ရေရတဲ့မျက်နှာ (၂)

ရေရတဲ့မျက်နှာ (၂)
Published 16 March 2016
ဒေါက်တာသိန်းမြင့်

နှစ်စဉ် နွေရာသီရောက်တိုင်း မြေလတ်ပိုင်း ဒေသများတွင် အပူဒဏ်အပြင် သောက်သုံးရေ ပြတ်လပ် ရှားပါးမှုများ နှစ်စဉ် ကြုံတွေ့ရမြဲ ဖြစ်တယ်။ အဖွဲ့အစည်း ပေါင်းစုံမှ စက်ရေတွင်းများ တူးပေးခဲ့သော်လည်း လုံလောက်မှု မရှိဘဲ ဖြစ်လျက် ရှိပါတယ်။ စက်ရေတွင်း အချို့လည်း ပျက်စီးလျက် ရှိကြပြီး အချို့ဆိုလျှင် သုံးမရသည့် ရေများသာ ထွက်လျက် ရှိတာကို တွေ့ရပါတယ်။ အခုနှစ်တွင် အယ်လ်နီညို ရာသီဥတုနဲ့ ကြုံလျက် ရှိတဲ့အတွက် လက်ယက်တွင်း၊ စမ်းတွင်းနှင့် ရေတွင်းရေကန်များဟာ စောစီးစွာပင် ခန်းခြောက်စ ပြုနေပြီ ဖြစ်တယ်။ အဲဒီ ပြဿနာဟာ မြေလတ်ပိုင်းမှာ သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံး အောက်ပိုင်း ဒေသများပါ မကျန် သင်္ကြန်ပြီး ကာလများတွင် ပို၍ ဆိုးရွားလာဖွယ် ရှိပါတယ်။ 
■ ခဲပစ်ရွာမှ ရွှေစက်တော်သို့ခဲပစ် ကျေးရွာတွင် ရေအလှူအတွက် အစီအစဉ်များ ပြုလုပ်ပြီးတဲ့ အခါ နေ့ခင်း နှစ်နာရီ ထိုးနေပြီ ဖြစ်တယ်။ ခရီးလမ်းအတွက် ကြာချိန်ကို ကြိုတင် မတွက်ဆနိုင် အချိန်ကလည်း လင့်နေတဲ့အတွက် သူတို့ကျွေးတဲ့ ထမင်းပွဲကို မငြင်းဘဲ ဝင်ရောက် စားမိပါတော့တယ်။ ပိနဲ္နသီး အတုံးလိုက်နဲ့ ဆူးပုပ်ရွက် ဟင်းချို၊ ဖရုံသီး အတုံးလိုက်နဲ့ ဂေါ်ဖီထုပ် အရွက်လိုက် ချဉ်ရည်ဟင်းအပြင် ကြက်ဥကြော် တစ်ယောက် တစ်လုံးစီနဲ့ ဧည့်ခံရာ မမေ့နိုင်စရာ ထမင်းမြိန်စားပွဲကို ကြုံခဲ့ရပါတယ်။ မိန်ရာဟင်းကောင်း ဆိုတာ ဒါမျိုးပဲ ဖြစ်မှာပါ။ခဲပစ်မှ ထွက်လာပြီး ပုသိမ်-မုံရွာ လမ်းအတိုင်း လာခဲ့ရာ မိုင်တိုင်အမှတ် ၂၇၄ အရောက်တွင် ရွှေစက်တော်သို့ သုံးမိုင်ဆိုတဲ့ လမ်းညွှန်ကို တွေ့ရလို့ ရွှေစက်တော် (အောက်စက်တော်ရာ) ဘုရားကို ဝင်ရောက် ဖူးမြော်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ မရောက်တာ ကြာပြီဖြစ်တဲ့ ရွှေစက်တော် အဝင်လမ်းက အတော် ပြောင်းလဲသွားတာ တွေ့ရပါတယ်။ အသွား တစ်လမ်း၊ အပြန် တစ်လမ်းနဲ့ လမ်းက အတော် ကျယ်ဝန်းပြီး အန္တရာယ် ကင်းကင်းနဲ့ မြန်မြန် သွားနိုင်ကြပြီဖြစ်တယ်။ တဲကျောင်းလမ်းတစ်လျှောက် ဘုရားဖူး နည်းတဲ့အတွက် အောက်စက်တော်ရာ ဘုရားအထိ ကားကို တိုက်ရိုက် လွယ်ကူစွာ အခက်အခဲ မရှိ မောင်းသွားနိုင်ပါတယ်။ ဘုရားတန်ဆောင်းထဲမှာ ဘုရားဖူး ခရီးသည်တွေ အပြည့် နားနေကြတာ တွေ့ရပါတယ်။ နေပူလို့ နားနေကြတာ ဖြစ်ဖို့ များပါတယ်။ ဘုရားစာအုပ် ဝယ်တဲ့ဆိုင်ကို အခြေအနေ မေးမြန်းကြည့်တဲ့ အခါ အခုအထိ ဘုရားဖူးများ လာရောက်မှု နည်းပါးကြကြောင်း ရေကြီးရေလျှံ ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်နိုင်ကြောင်းနဲ့ ပညာရှင်တွေ အနေနဲ့ သတိပေးမှုများ ပြုလုပ်တဲ့အခါ ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်နဲ့ အန္တရာယ် လွတ်ကင်းသွားတဲ့ အခါမှာလည်း ပြန်လည် အသိပေး ထုတ်ပြန်ပြောဆို ပေးကြဖို့ လိုကြောင်း ရှင်းပြပါတယ်။ 
■ ပဒါန်းလမ်းဆုံ ပျော်ဘွယ်ရွာမှ လေးပင်ရွာသို့ရွှေစက်တော်မှ တစ်ဆင့် ပုသိမ်-မုံရွာ လမ်းအတိုင်း ပဒါန်းလမ်းဆုံမှတစ်ဆင့် သွားခဲ့ရာ ပျော်ဘွယ်ကျေးရွာကို ရောက်ရှိပါတယ်။ အတွင်းပိုင်း ရွာတွေမှာ ရေအခက်အခဲ အခြေအနေကို မေးကြည့်ရာ အခုအထိ အဆင်ပြေနေကြောင်းနဲ့ နှစ်စဉ် မေလပိုင်းတွင် ရေအခက်အခဲ ကြီးမားစွာ ရှိကြကြောင်း သိရှိရပါတယ်။ ရွာသားတွေက အင်မတန်မှ ရိုးသားကြပါတယ်။ ရေလိုအပ်ရင် လိုအပ်တယ် ပြောလေ့ရှိကြပြီး မိမိတို့ ပြည့်စုံနေရင်လည်း တကယ်လိုတဲ့ နေရာတွေကို ညွှန်ပြလေ့ ရှိကြပါတယ်။ပျော်ဘွယ်ရွာမှ တစ်ဆင့် လေးပင်ရွာသို့ ဆက်လက် သွားရောက်ခဲ့ပါတယ်။ လေးပင်ရွာဟာ ရွာကြီးတစ်ရွာဖြစ်ပြီး မင်းဘူးမှတစ်ဆင့် ပုသိမ်-မုံရွာ လမ်းအတိုင်း သွားရာတွင် ခရီးသည် အများစု ခေတ္တရပ်နားကြတဲ့ ခရီးသည် စခန်းရွာကြီး ဖြစ်ပါတယ်။ လေးပင်ရွာမှာ ခေတ္တ နားနေစဉ် ကျေးရွာအလှူပွဲ လှည့်လည်တာကို ခမ်းခမ်းနားနား တွေ့လိုက်ရပါတယ်။ ဝန်ကြီးတွေ၊ စစ်သူကြီးတွေ၊ ဘုရင်၊ မိဖုရား၊ သားသမီးတွေ၊ မောင်ရင်လောင်း အဖေတွေက သပိတ်ပိုက်၊ အမေတွေက သင်္ကန်းကိုင်၊ မောင်ရင်လောင်းတွေက ရှေးမင်းညီမင်းသား ဝတ်စုံအပြည့်နဲ့ မြင်းပေါ်မှာ ရွှေထီးဆောင်းပြီး အခန့်သားထိုင်၊ ရွာက အချောအလှတွေက ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်နဲ့ အတော်ကို ကျက်သရေ ရှိလှပါတယ်။မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေ ထိန်းသိမ်းနေကြတာ လွန်စွာဝမ်းသာ ကြည်နူးရပြီး စိတ်ထဲမှ ကျိတ်၍ ကျေးဇူးတင်နေမိပါတယ်။ ကံချင်းဆက်နေတာလားမသိ ထူးဆန်းလိုက်တာ၊ ရှင်လောင်းလှည့်လည်ပွဲ ဖြတ်ကျော်သွား အပြီးမှာပဲ တောင်တွင်းကြီးမြို့နယ် မင်းရွာ ကျေးရွာတွင် တူးဖော်နေတဲ့ စက်ရေတွင်းက ပေ ၅၈၀ အရောက်မှာ ရေစတင်ထွက် (ယို) ပြီဖြစ်ကြောင်း သတင်းကောင်းကို စတင်ကြားရပါတယ်။ကျွန်တော်တို့အဖွဲ့ တူးနေတဲ့ စက်ရေတွင်းထဲက ပထမဆုံး ရေစထွက်တဲ့ စက်ရေတွင်းလည်း ဖြစ်ပါတယ်။ ရွာက လူတွေတော့ ဘယ်လောက် ပျော်နေလိုက်ကြမလဲ။ ရေရတဲ့ သူတို့ရဲ့ မျက်နှာလေးတွေမှာ အပြုံးတွေ ဝေဆာနေမှာ သေချာလှပါတယ်။ 
■ မကွေးမြို့ လေးပင်မှတစ်ဆင့် မင်းဘူးနှင့် မကွေးတံတားကို ဖြတ်၍မကွေးမြို့ကို ရောက်တဲ့အခါ မှောင်နေပြီ ဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် မကွေးတွင် သုံးနှစ်ကျော် နေခဲ့ရစဉ်က မင်းဘူးဘက်ခြမ်းကို ဇက်ပေါ် ကားတွေတင်ပြီး ခက်ခက်ခဲခဲ အချိန် နျစ်နာရီလောက် ကြာတဲ့အထိ သွားခဲ့ရပုံကို ပြန်လည် မြင်ယောင် လာမိပါတယ်။ နေ့ခင်းမှာ ပူသလောက် ညပိုင်းက စ၍ မနက်စောစောပိုင်းအထိ အေးမြလှပြီး မကွေးမြို့ကလည်း အရင်အတိုင်းပင်။ ညဦးပိုင်း ကိုးနာရီလောက်မှာ လမ်းပေါ်မှာ လူတော်တော် ကျဲနေတာ ပုံမှန်အတိုင်း တွေ့ရပါတယ်။ 
■ ကန်ဒေါင်းကျေးရွာရေနံချောင်း-ဂွေးချို လမ်းဘေးမှာရှိတဲ့ ကန်ဒေါင်းကျေးရွာမှာ ရေအခက်အခဲ အခြေအနေ လေ့လာရန် ဝင်ရောက်ခဲ့ပါတယ်။ ရွာကအိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဘုန်းကြီးကျောင်း အတွင်းမှာ သောက်ရေကန် တစ်ကန်နဲ့ ရွာအပြင်နားမှာ လူသုံးရေကန် တစ်ကန် ရှိပါတယ်။ လူသုံးရေကန်မှာ ရေတော်တော်များများ ကျန်နေသေးတာ တွေ့ရပါတယ်။ ရွာသူ ရွာသားတွေက လူသုံးရေကန်အတွင်း ရေစပ်အထိ ထိုးထားတဲ့ တံတားပေါ်မှာ ကန်ရေကို တိုက်ရိုက်ခပ်ချိုး၊ အဝတ်လျှော်နေကြတာ တွေ့ရတယ်။ တချို့ဆို ကန်ထဲမှာ ရေကူးနေကြပါတယ်။ ချိုးရေ၊ သုံးရေကို ကုန်ခန်းမှု နည်းရအောင် သူတို့နည်း သူတို့ဟန်နဲ့ Recycle ပြန်လုပ်နေကြတာ ထူးထူးခြားခြား တွေ့ရပါတယ်။ 
■ အင်ကြင်း ကိုင်းရွာအင်ကြင်း ကိုင်းရွာဟာ သစ်ရာကောက်အလွန် မကွေး-တောင်တွင်းကြီး လမ်းနံဘေးမှာ တည်ရှိပြီး ရေတွင်း၊ ရေကန် လုံး၀ မရှိဘဲ ချောင်းအခြောက် အတွင်းရှိ လက်ယက်တွင်းကိုသာ အားကိုးနေကြရပါသည်။ ကားလမ်း ရေကျော် တစ်ခုမှ ခပ်လှမ်းလှမ်းအကွာ နေပူထဲတွင် အဘွားအိုတစ်ယောက် လက်ယက်တွင်းမှ ရေကို ရေနှစ်ပုံးအတွက် စစ်ပြီး စောင်းခပ်နေတာကို လှမ်းမြင်ရပါတယ်။ ဒီအဘွားအိုအတွက် ဒီရေနှစ်ပုံးထဲ ရေကို ဘယ်အချိန်လောက်မှ ပြည့်ပါ့မလဲဆိုပြီး စိတ်မကောင်းစွာ တွေးနေမိပါတယ်။ကျွန်တော်တို့နဲ့အတူ လိုက်ပါ အကျိုးဆောင်နေတဲ့ မကွေးမြို့ သတင်းထောက်ကလည်း ဒီရွာကို နေ့စဉ် ရေကားနဲ့ ရေဝေပေးဖို့ စီစဉ်ထားတဲ့ထဲမှာ ပါကြောင်း ပြောလာတဲ့အတွက် ကျေနပ်ရပါတယ်။ 
■ အင်းနက်ကုန်း ကျေးရွာအင်းနက်ကုန်း ကျေးရွာကတော့ မကွေး-တောင်တွင်းကြီး လမ်းမှ မြင်းကွန်းလမ်းခွဲအတိုင်း ခြောက်မိုင်ခန့် အဲဒီကမှ တစ်ဆင့် အတွင်းဘက်ကို လေးမိုင်ခန့် လှည်းလမ်းကြောင်းအတိုင်း ယာခင်းတွေကို ဖြတ်ပြီးသွားမှ ရောက်ပါမယ်။ အဲဒီ ရွာမှာ လက်ယက်တွင်း ငါးတွင်းရှိပြီး နှစ်တွင်းက လုံးဝခန်းသွားပြီး နောက်သုံးတွင်းလည်း မကြာခင် ခန်းတော့မှာဖြစ်ကြောင်း ပြောပြီး ရွာသားတွေက ကျွန်တော်တို့ကို အဲဒီတွင်းတွေဆီ ကိုယ်တိုင် လိုက်ပြပါတယ်။ တစ်စက်တစ်စက် စိမ့်စီးဆင်းနေတဲ့ ရေတွင်းထဲမှာ တစ်ညလုံး စောင့်ခပ်မှ ရေတစ်ပုံးလောက်ပဲရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီရွာရဲ့ ဘုန်းကြီးကျောင်းဝင်း ထဲမှာတော့ လွန်ခဲ့သော နှစ် ၄၀ ကျော်က တူးခဲ့တဲ့ စက်ရေတွင်းနဲ့ အုတ်ရေကန်ကြီး ရှိပါတယ်။ အဲဒီ စက်ရေတွင်းက သောက်လို့၊ ထမင်းချက်လို့ မရဘဲ ရေချိုးရင်တောင် အမှုန်တွေ ကပ်ကျန်ခဲ့လို့ လုံး၀ သုံးမရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒါကိုပဲ သူတို့က ကြံဖန်စစ်ပြီး သုံးရေနဲ့ နွားအတွက် ရေကို သုံးစွဲနေကြရပါတယ်။ရေတင်တဲ့ လမ်းကြောင်း ပိတ်တာဖြစ်ဖြစ်၊ ရေစုပ်တဲ့ စက်ပျက်တာပဲ ဖြစ်ဖြစ် ကြုံခဲ့ရင်တော့ တစ်ရွာလုံး မျက်ကလဲဆန်ပျာ ဖြစ်ကြောင်း ပြောပြကြပါတယ်။ အခုတော့ အဲဒီရွာမှ စက်ရေတွင်း စတင် တူးဖော်နေပါပြီ။ ၁၉၈၇ ခုနှစ် ဆေးတက္ကသိုလ် (၁) ကျောင်းဆင်း ဆရာဝန်တွေက စုပေါင်းပြီး လှူကြမှာ ဖြစ်ပါတယ်။ 
■ ပထမဆုံး ရေစတင် ယိုတဲ့ မင်းရွာစက်ရေတွင်းတောင်တွင်းနဲ့ ဆပ်သွားအလွန် တောင်တွင်း-အောင်လံလမ်းအတိုင်း အတွင်းဘက်ကို သုံးမိုင်ကျော် ဝင်ပြီးတဲ့အခါ မင်းရွာကို ရောက်ရှိပါတယ်။ ၅၀၈ ပေမှာ ရေစတင် ထွက်ခဲ့တဲ့ စက်ရေတွင်းဟာ ရေမှုတ်ပြီး ခုနစ်နာရီကျော် အကြာမှာ ရေကြည် စတင် ရရှိနေပါပြီ။ကျွန်တော်တို့ ရောက်ရှိသွားချိန်မှာလည်း လှည်းတွေနဲ့ ရေလာသယ်နေကြတာ တွေ့ရပါတယ်။ တချို့ကလည်း တစ်နိုင်တစ်ပိုင် ခေါင်းပေါ်ရွက်လို့ တစ်မျိုး၊ လက်နှစ်ဖက်နဲ့ ဆွဲလို့ တစ်မျိုး သယ်နေကြပါတယ်။ ကလေးတချို့ကတော့ ရေချိုးပြီး ဆော့ကစားနေကြပါတယ်။ အဲဒီရွာအတွက် သိုလှောင်စရာ အုတ်ရေကန်နဲ့ မီးစက်၊ ရေတင်စက်တို့ တစ်ပါတည်း ဝယ်ယူပေးလှူရန် ပြောဆိုကြပါတယ်။ရေရလို့ တစ်ရွာလုံး တစ်ရပ်လုံးက လူတွေ ပြုံးပျော်နေကြတဲ့ မျက်နှာတွေဟာ တစ်နိုင်ငံလုံးက သူတွေဆီ ကူးစက်ပါစေလို့ ဆုတောင်းလျက် . . .

Most Read

Most Recent