မြက်ခင်းတစ်ခင်းရဲ့ထည်ဝါမှု

မြက်ခင်းတစ်ခင်းရဲ့ထည်ဝါမှု
Published 24 April 2016
နီမင်းဆွေ

‘လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ငယ်ဘဝရဲ့ နုပျိုလန်းဆန်းမှုတွေကို ဆုံးရှုံးသွားကြပေမယ့် လောကသဘာ၀ အလှကတော့ ဘယ်တော့မှ မပြောင်းလဲဘဲ လှပမြဲ လှပနေတာသာဖြစ်တယ်။ လူဖန်တီးတဲ့ အရာတွေဟာ သဘာဝကို ကျော်လွန်ပြီးဘယ်လိုမှ ပိုလှမလာနိုင်ကြပါဘူး။ သဘာဝက ဖန်တီးထားတဲ့ မြက်ခင်းတစ်ခုဟာ အမြဲစိမ်းစိုနေပြီး ပန်းပွင့်တွေဟာလည်း နေရောင်မှာ အစဉ်အမြဲ ဖူးပွင့်ရင်း လှပနေကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လူ့အသက်တွေဟာ ပိုကြီးရင့်လာကြပြီး ချမ်းသာတဲ့လူက ချမ်းသာလာ၊ ပညာတတ်တဲ့လူက ပိုတတ်လာ၊ တချို့ကျပြန်တော့လည်း ပိုပြီးဆင်းရဲသွားတာတွေ ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် မြက်ခင်းတစ်ခင်းရဲ့ထည်ဝါမှုနဲ့ ပန်းပွင့်တွေရဲ့ဂုဏ်ကျက်သရေရှိမှုတွေကတော့ ဘယ်တော့မှ ပြောင်းလဲသွားတာမဟုတ်ဘူး’ဆိုတဲ့ စာသားဟာ ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာကြီး ‘ဝီလီယံဝပ်စ်ဝပ်သ်’ William Wordsworth (၁၇၇၇-၁၈၅၀) ရဲ့ကဗျာထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီကဗျာကို ကျောင်းမှာတုန်းက သင်ခဲ့ရသလို ကဗျာထဲမှာဆက်ပြောသွားတဲ့ အာဘော်တစ်ခုအတိုင်း ချစ်သူနှစ်ဦးရဲ့ ဘဝတွေဟာလည်း နိမိတ်ဖတ်လိုက်သလို ဖြစ်လာကြတဲ့အကြောင်းတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ၁၉၆၁ ခုနှစ်က ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီဇာတ်ကားကတော့ ‘မြက်ခင်းတစ်ခင်းရဲ့ ထည်ဝါမှု’ Splendor in the Grass ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ပထမကမ္ဘာစစ်ကြီးပြီးခါစ ၁၉၂၈ ခုနှစ်လောက်က အမေရိကန်ပြည်ထောင်စုရဲ့ မြို့လေးတစ်မြို့မှာ နေထိုင်ကြတဲ့ ‘ဘတ်’ Warren Beatty ဆိုတဲ့ လူရွယ်လေးနဲ့ ‘ဒီနီ’  Natalie Wood  ဆိုတဲ့မိန်းကလေးတို့ဟာ တစ်ဦးနဲ့တစ်ဦး မေတ္တာမျှနေကြပါတယ်။ ဘတ်နဲ့ဒီနီတို့ကြားမှာ ပြဿနာနှစ်ရပ် ပေါ်ပေါက်လာပါတယ်။ ပထမပြဿနာကတော့ ဘတ်ရဲ့အဖေက ဘတ်ကို ဒီနီ့ကို လက်မထပ်သေးဘဲ ‘ယေးလ်တက္ကသိုလ်’ Yale University ကို တက်စေချင်တဲ့အတွက် ဖြစ်တယ်။ ဒုတိယပြဿနာကတော့ လက်ရှိအခြေအနေမှာ ဘတ်ရဲ့အဖေက သားဖြစ်သူကို ရည်းစားနှစ်ယောက် ထားစေချင်တဲ့ကိစ္စပါပဲ။ အဲဒီအထဲက တစ်ယောက်က ကိုယ်အမှန်တကယ် လက်ထပ်ရမယ့် မိန်းမဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကိုယ့်ရဲ့အလိုရမ္မက်ကို လတ်တလော ဖြည့်စွမ်းပေးနိုင်မယ့် မိန်းကလေးဖြစ်ရမယ်လို့ ဘတ်ရဲ့အဖေက ဆိုပါတယ်။ ဒါကို ဘတ်က ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ချစ်သူဟာ ဒီအချက်နှစ်ချက်လုံးကို တစ်ပြိုင်တည်း ဖြည့်စွမ်းပေးနိုင်တဲ့ မိန်းကလေးမျိုးပဲ ဖြစ်ရမယ်လို့ ဘတ်က ခံယူထားတာပါ။ ဒါ့ ကြောင့် ဘတ်က စိတ်ညစ်ပြီး ဒီနီကို မဆက်သွယ်တော့ဘဲ ဘာသိဘာသာ အနေများလာတဲ့အခါမှာ ဒီနီက ဘတ်ကို ကျောင်းက ပျံတံတံ နန့်တန့်တန့် ကောင်မလေးတစ်ယောက်နဲ့ အထင်လွဲတော့တာပါပဲ။ ဒါ့ကြောင့် စိတ်ညစ်တာကတစ်ကြောင်း၊ အရွဲ့တိုက်ချင်တာက တစ်ကြောင်းမို့ ဒီနီက သူတို့ကျောင်းက ‘တွတ်’ဆိုတဲ့ လူနဲ့တွဲပြပါတယ်။ အဲဒီလိုတွဲရင်းနဲ့ ညကပွဲတစ်ခုမှာ အမြင်မတော်တာတွေ ဖြစ်ကုန်ပြီး ဒီနီဟာ လူတစ်စုရဲ့ ဝိုင်းဝန်း မတော်မတရားပြုကျင့်တာကို ခံရတော့မလို ဖြစ်သွားပါတယ်။ ဘတ် အချိန်မီ ရောက်လာပြီး ဝင်ကယ်နိုင်ပေမယ့် ဒီနီ့ကို ဒီလိုပုံစံမျိုးနဲ့တွေ့ လိုက်တဲ့အခါ ဒီနီ့ကို ‘ငါက မင့်ကို ဒီလိုမိန်းမမျိုး မဟုတ်ဘူးလို့ အစကထင်နေခဲ့တာ’လို့ လွှတ်ခနဲ ပြောလိုက်မိပါတယ်။ ဒီနီလည်း  ဘတ်ရဲ့အဲဒီစကားကြောင့် ကြေကွဲပြီး ထွက်ပြေးသွားပါတယ်။ နောက်တော့ ဒီနီဟာ ရေတံခွန် တစ်ခုပေါ်ကနေ ခုန်ချဖို့ ကြိုးစားပါတယ်။ လူတွေက သူ့ကိုအချိန်မီ ဝိုင်းဖမ်းပြီး စိတ်ရောဂါသည်တွေကို ကုသပေးတဲ့ စာရိတ္တ ပြုပြင်ရေး စခန်းတစ်ခုကို ပို့လိုက်ကြပါတယ်။ ဒါ့ကြောင့် စခန်းရဲ့ကုန်ကျစရိတ်တွေပေးဖို့ ငွေလိုလာတဲ့အတွက် ဒီနီရဲ့မိဘတွေဟာ စတော့ရှယ်ယာတွေကို အကုန်ထုတ်ရောင်းလိုက်ရတဲ့အခါမှာ ဈေးကောင်းရသွားပါတယ်။ သူတို့အဲဒီလို ထုတ်ရောင်းလိုက်ပြီး မကြာခင် အမေရိကားမှာ စီးပွားရေးပျက်ကပ်ကြီးဆိုက်ပြီး စတော့ရှယ်ယာတန်ဖိုးတွေ ထိုးကျသွားကြလို့ ဒါဟာ တစ်နည်းအားဖြင့်တော့ ကံကောင်းချင်လို့ ဖြစ်လာတယ်လို့ပဲ ဆိုရမှာပါ။
ပြုပြင်ရေးစခန်းကို ရောက်သွားတဲ့အခါ ဒီနီဟာ’ဂျွန်နီ’ဆိုတဲ့ လူနာတစ်ယောက် နဲ့တွေ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ ဘတ်ဟာ ယေးလ်တက္ကသိုလ်ကို အပို့ခံရပါတယ်။ စာပေမှာ မပျော်မွေ့ဘဲ နွားမွေးပြီး ခြံလုပ်ဖို့ တစ်ခုတည်းကိုသာ ဝါသနာပါတဲ့ ဘတ်ဟာ စာမေးပွဲမှာ ဘာသာစုံကျပါတယ်။ ဘတ်တက္ကသိုလ်တက်နေချိန်မှာ တက္ကသိုလ်အနီးက စားသောက်ဆိုင်ဖွင့်ထားတဲ့ အီတာလျံနွယ်ဖွား စားသောက်ဆိုင်ပိုင်ရှင်ရဲ့သမီး ‘အင် ဂျလီနာ’နဲ့ သိကျွမ်းသွားပါတယ်။ အင်ဂျလီနာဟာ တကယ့်အရိုးခံဖြစ်ပြီး လူတစ်ဖက်သားကို စာနာနားလည်တတ်သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘတ်ရဲ့အဖေဟာ ယေးလ်တက္ကသိုလ်ကို ရောက်လာပြီး သူ့သားကို ကျောင်းမထုတ်ဖို့ ပါမောက္ခချုပ်နဲ့ လာတွေ့ပြီး မေတ္တာရပ်ခံပါတယ်။ ဒါပေမဲ့ မရပါဘူး၊ အဲဒီအချိန်မှာ စတော့ဈေးကွက်တွေ ပြိုလဲသွားတဲ့ သတင်းကိုရလို့ ဘတ်ရဲ့ အဖေဟာ ဘတ်နဲ့အတူ နယူးရော့ခ်ကအိမ်ကို ၁၉၂၉ ခုနှစ် အောက်တိုဘာလထဲမှာ ပြန်လာပါတယ်။ အိမ်ရောက်ပြီး မကြာခင်မှာ ဘတ်ရဲ့အဖေဟာ သူ့ကိုယ်သူ အဆုံးစီရင် သွားတော့တာပါပဲ။
စာရိတ္တပြုပြင်ရေးစခန်းမှာ နှစ်နှစ်နဲ့ ခြောက်လကြာနေလာပြီးတဲ့အခါ  ဒီနီဟာ အိမ်ကို အပြီးပြန်လာခွင့်ရသွားပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ဘတ်ရဲ့အဖေ ကွယ်လွန်သွားပြီဆိုတာရယ်၊ ဘတ်ရဲ့အမေဟာလည်း နီးစပ်ရာ ဆွေမျိုးတစ်ယောက်ရဲ့အိမ်မှာ သွားပြီး ကပ်နေရတယ်ဆိုတာရယ်၊ ဘတ်ရဲ့အစ်မဖြစ်သူ ဂျင်နီဟာလည်း ကားတိုက်မှုတစ်ခုမှာ ကွယ်လွန်သွားပြီ ဆိုတာတွေရယ်ကို သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဒီနီရဲ့အိမ်ကို ကျောင်းနေဖက်သူငယ်ချင်းနှစ်ယောက် ရောက်လာပါတယ်။ ဒီနီဟာသူတို့နဲ့အတူ မြို့အပြင်ဘက်မှာရှိတဲ့လယ်တောမှာနေနေတဲ့ ဘတ်ဆီကို သွားလည်ကြပါတယ်။  အဲဒီအချိန်မှာ ဘတ်ဟာ အင်ဂျလီနာနဲ့ အိမ်ထောင်ကျနေပြီး ရှစ်လအရွယ် သားလေးတစ်ယောက်တောင် ရနေပါပြီ။ အင်ဂျလီနာ့မှာလည်း နောက်ထပ်ကိုယ်ဝန်နဲ့ပါ။ ဘတ်က ဒီနီ့ကို သူ့အိမ်က အပြန်မှာ ကားနားထိလိုက်ပို့ပါတယ်။ ကားပေါ်မတက်ခင် ဒီနီက သူလည်း နောက်လထဲရောက်ရင် စခန်းမှာတွေ့ခဲ့ရတဲ့ ဂျွန်နီဆိုတဲ့ လူနဲ့ လက်ထပ်တော့မယ်လို့ ဘတ်ကိုပြောလိုက်ပါတယ်။ ဒီစကားကိုနားထောင်ပြီး ဒီနီဟာ တကယ်ပဲလက်ထပ်တော့မှာလား၊ သူ့ စိတ်ဖြေသာရာရအောင် တမင် ပြောသွားတာလားဆိုတာကို ဘတ် မဝေခွဲနိုင်တော့ပါဘူး။ ဒါ့ကြောင့်လည်း ဘတ်က ‘တို့တစ်တွေရဲ့ဘဝတွေထဲမှာ ပျော်ရွှင်စရာဆိုတဲ့ အကြာင်းတွေကို တွေးမနေတော့ဘဲ လက်ရှိဘဝတွေက ပေးလာတဲ့ အခြေအနေတွေအတိုင်းပဲ လျှောက်ကြရတော့မယ် ထင်ပါရဲ့ကွာ’လို့ ပြန်ပြောလိုက်ပါတယ်။ ကားထဲရောက်တာနဲ့ သူငယ်ချင်းနှစ်ယောက်က ‘ညည်း ဘတ်ကို စိတ်မကုန်သေးဘူးမဟုတ်လား၊ အခုထိ ချစ်နေတုန်းပဲမဟုတ်လား’လို့ အတင်းဇွတ်မေးနေကြတာကို ဒီနီ မဖြေနိုင်ရှာပါဘူး၊ ကျောင်းတုန်းက သင်ခဲ့ရတဲ့ အင်္ဂလိပ်ကဗျာဆရာကြီး ‘ဝပ်စ်ဝပ်သ်’ရဲ့ကဗျာထဲကစာသားတချို့ကိုသာ ပြန်လည် ကြားယောင်လာမိပါတယ်။ အဲဒီ စကားတွေကတော့ ‘Though nothing can bring back the hour of splender in the grass, glory in the flower, we will grieve not; rather find strength in what strength in what remains behind’ ‘ငယ်စဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ မြက်ခင်းတစ်ခင်းရဲ့ထည်ဝါမှု ပန်းတစ်ပွင့်ရဲ့ဂုဏ်ကျက်သရေတို့ကို တွေ့မြင်လိုက်ရတဲ့ အခါတုန်းကလို ကြည်နူးပျော်ရွှင် ရင်ခုန်ရတဲ့ ခံစားမှုမျိုးကို ပြန်လည်ရရှိလာအောင်တော့ အခုအချိန်မှာ ဘယ်အရာကမှ လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီ့အတွက် ဝမ်းနည်းကြေကွဲနေဖို့လည်း မလိုပါဘူး၊ လက်ရှိဘဝတွေထဲက ခွန်အားတွေကိုရှာဖွေပြီး ရှေ့သို့သာသွားပါ’ ဆို တဲ့စကားပဲ ဖြစ်ပါတယ်။ ဒီစကားသံတိတ်သွားတဲ့အချိန်မှာပဲ ရုပ်ရှင်လည်း ပြီးသွားပါတယ်။
အင်္ဂလိပ်ကဗျာဆရာကြီး ဝပ်စ်ဝပ်သ်ဟာ မြန်မာနိုင်ငံက စာဆိုတော်ကြီး ဦးကြင်ဥ (၁၇၇၃-၁၈၄၈)နဲ့ ခေတ်ပြိုင် စာဆိုတစ်ဦး ဖြစ်ပါတယ်။ ဝပ်စ်ဝပ်သ်စပ်ဆိုခဲ့တဲ့  Intimations of immortality ဆိုတဲ့ ဒီရတုကဗျာဟာ အလွန်နာမည်ကြီးပြီး နိုင်ငံတကာက အထက်တန်းကျောင်းတွေမှာ သင်ကြားကြရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုကြည့်အပြီး မှာ ဝပ်စ်ဝပ်သ်ရဲ့ကဗျာထဲက စာကြောင်းလေးတွေကို ဖတ်ကြည့်ရင်း ကိုယ့်နိုင်ငံအကြောင်းကိုလည်း တွေးနေမိပါတယ်။ ကိုယ်တို့နိုင်ငံကို ပြန်ပြောင်း ကြည့်လိုက်မယ်ဆိုရင်လည်း ၁၉၅၈ ကနေ ၁၉၆၁ ခုနှစ်လောက်အထိ အခုလက်ရှိ အာဆီယံဆယ်နိုင်ငံထဲမှာ အချမ်းသာဆုံး၊ လူနေမှု အဆင့်အတန်းအမြင့်မားဆုံး၊ အိမ်နီးနားချင်းတွေ လာအလည်ချင်ဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ စင်ကာပူက လူတွေ နိုင်ငံခြားကို ဈေးဝယ်ထွက်မယ်ဆိုရင် ရန်ကုန်ကိုလာကြရတာပါပဲ။ မြဝတီနယ်စပ် ဂိတ်မှာလည်း တစ်ဖက်နိုင်ငံကလူတွေ မြဝတီဈေးထဲက ငါးသေတ္တာတွေ၊ လက်တိုဂျင်နို့မှုန့်တွေ၊ နို့ဆီဘူးတွေကို အလုအယက် လာဝယ်ခဲ့ကြရတာကိုလည်း အခုအသက်အရွယ် ရနေပြီဖြစ်တဲ့လူကြီးတွေ အမှတ်ရနေကြဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ဟာလည်း အိမ်နီးနားချင်းနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေက အစ်မလို့ ခေါ် ရလောက်အောင် သန့်ရှင်းသပ်ရပ် သာယာ လှပခဲ့တယ် ဆိုတာကိုလည်း ရှေ့မီနောက်မီ လူကြီးတွေကိုမေးကြည့်ရင် သိနိုင်ပါသေးတယ်။ အခုတော့ ဝပ်စ်ဝပ်သ်ရဲ့ကဗျာထဲက လိုပဲ အချိန်တွေ ကြာညောင်းလာတာနဲ့အမျှ ကိုယ်တို့နိုင်ငံဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ဖော်ပြခဲ့တဲ့ ရတုကဗျာထဲကလိုပဲ ပိုပြီးချမ်းသာယာလာတာလား ပိုပြီးဆင်းရဲသွားတာလား ပညာတွေ ပိုတတ်လာကြသလား၊ ဒါမှမဟုတ် ဘာတွေ ဖြစ်ကုန်ကြသလဲဆိုတာတွေကို ဆွေးနွေး မနေချင်တော့သလို ဒီအဖြစ်တွေအတွက် ပြည်သူတွေကိုလည်း ကြေကွဲ ဝမ်းနည်း မနေစေချင်တော့ပါဘူး။ အခုအချိန်မှာ ရရှိထားတဲ့အခြေ အနေတွေဟာ ကိုယ်တို့တစ်တွေ တစ်သက်တာ ပိုင်ဆိုင်ခဲ့ဖူးသမျှတွေထဲမှာ တန်ဖိုးအကြီးမားဆုံး ခွန်အားတွေဖြစ်နေတယ်ဆိုတာကိုသာ သတိရနေကြစေချင်တာပါပဲ။
ဒါ့ကြောင့် ကိုယ်တို့တစ်တွေဟာ ဒီခွန်အားတွေကိုစုစည်းပြီး ရှေ့သို့သာသွားမယ်ဆိုရင် ထည်ဝါတဲ့မြက်ခင်းတွေနဲ့ နေရောင်အောက်မှာ တောက်ပပြီး ဂုဏ်သရေရှိရှိ ပွင့်လန်းနေကြတဲ့ ပန်းပွင့်တွေဟာ မဝေးကွာလှတဲ့ အနာဂတ်တစ်နေရာကနေ ကိုယ်တို့တစ်တွေကို လက်ကမ်းလို့ကြိုဆိုနေကြမှာ အမှန်ပဲဆိုတဲ့ သတင်းစကားလေးနဲ့ ကိုယ်တို့ပြည်သူတွေဆီကို နှစ်သစ်ကူးအခါသမယမှာ အမှာစကား လက်ဆောင်ပါးလိုက်ချင်မိပါတယ်။