အင်းတော်ကြီးကန်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသ အပါအဝင် ကနဦးစီမံကိန်းနေရာငါးခုကို ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းနေရာအဖြစ် သတ်မှတ်ရန် စီစဉ်

အင်းတော်ကြီးကန်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသ အပါအဝင် ကနဦးစီမံကိန်းနေရာငါးခုကို ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းနေရာအဖြစ် သတ်မှတ်ရန် စီစဉ်
Published 16 February 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

အင်းတော်ကြီးကန်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအပါအဝင် ကနဦးစီမံကိန်းနေရာငါးခုကို ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းနေရာအဖြစ် သတ်မှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီ ၁၅ရက်တွင် ပြုလုပ်သည့် ရပ်ရွာလူထုကို အခြေခံသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာမြှင့်တင်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ပြောကြားသည်။အဆိုပါ စီမံကိန်းစတင်ပြုလုပ်မည့် နေရာငါးခုမှာ ရှမ်းပြည်နယ် ပအို့ဝ်ဒေသ၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်၊ ကရင်ပြည်နယ် သံတောင်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကယားပြည်နယ် ဒီမော့ဆိုဒေသတို့ကို  သတ်မှတ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းကို ပထမဆုံးအနေဖြင့် ပုဂံမြို့အနီး မြိုင်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ပြည်တွင်းပြည်ပ ခရီးသွား စိတ်ဝင်စားမှု မြင့်တက်၍ ခရီးသွား ၂၀၀ ကျော် ဝင်ရောက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ခရီး သွား ၁၅၀၀ ကျော် ဝင်ရောက်မည်ဟု ခန့် မှန်းထားကြောင်း သိရသည်။ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း စီမံကိန်းလုပ်ဆောင်ရခြင်းမှာ ဆောင်ရွက်ဆဲ စီမံကိန်းများမှတစ်ဆင့် ရပ်ရွာလူထုကို အလုပ်အကိုင် အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများ ရရှိစေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ဆက်လက်ပြောကြားသည်။ယင်းဆွေးနွေးပွဲသို့ Community Environment Toursim Pa-O Region မှ ဦးခွန်ထွန်းဦးမှ ပအို့ဝ်ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊ Fauna & Floral International (FFI) မှ ဦးဇွဲဇော်ဇော်ဝင်းမှ အင်းတော်ကြီးကန်နှင့် ပတ်သက်၍ လည်းကောင်း၊ Action Aid မှ Dr. Sital Kumar က မြိုင်မြို့နယ်နှင့် ပတ်သက်၍ လည်းကောင်း၊ Peace Nexus မှ ဦးစောဘုံသာက သံတောင်ကြီးနှင့် ပတ်သက်၍ လည်းကောင်း၊ World Conservation Society (WCS) မှ ဦးသန့်ဇင်က ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ International Trade Centre (ITC) မှ ဒေါ်အဲလစ်လွန်းဆွေက ကယားပြည်နယ် ဒီမော့ဆိုဒေသတို့တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့သည်။ထို့ပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရေးဆွဲရေးအတွက် လူဇင်ဘတ်နိုင်ငံအခြေစိုက် လူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Luxem-bourg Agency for Development Coopera-tion-LuxDev) နှင့် ပူးပေါင်း၍ ငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ဆက်လက်ပြောကြားသည်။  

Most Read

Most Recent