မကွေးတိုင်းအတွင်း ကိုင်းနှင့် ကျွန်းများတွင် စိုက်ပျိုးရေးများ စတင်နေပြီး ရေကြီးစဉ်က သဲနုန်းပို့ချမှုကြောင့် အခက်အခဲများ ကြုံတွေ့

မကွေးတိုင်းအတွင်း ကိုင်းနှင့် ကျွန်းများတွင် စိုက်ပျိုးရေးများ စတင်နေပြီး ရေကြီးစဉ်က သဲနုန်းပို့ချမှုကြောင့် အခက်အခဲများ ကြုံတွေ့
Published 13 November 2015

မကွေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်နှင့် မြစ်အတွင်း စီးဝင်သော ယော၊ ပင်း၊ မုန်း၊ မန်း၊ ဒေါင်းနေ၊ ယင်း စသည့် ချောင်းများ တစ်လျှောက် ကိုင်းနှင့် ကျွန်းများပေါ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးမှုများ နိုဝင်ဘာလဆန်းပိုင်းက စတင်နေပြီး  မိုးနှောင်းပိုင်းက ရေကြီး၍ စိုက်ခင်းများအတွင်း သဲနုန်းများ ပို့ခဲ့ခြင်း၊ အချို့စိုက်ခင်းများတွင် နှစ်ကြိမ်ဆက် ပျက်စီးခဲ့ခြင်းများကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ပုံမှန်အားဖြင့် ကိုင်းနှင့် ကျွန်းများပေါ်တွင် ရေလွှမ်းပါက နုန်းပို့၍ စိုက်ပျိုးရေးအတွက် သဘာ၀ မြေသြဇာကို ရလေ့ရှိကြောင်း၊ လွန်ခဲ့သော မိုးနှောင်းပိုင်းက စံချိန်တင် ရေကြီးမှုများကြောင့် စိုက်ခင်းများအတွင်း နုန်းပို့ချရုံသာမက ကျောက်စရစ်နှင့် သဲများပါ လွှမ်းခဲ့ကြောင်း၊ ထို့ကြောင့် စေတုတ္တရာ မြို့နယ်အတွင်း မုန်းနှင့် မန်းချောင်း နံဘေးဝဲယာရှိ အချို့ကျေးရွာများတွင် စိုက်ခင်းအားလုံး မည်သည့်သီးနှံမျှ စိုက်ပျိုး မရသည်အထိ ပျက်စီးခဲ့ကြောင်း၊ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ သရက် စသည့်မြို့နယ်များတွင် နှစ်ကြိမ်ဆက် ရေကြီးမှုကြောင့် သီးနှံစိုက်ခင်းများ နှစ်ခါပြန် ပျက်စီးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ရွာတွေမှာ ရေနှစ်ခါပြန် ကြီးခဲ့တော့ ငရုတ်တွေဆို စိုက်ပျိုးချိန် တော်တော် နောက်ကျပြီးမှ စိုက်ရပါတယ်။ စပါးတွေက နှစ်ကြိမ်ဆက် ရေနစ်ပျက်ဆီးခဲ့တော့ တချို့တောင်သူတွေက ဘာမှ ထပ်ပြီး မစိုက်နိုင် ကြတော့ပါဘူး။ မုန်းချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ အောက်ဘက်တစ်ကြောက ရွာတွေမှာ ရေနှစ်ခါကြီးတဲ့အပြင် ကမ်းပြိုမှုကြောင့် အိမ်တွေရွှေ့ခဲ့ရတော့ သီးနှံလုံးလုံး မစိုက်နိုင်ကြသူတွေလည်း  ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။
မင်းဘူးမြို့နယ် ခြင်ထောင်ကျေးရွာမှ တောင်သူတစ်ဦးက "ကိုင်းတွေ၊ ကျွန်းတွေမှာ ပုံမှန်အတိုင်းဆို ရေလွှမ်းရင် နုန်းတင်လို့ စိုက်ပျိုးရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။ အခုနှစ်က ရေလွှမ်းလွန်ပြီး သဲတွေပါပို့ကုန် တော့ သီးနှံစိုက်ပျိုးဖို့ကိုပဲ အခက်အခဲတွေ ဖြစ်နေပါတယ်။ သဲတွေကို  ပြန်ကော်ထုတ်ဖို့ကလည်း  ကုန်ကျစရိတ် ကြီးလွန်းပြီး  သဲကြောတွေရဲ့နံဘေးမှာ စိုက်ပျိုးတဲ့ သီးနှံကလည်း မအောင်မြင်နိုင်ပါဘူး"ဟု ဆိုသည်။
အဆိုပါ စိုက်ပျိုးမြေများတွင် ငရုတ်၊ ကုလားပဲ၊ ပင်ထောင်မြေပဲ၊ ဖရဲတို့ကို အဓိက စိုက်ပျိုးလေ့ရှိပြီး  ဟင်းသီးဟင်းရွက်နှင့် ပြောင်း၊ နေကြာ၊ ပန်းနှမ်းများလည်း  စိုက်ပျိုးလေ့ရှိကြောင်း၊  ယခင်နှစ်ကလည်း  ပွင့်ဖြူမြို့နယ်အတွင်း ဖရဲစိုက်ခင်းများတွင် မျိုးစေ့မှားယွင်းမှုကြောင့် သီးလုံးများ စံချိန်တင် ပျက်ဆီးခဲ့ကြောင်း၊  ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာအနီး ကျွန်းပင်စင်ကျေးရွာနှင့် ဆက်စပ်ကျေးရွာများမှ မုန်းချောင်းနံဘေး ဝဲယာရှိ စိုက်ခင်းဧက ၅၀၀ ကျော်သည် သဲနှင့် ကျောက်စရစ်များ ပို့မှုကြောင့် မည်သည့်သီးနှံမျှ စိုက်ပျိုးမရဘဲ ကန္တာရသဖွယ် ဖြစ်ကျန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent