မြန်မာနိုင်ငံမှ ဒုတိယအကြိမ် တင်သွင်းရမည့် EITI အစီရင်ခံစာအတွက် ကဏ္ဍရွေးချယ် ထည့်သွင်းရေးနှင့် လွတ်လပ်သည့် စာရင်းစစ်အဖွဲ့ ရွေးချယ်ရေး လာမည့်မတ်လတွင် သုံးပွင့်ဆိုင် ဆွေးနွေးမည်

မြန်မာနိုင်ငံမှ ဒုတိယအကြိမ် တင်သွင်းရမည့် EITI အစီရင်ခံစာအတွက် ကဏ္ဍရွေးချယ် ထည့်သွင်းရေးနှင့် လွတ်လပ်သည့် စာရင်းစစ်အဖွဲ့ ရွေးချယ်ရေး လာမည့်မတ်လတွင် သုံးပွင့်ဆိုင် ဆွေးနွေးမည်
Published 5 February 2016
အေးမြတ်မွန်

မြန်မာနိုင်ငံမှ ဒုတိယအကြိမ် တင်သွင်းရမည့် EITI အစီရင်ခံစာအတွက် ကဏ္ဍရွေးချယ် ထည့်သွင်းရေး၊ လွတ်လပ်သည့် စာရင်းစစ်အဖွဲ့ ရွေးချယ်ရေးများကို ယခုလာမည့် မတ်လတွင် သုံးပွင့်ဆိုင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း MEITI ရုံးမှသိရသည်။“ဒုတိယအကြိမ် တင်သွင်းရမယ့် အစီရင်ခံစာက လာမယ့်မတ်လမှာ ပြန်စဖို့ လုပ်ရမယ်။ ဖေဖော်ဝါရီ  ၂၁ ရက် ကမ္ဘာလုံးဆိုင်ရာ EITI ညီလာခံပြီးရင် ချက်ချင်းစနိုင်ဖို့ လုပ်ရမယ်။ မြန်မာနိုင်ငံက ဒုတိယအကြိမ် အစီရင်ခံစာအတွက် အချိန်မီပြီးစီးအောင် တင်သွင်းဖို့က မတ်လ ဒါမှမဟုတ် ဧပြီလမကျော်ခင်မှာလုပ်မှ အချိန်မီတင်သွင်းနိုင်မှာပါ” ဟု MEITI ရုံးမှ ဦးမင်းဇာနည်လင်းက ပြောကြားသည်။မြန်မာနိုင်ငံမှ EITI အဖွဲ့ဝင်လောင်း ဖြစ်ပြီးနောက် ပထမဆုံး တင်သွင်းရသည့် အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမှ အဖွဲ့ဝင်လောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက် သတ္တုကဏ္ဍတို့မှ ရရှိသည့်အခွန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော်ကို တိုက်ဆိုင်စစ်ဆေးထားသည့် (EITI) အစီရင်ခံစာကို ဇန်နဝါရီ ၂ ရက်တွင် နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းခဲ့ကြောင်း သိရသည်။ယင်းပထမအကြိမ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ (EITI) နယ်ပယ်တွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကို အခြေခံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက်ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကျောက်မျက်ရတနာ ကုမ္ပဏီ ၃၀ ခုနှင့် သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ရာခိုင်နှုန်း ၅၀ ကိုကိုယ်စားပြုသည့် ကုမ္ပဏီ ၁၁ ခုတို့ ပါဝင်ကြောင်း သိရသည်။ယင်းသို့ အခွန်ဘဏ္ဍာငွေများကို တိုက်ဆိုင်ရာတွင် အခွန်အခ အမျိုးအစားပေါင်း ၁၀ မျိုးကို ပါဝင်တိုက်ဆိုင်စစ်ဆေးထားကြောင်း သိရသည်။EITI ၏ ဒုတိယနှစ် အစီရင်ခံစာတွင် သစ်တောကဏ္ဍ၊ သားငါးနှင့် ဟိုက်ဒရိုစွမ်းအင် ကဏ္ဍများကိုပါ ထည့်သွင်းနိုင်ရန် လျာထားကြောင်း သိရသည်။၂၀၁၆ ဇန်နဝါရီ ၂ ရက်တွင် တင်သွင်းခဲ့သည့် အစီရင်ခံစာသည် ပထမအစီရင်ခံစာဖြစ်ကာ တစ်နှစ်ပြည့်မည့် ၂၀၁၇ ဇန်နဝါရီ  ၂ ရက်တွင် ဒုတိယအဆင့် အစီရင်ခံစာကို ထပ်မံတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ယင်းနောက် တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်၊ မဖြစ်ကို ၂၀၁၇ နှစ်လယ်ပိုင်းတွင် နိုင်ငံတကာ အတွင်းဝန်ရုံးမှ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။EITI သည် သယံဇာတတူးဖော်ရေး လုပ်ငန်းများ၏ ဝင်ငွေ၊ ပွင့်လင်းမြင်သာရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန်ဖြစ်ပြီး ၂၀၁၄ ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာ (EITI) အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအား  ၄၅ နိုင်ငံမြောက် (EITI) အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။  (EITI) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ယူခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ ပိုမိုပွင့်လင်းမြင်သာမှု ရှိလာမည်ဖြစ်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဆွဲဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ ကုမ္ပဏီများနှင့် ပြည်သူလူထု အကြားတွင်လည်း အပြန်အလှန် ယုံကြည်မှုခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent