ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒုက္ခသည်စခန်းငါးခုရှိပြီး ယခုရက်ပိုင်းအတွင်း ဒုက္ခသည် ၄၀၀၀ ကျော်တိုးလာကာ အရေးပေါ်အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒုက္ခသည်စခန်းငါးခုရှိပြီး ယခုရက်ပိုင်းအတွင်း ဒုက္ခသည် ၄၀၀၀ ကျော်တိုးလာကာ အရေးပေါ်အကူအညီများ လိုအပ်နေ
Published 11 February 2016
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပလောင် (တအာင်း) အဖွဲ့နှင့် ရှမ်းလက်နက်ကိုင် (RCSS) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြို့နယ်ပေါင်း ငါးမြို့နယ်တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားရပြီး၊ မြို့နယ်ပေါင်းငါးမြို့နယ်ရှိ ပတ်ဝန်းကျင်ရွာများမှ စစ်ဘေးဒုက္ခသည် ပေါင်း ၄၀၀၀ ကျော် တိုးလာကြောင်း၊ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။စစ်ဘေးရှောင်များမှာ နမ္မတူမြို့၊ မန်ဆန်အကျော်လေးနားတွင် လူဦးရေ ၈၀ ခန့် တစ်နေရာ၊ ကွတ်ခိုင်မြို့၌ မန်းယုလေးတွင် လူ ၃၀၀ ကျော်နှင့် ကာလံတွင် လူ ၄၀၀ ကျော် စုစုပေါင်းနှစ်နေရာတွင် လူ ၇၀၀ ကျော်၊ နမ့်ခမ်းရှိ နေဝန်းနီ ဒုက္ခသည်စခန်းတွင် ၄၀၀ ဝန်းကျင်၊ ကျောက်မဲမြို့နယ် တော့ဆန်အနီး အနားဝန်းကျင်မှ ပြေးလာကြပြီး သီဟိုရ်ကျောင်းနှင့် ပန်စံစခန်းတွင် ၅၀၀ ကျော်၊ ငါးမိုင်းဝီးတွင် ဖေဖော်ဝါရီ ၈ ရက်က ဖြစ်ပွားသော တိုက်ပွဲကြောင့် လူဦးရေ ၅၅၀ ကျော် ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။စုစုပေါင်း နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ မိုင်းဝီး ငါးမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်အထိ တိုးပွားလာနေကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိသည်။ကွတ်ခိုင်ရှိ မန်းယုလေးနှင့် ကာလံစခန်းနှစ်ခုတွင် ယခင်က ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော် ရှိခဲ့သော်လည်း ယခုအခါ သွားလိုက်ပြန်လိုက်ဖြင့် ၇၀၀ ကျော်သာ ကျန်တော့ကြောင်း၊ ယခင်က မန်တုံတွင် ဒုက္ခသည်စခန်း ရှိခဲ့သော်လည်း သွားလာရေး ခက်ခဲခြင်း တောထဲတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ လူသူအရောက်အပေါက် နည်းသဖြင့် ယခုအခါ စခန်းတွင် လူမရှိတော့ကြောင်း သိရသည်။ ရွှေလီမြစ်နံဘေးတွင် ရှိနေသော ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်းတို့တွင် စစ်ပွဲများ ဖြစ်ပွားလျှင် တစ်ဘက်မှ တစ်ဘက်သို့ စစ်ရှောင်ကြရကြောင်း တွန်ဟုံးတွင် ယခင်က စစ်ရှောင်စခန်းရှိကြောင်း သိရသည်။ နမ္မတူအနီး၊ မန်ဆန် အကျော်လေး UNHCR မှ ပေးထားသော