မြန်မာ့ဆန် ပြည်ပတင်ပို့ရာတွင် တရုတ်နိုင်ငံ ဈေးကွက်တစ်ခုတည်းကိုသာ အားပြုတင်ပို့ထားရာ အကယ်၍ အတားအဆီးရှိပါက မြန်မာ့ဆန်စပါးကဏ္ဍအတွက် အန္တရာယ်ကြီးမားကြောင်း သတိပေး

မြန်မာ့ဆန် ပြည်ပတင်ပို့ရာတွင် တရုတ်နိုင်ငံ ဈေးကွက်တစ်ခုတည်းကိုသာ အားပြုတင်ပို့ထားရာ အကယ်၍ အတားအဆီးရှိပါက မြန်မာ့ဆန်စပါးကဏ္ဍအတွက် အန္တရာယ်ကြီးမားကြောင်း သတိပေး
Published 6 February 2016
နီလာ

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ နယ်စပ်မှတင်ပို့မှုမှာ စုစုပေါင်းပြည်ပတင်ပို့မှု၏ ၉၃ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်သဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဈေးကွက်တစ်ခုတည်းကိုသာ အားပြုတင်ပို့ထားရာ အကယ်၍ အတားအဆီးရှိပါက မြန်မာ့ဆန် စပါးကဏ္ဍအတွက် အန္တရာယ်ကြီးမားကြောင်း ဖေဖော်ဝါရီ ၅ ရက်က UMFCCI ၌ကျင်းပသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်းများအရ သိရသည်။မြန်မာ့ဆန် ပြည်ပတင်ပို့မှုကို သုံးသပ်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၈ ရက်အထိ အကောက်ခွန် ဦးစီးဌာန စာရင်းများအရ ပင်လယ်ရေကြောင်း တင်ပို့မှုမှာ ၆၆၃၉၃ ဒသမ ၅ တန်ဖြင့် ၇ ဒသမ ၃ ရာခိုင်နှုန်း၊ နယ်စပ်တင်ပို့မှုမှ တန်ချိန်အားဖြင့် ၈၄၀၈၀၄ ဒသမ ၅၅ ဖြင့် ၉၃ ရာခိုင်နှုန်း အထိ ရှိလာပြီဖြစ်ကြောင်း၊ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ဈေးကွက်တစ်ခုတည်းကိုသာ အားပြုတင်ပို့နေရမှုမှာ အန္တရာယ်ကြီးမားကြောင်းနှင့် နိုင်ငံတကာ ဈေးကွက်သစ် ထိုးဖောက်ရန်နှင့် ဝေစုတိုးတက်ရရှိရန်မှာ အချိန်ယူရ၍ ဆန်စပါးကဏ္ဍ တိုးတက်မှုအား ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ မြန်မာ့ဆန်စပါးသမိုင်းနှင့် ဆန်စပါးဈေးကွက်၏ စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် စာတမ်းအရ သိရသည်။မြန်မာ့ဆန် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်းဖြစ်သည်။ သို့သော်လည်း တရုတ်ဘက်မှ တရားဝင် တင်ပို့ခြင်းကို ခွင့်ပြုမထားသေးသဖြင့် ရံဖန်ရံခါ စီမံချက်ဖြင့် ဖမ်းဆီးမှုများ ရှိခဲ့သည်။ ထို့ပြင် မြန်မာကုန်သည်များမှ အကြွေးစနစ်ဖြင့် ရောင်းချမှုများရှိသဖြင့် အကြွေးများ ပြန်လည်ရရှိရန် G to G ဆွေးနွေးပေးရန် တင်ပြရမှုများလည်း ရှိခဲ့သည်။ထို့ကြောင့် ဆန်အဓိက တင်ပို့နေသည့် မြန်မာနိုင်ငံအနေဖြင့် တရုတ်ဈေးကွက် တစ်ခုတည်းသာ အားထားတင်ပို့နေရခြင်းထက် အီးယူဈေးကွက်နှင့် အခြားဈေးကွက်များသို့ တင်ပို့မှုတိုးမြှင့်နိုင်ရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများရှိသည်။မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ဆန်ကိုအများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း၊ မြန်မာ့ဆန် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရေးအတွက် မြန်မာ့ဆန် အရည်အသွေးနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (AQSIQ) မှ ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက လာရောက်စစ်ဆေးခဲ့သည်။“တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ဆန်ကအများဆုံး သွားနေတာဖြစ်တဲ့အတွက် နယ်စပ်ကသွားနေတဲ့ ဆန်တွေကို နယ်စပ်မှာ သိုလှောင်ရုံတွေ စနစ်တကျထားဖို့ တရုတ်ဘက်က အကြံပေးတာတွေလည်း ရှိပါတယ်။ အဲဒါတွေက ဘာတွေလိုအပ်လာလဲဆိုရင် အခြားစစ်ဆေးရေး အဖွဲ့တွေဖြစ်တဲ့ ရောင်းသူလည်းမဟုတ်၊ ဝယ်သူလည်းမဟုတ်တဲ့ တတိယအဖွဲ့အစည်းတွေရဲ့ စစ်ဆေးပြီးတော့ သက်သေခံလက်မှတ် ထုတ်ပေးတဲ့ လိုအပ်ချက်တွေ ရှိလာပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent