သရုပ်ဆောင် ခင်ဝင့်ဝါနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ခင်ဝင့်ဝါနှင့် တွေ့ဆုံခြင်း
Published 9 December 2015
လင်းလင်းခိုင်

မြန်မာကိုယ်စားပြု အလှမယ်အဖြစ် မှသည် သရုပ်ဆောင်တစ်ဦး အဖြစ် ကူးပြောင်း ရောက်ရှိလာသူများတွင် သရုပ်ဆောင် ခင်ဝင့်ဝါသည်လည်း  တစ်ဦး အပါအဝင် ဖြစ်သည်။ ဇာတ်ကားများစွာအား ဆက်တိုက် ရိုက်ကူးနေသည့် အပြင် သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးမှုရရှိနေသူ သရုပ်ဆောင် ခင်ဝင့်ဝါက လတ်တလော တွင် ဒါရိုက်တာ သြရသ ရိုက်ကူးသည့် ဇာတ်ကားတွင် သရုပ်ဆောင် နေတိုး နှင့် တွဲဖက် ပါဝင်လျက် ရှိသည်။ သရုပ်ဆောင် ခင်ဝင့်ဝါ နှင့် တွေ့ဆုံဖြစ်သည့် အခိုက် အနုပညာရေးရာ အဖြာဖြာအား မေးမြန်းဖြစ်ခဲ့ရာ  .  .  .
မေး- ညီမလေး အခု ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ရတဲ့ ကာရိုက်တာ အကြောင်း အရင် ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားထဲမှာ ညီမက သေသွားတဲ့ဝိညာဉ်တစ်ယောက် ပါ။ မွေးနေ့မှာ တစ်ယောက်က ညီမကို သတ်သွားလို့ သတ်သွားတဲ့ တရားခံကို ဖော်ထုတ်ဖို့ အတွက် ညီမနဲ့ ခင်တဲ့ တစ်ယောက်ကို အကူအညီ တောင်းပြီး လိုက်ရှာတာ။ အဲဒီ တရားခံမိသွားမှပဲ ကျွတ်သွားတဲ့ ဝိညာဉ်တစ်ယောက် အဖြစ် သရုပ်ဆောင် ထား ပါတယ်။
မေး- အခု နောက်ပိုင်း ဇာတ်ကားလက်ခံမှု အပိုင်းမှာ ဘယ်လိုပုံစံနဲ့ ရွေးချယ် လက်ခံဖြစ်လဲ။
ဖြေ- အဓိကတော့ ဇာတ်ကောင် စရိုက်ကိုကြည့်ပြီး လက်ခံဖြစ်တာလည်း ရှိတယ်။ တစ်ခါတလေ ပေါ့ပေါ့ပါးပါးနဲ့ ဟာသကားလေး ပေမယ့် ပျော်စရာလေး ပေါ့နော်။ ပရိသတ် အတွက် ပျော်ရွှင်ရတဲ့ ရသမျိုးလေး ဖြစ် တယ် ဆိုရင်လည်း လက်ခံဖြစ်တာမျိုး ရှိတယ်။ တစ်ခါတလေလည်း ဒရာမာ ပေါ့နော်။ အဲဒါမျိုးလေးတွေလည်း ရိုက်ဖို့ ကမ်းလှမ်း ပါတယ်။ ညီမကတော့ ကိုယ် ပါဝင်ခွင့်ရမယ့် ဇာတ်ကောင်စရိုက်ပေါ် မူတည်ပြီး အကောင်းဆုံး လုပ်နိုင်ဖိ ု့ကြိုးစားပါတယ်။ ဝိညာဉ်ဇာတ်ကားဆိုလည်း အရှေ့မှာ တစ်ကား ရိုက်ဖူးတယ်။ အိုလင်းတစ္ဆေ ဇာတ်ကားမှာ ဆိုရင် ဒရာမာရယ် ဟာသရယ် ရောထားတဲ့ ပုံစံမျိုး ရိုက်ရတာ။ ဒီဇာတ်ကားကတော့ သည်းထိတ် ရင်ဖိုလေးလည်း ပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ တစ်ခုနဲ့ တစ်ခုက ကာရိုက်တာ တူပေမယ့် ဇာတ်လမ်း မတူတာမျိုးတွေလည်း ရှိတယ်။ ကိုယ် လုပ်ကွက်ရတာချင်းလည်း မတူပါဘူး။ ဒါကြောင့် အတွေအကြုံတွေ အများကြီး ရပါတယ်။