ယာယီရွက်ဖျင်တဲများဖြင့် စစ်ရှောင်ပေါင်း ၈၀ ကျော်တို့သည် လမ်းနံဘေးတွင် ဖြစ်သလို နေရကြောင်း၊ ပန်ခမ်းရွာတွင် မီးရှို့ခြင်း၊ ပစ္စည်းများယူခြင်း၊ ဖျက်ဆီးထားခြင်းတို့ကြောင့် ဒေသခံများ နေစရာမရှိတော့သဖြင့် ပြောင်းခြံများတွင် ပုန်းနေရကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ သီဟိုဠ်ကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်နမ့်ခမ်းနှင့် ကျောက်မဲတွင် ဖြစ်ပွားနေသောစစ်ပွဲကြောင့် စစ်ဘေးဒုက္ခသည်များသည် မိုးကုတ်မြို့သို့ ထွက်ပြေးသည်များလည်းရှိကြောင်း၊ နမ့်ခမ်းမြို့ရှိ လနော်ရွာတွင် ဝင်ရောက်ဖမ်းဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် တစ်ရွာလုံးရှိ အမျိုးသမီးနှင့် ကလေးများသည် မနေရဲတော့ဘဲ လနော်ရွာကြီး တစ်ရွာလုံးရှိ လူဦးရေပေါင်း ၅၅၀ တို့သည် နမ့်ခမ်း (နေဝန်းနီ) စခန်းသို့ စစ်ဘေးတိမ်းရှောင်လာကြကြောင်း သိရသည်။ထို့ပြင် တော့ဆန်ရွာအနီးအနားရှိ ညောင်ပင်လှ၊ ကလောဝိုင်း၊ တောင်ပို့လို့၊ ကုန်းသာ၊ ပါခါး၊ မန်ကျောင်း၊ ပါတိန်း၊ ပန်စုံ၊ စာပို့၊ မန်ပုံ စသော ကျေးရွာများမှ တိုင်းရင်းသားများတို့သည် မနေရဲတော့ဘဲ မြို့ပေါ်များဖြစ်သော ကျောက်မဲတို့သို့ပြောင်းလာကာ၊  တောင်ဘက်ရှိ အနီးဆုံး ပန်စုံရွာတွင်လည်း လာပုန်းအောင်းနေကြကြောင်း၊ တချို့က ဆွေမျိုးများအိမ်နေကြကာ ကျောက်မဲမြို့တွင်လည်း သီဟိုရ်ကျောင်းစသော ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားသည်မှာ ၅၀၀ ကျော် ရောက်လာပြီ ဖြစ်ကြောင်း၊ ညနေပိုင်းတွင် ဆက်လက်လာဦးမည်ဖြစ်ကြောင်း ကျောက်မဲဒေသခံများက သတင်းပေးပို့ထားကြောင်း သိရသည်။“အားလုံးပေါင်း ၃၀၀၀ နဲ့ ၄၀၀၀ ကျော်ကြားလောက် စစ်ဘေးရှောင် တိမ်းနေရတယ်။ သူတို့က ခဏလောက် တိမ်းရှောင်နေရတာလည်း ရှိတယ်။ ပြီးတော့ ပြန်လာတယ်ပေါ့။ မီးရှို့ခံရတယ်ဆိုရင်တော့ ပြန်လာလို့မရတော့ဘူးပေါ့။ ဒီလိုပဲ သွားလိုက် လာလိုက်ပဲ” ဟု   တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO အဖွဲ့ မှ လိုည်းပိုးကျိန်တီက ပြောကြားသည်။တိုက်ပွဲများသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ၌ နမ့်ခမ်းမြို့နှင့် ကျောက်မဲမြို့တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် နောက်ပိုင်းတွင် ပြန်လည်ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ်ပေါင်း ငါးမြို့နယ်မှ လူဦးရေ ၄၀၀၀ ကျော်သည် စစ်ဘေးရှောင်တိမ်းလျက် ရှိကြောင်း သိရသည်။စစ်ဘေးဒုက္ခသည်များအတွက် အနွေးထည်၊ အဝတ်အထည်၊ စောင်၊ အစားအစာနှင့် အသုံးအဆောင်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent