက်ဖို့ မတတ်နိုင်တော့တဲ့သူ (သို့) မိသားစု မရှိတဲ့သူ ဆိုရင်တော့ တာဝန်ယူသင့်တယ်လို့ ထင်တယ်။ အသက် ၁၀၀ နဲ့အထက် ဆိုတော့ တော်တော် နည်းတယ်။ ဘိုးဘွားတွေကလည်း အဲဒီလောက်ကြီး အထိ အသက် မရှည်ကြဘူး။ အသက် ၈၀ လောက်ကစပြီး ထောက်ပံ့ပေးရင်တော့ မဆိုးဘူးပေါ့။ ဘာလို့လဲ ဆိုတော့ အသက်ရှစ်ဆယ်ဆို လူက တော်တော်ကြီးကို အိုနေပြီ။ ဂီလာနတွေ ဖြစ်နေကြပြီပေါ့။ ဒါကြောင့် ကျန် ၁၀၀ နှင့် အထက် မလုပ်ဘဲ အသက်ကို နည်းနည်း နှိမ့်ချ လိုက်စေချင်တယ်” လို့ သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ဒီလို အသက် သတ်မှတ်ချက်ကို နှိမ့်ချဖို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပေမယ့် နောက်ထပ် အသက် ၉၀ နှင့် ၁၀၀ ကြား ဘိုးဘွားတွေကို ထောက်ပံ့နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်အထိ စောရင်းအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ အဘိုး ၇၉၉၈ ဦး၊ အဘွား ၁၅၉၂၅ ဦး၊ ပေါင်း ၂၃၉၂၃ ဦးကို ထောက်ပံ့သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။မြန်မာ တစ်နိုင်ငံလုံးမှာ ဘိုးဘွားရိပ်သာ ၇၁ ခုရှိပြီး ဘိုးဘွား ၂၃၈၉ ဦးကို စောင့်ရှောက်မှုပေးလျက် ရှိပါတယ်။ ဒီလို ဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာ ၇၁ ခု ရှိတယ် ဆိုပေမယ့် အားလုံးသော ဘိုးဘွားရိပ်သာတွေဟာ NGO အဖွဲ့အစည်းတွေက ထူထောင်ထားတဲ့ ဘိုးဘွား ရိပ်သာတွေပဲ ဖြစ်ပါတယ်။ NGO အဖွဲ့အစည်းတွေက ထူထောင်ထားတဲ့ ဘိုးဘွားရိပ်သာတွေကို အစိုးရက တစ်နှစ်တစ်ခါ စားသောက်စရိတ်၊ အဝတ်အထည် စရိတ်နှင့် ငွေကြေးတွေကို ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။“ရိပ်သာကို အစိုးရ ထောက်ပံ့တာက လူမှုဝန်ထမ်း အသိအမှတ်ပြု စာရင်းလုပ်ပြီးရင် ပထမ အဆင့် အနေနဲ့ သူတို့က ဆန်ထောက်ပံ့တယ်။ ဒုတိယ အနေနဲ့ကျတော့ ဂေဟာမှူး လစာပေးတယ်လို့ ကျွန်မ သိထားတာပေါ့နော်။ ကျွန်မတို့ကတော့ ဆန်ထောက်ပံ့တာပဲ ရသေးတာပေါ့။ ဆည်းဆာရိပ် ဘိုးဘွားရိပ်ကို ဆန်ထောက်ပံ့မှု ရှိတယ်။ ထောက်ပံ့တာကလည်း တစ်နှစ်ကို တစ်ကြိမ်။ တကယ်တမ်းဆို အဲဒီ ထောက်ပံ့မှုနဲ့ စားမယ်ဆို မလောက်ဘူး။ ဆန်တင် မဟုတ်ဘူး။ တခြား ဟင်းချက်စရာတွေ ရှိမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိမယ်။ ပြီးရင် ဝန်ထမ်းစရိတ်တွေ ရှိတယ်။ ပြောမယ်ဆို အစစ အရာရာ ကုန်ကျစရိတ်က အများကြီးပဲလေ။ သို့သော် သူတို့ အနေနဲ့ကျတော့ ဆန်တစ်ခုပဲ လုပ်ပေးနိုင်တာပေါ့။ ဒုတိယအဆင့် ဆိုရင် ဂေဟာမှူး လစာပေးတယ် ဆိုပေမယ့် ကျွန်မတို့ဆီတော့ မရောက်သေးဘူး” လို့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။မြန်မာနိုင်ငံမှာ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ တရားဝင် ဆက်သွယ်ထားတဲ့ ဘိုးဘွားရိပ်သာ အရေအတွက်မှာ ၇၁ ခု ရှိပေမယ့် မဆက်သွယ်သေးတဲ့ ရိပ်သာတွေလည်း ရှိပါသေးတယ်။ လက်ရှိ ဘိုးဘွားရိပ်သာတွေမှာ စောင့်ရှောက်ထားတဲ့ ဘိုးဘွား ဦးရေဟာ ၃၀၀၀ ဝန်းကျင်သာ ရှိတာပါ။၂၀၁၄ သန်းခေါင်စာရင်း အရ လူဦးရေ ၅၁ သန်းမှာ ၁၀ ရာခိုင်နှုန်းက အသက် ၆၀ နဲ့အထက် ဖြစ်တဲ့အတွက် လူဦးရေ ငါးသန်းခန့်ဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။ဒီ ငါးသန်းထဲကနေ အသက် ၇၀ နဲ့ အထက်က အနည်းဆုံး တစ်သန်းနဲ့ ငါးသိန်းကြား ရှိနိုင်ပါတယ်။ ပြန်လည် အချိုးချမယ် ဆိုရင် အသက် ၇၀ အထက်က တစ်သန်းနှင့် ငါးသိန်းကြား ရှိမယ့် ဘိုးဘွားဦးရေနဲ့ လက်ရှိ ဘိုဘွားရိပ်သာတွေမှာ စောင့်ရှောက်ခံထားရတဲ့ ဘိုးဘွား ၃၀၀၀ ခန့်နဲ့ နှိုင်းယှဉ်ရင် သိန်းချီတဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေဟာ ကူညီစောင့်ရှောက်မှု လိုအပ်နေတာကို တွေ့ရှိရမှာပါ။ဘိုးဘွားတွေ စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ဒေါက်တာ ညိုညိုသင်းက “အစိုးရက သူ့ဘတ်ဂျက်ထဲကနေ အနည်းဆုံး တစ်ရာခိုင်နှုန်းaလာက်ကို သက်ကြီး ဘိုးဘွားတွေအတွက် သုံးပေးရမှာပေါ့။ တစ်ရာခိုင်နှုန်း မဟုတ်ရင်တောင် ၀ ဒသမ ၅ ရာခိုင်နှုန်းလောက်ကို သုံးပေးသင့်တာပေါ့” လို့ ပြောပါတယ်။ 
■ လွတ်မြောက်သွားပြီလှည်းကူးမြို့နယ် သဘာ၀ တရားရိပ်သာမှာ အသက် ၈၀ ကျော် အဘွားအို တစ်ယောက်ဟာ လေးချောင်းထောက် အကူအညီနဲ့ လမ်းလျှောက်မှုကို လေ့ကျင့်နေပါတယ်။ အဘွားအိုရဲ့ မျက်နှာမှာလည်း ခုမှ လှောင်အိမ်ထဲက လွတ်လာတဲ့ ငှက်ကလေး တစ်ကောင်လို ပျော်ရွှင်ကြည်နူးမှု အရိပ်အယောင်တွေကို တွေ့ရပါတယ်။အဘွားအိုရဲ့ ဘေးမှာလည်း ဘဝရဲ့ နောက်ဆုံး နေဝင်ချိန်ကို ဖြတ်သန်းနေတဲ့ ဘိုးဘွားတွေက ဝန်းရံလို့ နေပါတယ်။ သက်တူ ရွယ်တူ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဖေးမရင်းနဲ့ အဘွားအိုရဲ့ ပုံစံလေးက အပြစ်ကင်းတဲ့ ကလေးငယ် တစ်ယောက်လို ဖြူစင်လို့ နေပါတယ်။ဒီမြင်ကွင်းကို ကြည့်ပြီး ပီတိ ဖြစ်နေရသူ တစ်ယောက် ရှိပါတယ်။ သူ့ကတော့ ခိုလှုံရာ ပရဟိတ အဖွဲ့က မသင်းရွှေစင်လှိုင်ပဲ ဖြစ်ပါတယ်။ မြို့ပြရဲ့ ခါးသီးတဲ့ ဘဝကနေ ခုချိန်မှာတော့ တောအထပ်ထပ် တောင်အသွယ်သွယ် ကြားက ခိုကိုးရာမဲ့ သူတွေအတွက် ဆရာတော် ဦးဥတ္တမသာရ ဖွင့်လှစ်ထားတဲ့ သဘာ၀ တရားရိပ်သာလေးမှာ အဘွားအို တစ်ယောက် အေးချမ်းစွာနဲ့ ဘဝရဲ့ နောက်ဆုံး အချိန်တွေကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။အဘွားအိုလိုပဲ ရန်ကုန်မြို့ကြီးမှာ သားထောက်သမီးခံ မရှိတဲ့ အဘိုးအဘွားတွေ တောင်းရမ်းစားသောက် နေတာတွေလည်း ရှိနေပါသေးတယ်။ အချို့ အဘိုးအဘွားတွေက မိမိ စားဝတ်နေရေးအတွက် လိုက်လံတောင်းရမ်း စားသောက်နေရပေမယ့် အချို့ အဘိုးအဘွားတွေကတော့ လူလူချင်း ခေါင်းပုံဖြတ် အမြတ်ထုတ် ခိုင်းစားနေကြတဲ့ သူတွေကြောင့် တောင်းရမ်း နေရတာတွေလည်း ရှိနေပါသေးတယ်။ဒီဖြစ်စဉ်တွေကို တာဝန်ရှိသူတွေ အနေနဲ့ ထိထိရောက်ရောက် အရေးမယူနိုင်သေးဘူး ဆိုရင်တော့ အဘိုးအဘွားတွေကို တောင်းရမ်း ခိုင်းစေနေတဲ့ သူတွေက အတင့်ရဲနေဦးမှာပါပဲ။ဒီကိစ္စနဲ့ ပတ်သက်လို့ ခိုလှုံရာ ပရဟိတ အဖွဲ့မှ မသင်းရွှေစင်လှိုင်က “သက်ကြီးရွယ်အိုတွေကို ခိုင်းစားနေတဲ့ ဂိုဏ်းတွေရှိရင် ဒီဂိုဏ်းတွေကို တာဝန်ရှိသူတွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူစေချင်တယ်” လို့ ဆိုပါတယ်။