မြန်မာနိုင်ငံတွင် ဧကငါးသန်းခန့်မှာ သိမ်းဆည်းခံ လယ်ယာများဖြစ်၍ စိုက်ပျိုးခြင်း မရှိသဖြင့် စပါးအထွက်နှုန်း လျော့ကျလာခြင်းဖြစ်ကာ နှစ်စဉ် ဆန်တန်ချိန် ငါးသန်းခန့် နစ်နာနေဟုဆို

မြန်မာနိုင်ငံတွင် ဧကငါးသန်းခန့်မှာ သိမ်းဆည်းခံ လယ်ယာများဖြစ်၍ စိုက်ပျိုးခြင်း မရှိသဖြင့် စပါးအထွက်နှုန်း လျော့ကျလာခြင်းဖြစ်ကာ နှစ်စဉ် ဆန်တန်ချိန် ငါးသန်းခန့် နစ်နာနေဟုဆို
Published 27 February 2016
နီလာ

ဆန်စပါး အဓိက စိုက်ပျိုးသည့် မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းများအတွင်း ဆန်စပါးအထွက်နှုန်း တဖြည်းဖြည်း ကျဆင်းလာနေခြင်းသည် နှစ်စဉ်ဧက ငါးသန်းခန့်မှာ မြေသိမ်းယာသိမ်းမှုများကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိသဖြင့် အထွက်နှုန်းများ လျော့ကျလာရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောကြားသည်။“သူတို့ပြောတာက စပါးအထွက်ကျတာ လယ်သမားတွေ မျိုးပြောင်းစိုက်လို့ အထွက်ကျတယ်ဆိုတာ လုံးဝအဓိပ္ပာယ် မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် လယ်သမားတွေ မျိုးပြောင်းစိုက်တာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက စိုက်တာ။ သူတို့ပြောတဲ့ ဒေသမျိုးတွေ၊ ပေါ်ဆန်းတို့ ဘေးကျားတို့ စိုက်တာကြာပြီ။ ဒီနှစ်စပါး အထွက်ကျတာက ဧည့်မထတွေကို မိုးတွင်းမှာ လယ်သမားတွေ မစိုက်ကြဘဲနဲ့ ပေါ်ဆန်းတို့ ပေါ်ကျွဲတို့ကို စိုက်လို့အထွက်နှုန်း ကျသွားတယ်လို့ ပြောကြတယ်။ ဒါတွေက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ကတည်းက ပြောင်းစိုက်ပြီးပြီ။ ဆိုတော့ ဒီလိုအထွက်ကျတာတွေက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဖြစ်မှာပေါ့။ ဆန်ဈေးတွေကြီးတာတို့၊ ဆန်စပါးဝယ်ယူရေး ခက်တာတို့လေ။ ဘာလို့လဲဆိုတော့ မနှစ်က ရေကြီးနစ်မြုပ်တာတွေ ခံရတယ်။ အဲဒီအတွက် အထွက်နှုန်းတွေ ကျတယ်” ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောကြားသည်။ဆက်လက်ပြီး ၎င်းက “နောက်ဒုတိယ အချက်က မြေသိမ်းယာသိမ်းတွေကြောင့် လယ်သမားတွေက ကိုယ့်ရဲ့ဓားမဦးချစိုက်တဲ့ မြေတွေကို မစိုက်ရဘဲနဲ့ မြေသိမ်းယာ သိမ်းထားတဲ့သူတွေမှာ ခြံတွေကာပြီးတော့ အလဟဿ ဘာမှမစိုက်ဘဲ လွှတ်ထားတဲ့ မြေတွေက ဧကငါးသန်းလောက်ရှိတယ်။  ဒီငါးသန်းလောက်ရဲ့ အထွက်နှုန်းက ဘယ်လောက်ရှိလဲဆိုရင် တစ်ဧကကို စပါး ၈၀ ပဲထွက်ဦး၊ စပါး ၈၀ ကို ဆန်ကြိတ်ရင် ဆန်တစ်တန် ပြန်ရတယ်။ ဆိုတော့ တစ်ဧကကို ဆန်တစ်တန် မရဘူးလား။ ဧကငါးသန်းဆိုတော့ ဆန်တန်ချိန် ငါးသန်းမနေဘူးလား။ ဆန်တန်ငါးသန်းဆိုတာ ဗီယက်နမ်လောက် ထိုင်းလောက်ကို ရောင်းလို့ရတယ်။ ဗီယက်နမ်က တစ်နှစ်ကို ဆန်တန်ငါးသန်း၊ ခြောက်သန်းလောက်ပဲ ရောင်းတာလေ။ ဒီနှစ်ဆန် ကြမ်းဈေးတွေ ကြီးတယ်ဆိုတာက လယ်သမားတွေ မျိုးပြောင်းစိုက်တာကြောင့် မဟုတ်ဘူးလို့ ပြောချင်တယ်” ဟု ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသည့် ဧည့်မထ ဆန်ကြမ်းနှင့် ပေါ်ဆန်းတို့၏ ဆန်အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၅၀၊ ၆၀ ကျော်ခန့်ဖြင့် အထွက်နှုန်းတူကြောင်း၊ အဆိုပါ ဧည့်မထမျိုးစပါးကို နွေရာသီတွင် စိုက်ပျိုးပါက တင်း ၁၅၀ ခန့်ထွက်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဧည့်မထမှာ နေရောင်ခြည် ကြိုက်သဖြင့် နွေစပါးအဖြစ် စိုက်ပျိုးပါက အထွက်နှုန်းပိုများနိုင်ကြောင်း သိရသည်။“ကျွန်တော့်ရဲ့ စိုက်ပျိုးရေးအသိနဲ့ အတွေ့အကြုံအရပြောရရင် သူတို့ပြောတာ လုံးဝလွဲမှားနေပါတယ်။ ဧကငါးသန်းဆိုတာ လူဦးရေသန်း ၅၀ ရဲ့ စားစရာ လိုအပ်ချက်ပဲ။ ဧကငါးသန်းမှာ စစ်တပ်က နှစ်သန်း၊ ကျန်တဲ့ သုံးသန်းက ကုမ္ပဏီတွေရဲ့ လက်ထဲကို ရောက်နေတာ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံတွင် မိုးစပါးကို နှစ်စဉ်ဧက ၁၆ သန်းခန့်စိုက်ပျိုးပြီး နွေစပါးကို  နှစ်စဉ် ဧကသုံးသန်းခန့်ဖြင့် စုစုပေါင်းဧက ၁၉ သန်းစိုက်ပျိုးကြောင်း သိရသည်။

Most Read

Most Recent