မေး- ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ဇာတ်ကား မရိုက်ခင်မှာ ဘာတွေ အဓိက ပြင်ဆင်ဖြစ်လဲ။
ဖြေ- အဓိကတော့ ကိုယ်လုပ်ရမယ့် ဇာတ်ကောင်စရိုက် သိပြီဆိုရင် ဝတ်ဆင်မယ့် အဝတ်အစား အတွက် ပြင်ဆင်ပါတယ်။ ဘယ်လိုပုံစံလေး ဝတ်ရင် အဆင်ပြေမလဲ ဆိုတာ ဒါရိုက်တာနဲ့ တိုင်ပင်တယ်။ ပြီးမှ အဆင်ပြေဆုံး ဖြစ်အောင် ဝတ်ဆင်တယ်။ ဇာတ်ကောင်စရိုက် အလိုက် လေ့လာရမယ့် အရာလေးတွေ ရှိရင်လည်း လေ့လာတယ်။ ဇာတ်ကိုလည်း သေချာ နားလည်အောင် ဖတ်ဖြစ်တယ်။ တကယ်ရိုက်တဲ့ အခါမှာတော့ အဲဒီလိုလေးတွေ ပြင်ဆင်ထားတဲ့အခါ အများကြီး ပိုပြီး အဆင်ပြေပါတယ်။
မေး- အခု ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးခွင့် ရခဲ့ပြီဆိုတော့ လုပ်ခွင့်ရပြီးသလောက်ကို ကျေနပ်ရဲ့လား။
ဖြေ- တကယ်တမ်း ပြောရင်တော့ မကျေနပ်သေးပါဘူး။ ညီမ ဒီလောကထဲ စပြီး ရောက်လာတာက ၂၀၁၃ အကုန်ပေါ့။ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ဇာတ်ကား စတင် ရိုက်ကူးခွင့် ရတယ်။ တစ်နှစ်ကျော်လောက်ပဲ အတွေအကြုံ ရှိပါသေးတယ်။ အများကြီးလည်း ကြိုးစားရဦးမယ်။ ကိုယ့်ဇာတ်ကားကိုယ် ပြန်ကြည့်ရင်လည်း ဘယ်ဇာတ်ကားမှတော့ အားမရဘူး။ ဒီကြားထဲမှာ ညီမကို ချစ်ခင် အားပေးကြတဲ့ ပရိသတ် အားလုံးကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားရမှာတွေ၊ လေ့လာရမှာတွေ အများကြီး ရှိပါသေးတယ်။
မေး- ရုပ်ရှင် ကားကြီးတွေမှာ သရုပ်ဆောင်ခွင့် ရထားပြီးပြီ ဆိုတော့ ကားကြီးတွေမှာ ပါဝင်ထားမှု အပေါ် ဘယ်လောက် မျှော်လင့်ထားလဲ။
ဖြေ- ရုပ်ရှင် ကားကြီးတွေကတော့ ၂၀၁၆ ထဲမှာ ရုံတင်မှာတွေလည်း ရှိတယ်ပေါ့နော်။ ကားကြီးတွေမှာ ပါဝင်ခွင့် ရသလောက်ကတော့ အများကြီးလည်း မျှော်လင့်မထားဘူး။ လုပ်ခွင့်ရသလောက်ကတော့ အကောင်းဆုံး ကြိုးစားထားပါတယ်။ တချို့ ဇာတ်ကားတွေမှာဆိုရင် လုပ်ပိုင်ခွင့် သိပ်အများကြီးမရှိဘူး။ ဒါပေမဲ့ ရသလောက်အပေါ်မှာပဲ အများကြီး ကြိုးစားထားပါတယ်။
မေး- လေ့လာ အားထုတ်မှုတွေလည်း ဆက်လုပ်ဦးမယ် ဆိုတော့ အနုပညာ ဝမ်းစာပြည့်ဖို့ ဘာတွေ လုပ်ဖြစ်မလဲ။
ဖြေ- ညီမက ဇာတ်ကားတွေ တော်တော်လေး ကြည့်ဖြစ်တယ်။ အိန္ဒိယ ဇာတ်ကားလေးတွေဆိုလည်း ကြည့်ဖြစ်တယ်။ အိန္ဒိယ ဇာတ်ကားလေးတွေက ဇာတ်လမ်း တော်တော်လေး ကောင်းတယ်လေ။ တခြား နိုင်ငံခြား ဇာတ်ကားလေးတွေလည်း ကြည့်ဖြစ်တယ်။ ပြည်တွင်းက ဇာတ်ကားတွေလည်း ကြည့်ပါတယ်။ ကိုယ့်စီနီယာတွေရဲ့ သရုပ်ဆောင်မှုတွေ ကိုလည်း လေ့လာ အတုယူပါတယ်။ ရိုက်ကွင်းပေါ်ရောက်ပြီ ဆိုရင်လည်း ကိုယ်နဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့သူတွေ၊ ဒါရိုက်တာတွေက ဒီလိုလေး လုပ်ရတယ်ဆိုပြီး သင် ပေးရင် မှတ်ထားတယ်။ နောက်တစ်ခါ ဆိုရင် အဲဒီလိုလေး ထည့်ပြီး လုပ်ဖြစ်တာပေါ့။ အဲဒီလိုပဲ လုပ်ငန်း အတွေအကြုံက တစ်ဆင့်လည်း သင်ယူပါတယ်။
မေး- ဖက်ရှင်နဲ့ ပတ်သက်လို့ရော ဘယ်လို လေ့လာ ပြင်ဆင်ဖြစ်လဲ။
ဖြေ- ဖက်ရှင်နဲ့ ပတ်သက်လို့တော့ အဓိက က သူ့နေရာနဲ့သူ လိုက်လျောညီထွေ ဖြစ်အောင် ဝတ်ဆင်ပါတယ်။ ဘုရားသွားရင် ဘုရားသွားတာနဲ့ တူအောင် ဝတ်ဆင်ဖို့ လိုသလို ပွဲတက် ဝတ်စုံဆိုရင်လည်း မနက်ပွဲ ဆို ဘာဝတ်မလဲ၊ ညပွဲကို ဘာဝတ်မလဲ စသဖြင့် သွားရမယ့် နေရာအပေါ်အခြေခံ စဉ်းစားပါတယ်။ လူငယ်တစ်ယောက် အနေနဲ့တော့ ဖက်ရှင်ကိုလည်း စိတ်ဝင်စား ပါတယ်။ အင်တာနက်က တစ်ဆင့်လည်း ဖက်ရှင်ဝက်ဘ်ဆိုက်တွေ ဝင်ကြည့်ပြီး လေ့လာ ဖြစ်တယ်။
မေး- ပရဟိတ လုပ်ငန်းနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဖြစ်သေးလဲ။
ဖြေ- ပြီးခဲ့တဲ့လက ကျိုက်ထိုက ဗကကျောင်းမှာ Online Donation  အဖွဲ့နဲ့ အတူ သွားလှူဒါန်း ဖြစ်တယ်။ အဲဒ ီကျောင်းကို မနှစ်က တစ်ခေါက် သွားတဲ့အခါ အစားအသောက်၊ အဝတ်အထည်တွေ လှူဒါန်းတယ်။ ဂိမ်းကစားတာတွေ၊ ပျော်စရာ အစီအစဉ်တွေ လုပ်ပေး ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်း သူတို့လိုအပ်နေတာ က လျှပ်စစ်မီးပါ။ ဒါကြောင့် ဒီနှစ်မှာတော့ ဆိုလာမီးတွေ လှူဒါန်း ဖြစ်တယ်။
မေး- နယူးရီးယားကိုရော ဘယ်လို ဖြတ်သန်း ဖြစ်မလဲ။
ဖြေ- မနှစ်ကလည်း နယူးရီးယားကို အနုပညာ အလုပ်တွေ လုပ်ရင်းပဲ ဖြတ်သန်း ဖြစ်တယ်။ ဒီနှစ်လည်း ထွေထွေထူးထူးတော့ မရှိပါဘူး။ အနုပညာ အလုပ်တွေလုပ်ရင်းပဲ ဖြတ်သန်း ဖြစ်မှာပါ။
မေး- ၂၀၁၆ နှစ်သစ်အတွက် ပရိသတ်ကို ဆုတောင်းပေးချင်တ ဲ့စကားရော ရှိလား။
ဖြေ- နှစ်ဟောင်းက အညစ်အကြေးတေ ွအားလုံး ဖယ်ရှားပြီးတော့ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင် မှုများစွာ ပိုင်ဆိုင်နိုင်ပြီး သာယာ အေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး ချင်ပါတယ်။                                                                  

Most Read

Most Recent