မဟာဆန်တဲ့ မာယာမျက်နှာဖုံး

မဟာဆန်တဲ့ မာယာမျက်နှာဖုံး
Published 17 October 2015
စုမှူးနိုင်

ရန်ကုန်၊မန္တလေး အပါအဝင် မြို့ကြီးများတွင် တစ်ပြိုင်နက် ရုံတင်ပြသ
“မဟာဆန်တဲ့ မာယာမျက်နှာဖုံး”ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ သမ္မတ၊ သွင်၊ မင်္ဂလာ၊ မင်္ဂလာစံပြ၊ Top Royal Junction Square & Mawtin ရုံများ ၊မန္တလေးမြို့ရှိ ဝင်းလိုက်၊ မြို့မ ရုပ်ရှင်ရုံများ၊ ပြည်မြို့ရှိ  မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံ၊ မြိတ်မြို့ရှိ မင်္ဂလာရုံ၊ ဘားအံမြို့ရှိ တက်နေဝန်း ရုပ်ရှင်ရုံ၊ တောင်ကြီးမြို့ရှိ မြသုခ ရုပ်ရှင်ရုံ၊လားရှိုးမြို့ရှိ အေးသီတာနှင့် အောင်သီရိ ရုပ်ရှင်ရုံများ၊ ပြင်ဦးလွင်မြို့ရှိ Movie Planet ရှင်ရုံနှင့် ပုသိမ်မြို့ရှိ ရွှေပြည်သာ ရုပ်ရှင်ရုံတို့တွင် တစ်ပြိုင်နက် ရုံတင်ပြသထားသည်။
‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’ ရုပ်ရှင်ဇာတ်ကားသည် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားအချို့ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှန်ကို အခြေခံကာ ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။ ယင်းဇာတ်ကားကို ငွေလမင်း ရုပ်ရှင်ထုတ်လုပ်ရေးနှင့် မလေးရှားနိုင်ငံမှ Shine Entertainment တို့ ပူးပေါင်းစီစဉ် ရိုက်ကူးခြင်း ဖြစ်ကြောင်း သိရသည်။
သက်ပိုင်တို့ မိသားစုတွင် ဖခင်ဖြစ်သူ ဆုံးပါး သွားခဲ့ရာ သက်ပိုင်မှာ ကျောင်းပညာရေး တစ်ပိုင်းတစ်စဖြင့် မိသားစု ပိုင်ဆိုင်သည့် လယ်မြေ အနည်းငယ်ကို လုပ်ကိုင်ရင်း ဒုက္ခိတဖြစ်သူ ညီငယ် မောင်ကံထူး၊ ညီမလေးနီနီနှင့် မိခင်ဖြစ်သူတို့အတွက်  ကြိုးစား ရုန်းကန် နေရသည်။ တစ်ရက်တွင် စပ်စပ်စုစု နေတတ်သည့် သက်ပိုင်၏ သူငယ်ချင်း ဖိုးထူး ရောက်လာခဲ့သည်။ ဖိုးထူးမှာ ရန်ကုန်မှ အဆက်အသွယ်ဖြင့် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန်နှင့် ထိုသို့သွားရောက် လုပ်ကိုင်ပါက နှစ်အနည်းငယ်အတွင်း ချမ်းသာ လာနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဖိုးထူး ပြန်သွားချိန်မှစကာ သက်ပိုင်စိတ်တွင် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုစိတ်သာ ကြီးစိုး နေခဲ့သည်။ သို့အတွက် မိသားစု ပိုင်ဆိုင်သည့် မြေကို ရောင်းကာ မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်ရန် မိခင်ဖြစ်သူထံ ခွင့်တောင်းကာ ဖိုးထူးနှင့်အတူ ရန်ကုန်သို့ လိုက်ပါ ခဲ့တော့သည်။
ရန်ကုန်မြို့၌ မလေးရှားနိုင်ငံတွင် အလုပ် သွင်းပေးမည့် ပွဲစား ဒေါ်ဝါဝါနှင့် တွေ့ဆုံပြီး မိမိတို့ အလုပ်ကောင်းစွာ လုပ်လျှင် တစ်နှစ် နှစ်နှစ်အတွင်း ကြီးပွား လာမည် ဖြစ်ကြောင်း မလေးရှားတွင် အလုပ်ကောင်းရရန် သွင်းပေးမည်ဟု ဆိုကာ သက်ပိုင် တို့ထံမှာ ငွေများကို သိမ်းယူ သွားခဲ့သည်။

သက်ပိုင်၊ ဖိုးထူးတို့နှင့်အတူ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် သူများမှ မေသူနှင့် ချစ်စုတို့ အပါအဝင် ၁၀ ဦး ပါဝင်ကြမည် ဖြစ်သည်။ ဒေါ်ဝါဝါ၏ ဦးဆောင်စီစဉ်မှုဖြင့် သက်ပိုင်၊ ဖိုးထူး၊ မေသူနှင့် ချစ်စုတို့သည် မလေးရှားနိုင်ငံသို့ ရောက်ရှိ ခဲ့တော့သည်။
မလေးရှားနိုင်ငံ၏ မြို့ပြအလှများကို အံ့သြစွာ ကြည့်ရှုရင်းက မြန်မာ အလုပ်သမားများ အလုပ်လုပ်ကိုင်ရမည့် စက်ရုံများဆီသို့ ရောက်ရှိ ခဲ့တော့သည်။ သက်ပိုင်၊ ဖိုးထူးနှင့် မေသူတို့မှာ အလုပ်ရုံ တစ်ခုတည်းတွင် လုပ်ကိုင်ရမည် ဖြစ်သော်လည်း မေသူ၏ ညီမလေး ချစ်စုမှာမူ အခြား အလုပ်ရုံ တစ်ခုတွင် သွားရောက် လုပ်ကိုင်ရမည် ဖြစ်သည်။
မေသူသည်လည်း မိသားစုတွင် အကြီးဖြစ်ကာ မုဆိုးမဖြစ်သူ မိခင်ကြီးက နောက်အိမ်ထောင် ပြုခဲ့ပြီးနောက် စိတ်ယုတ်မာရှိသည့် ပထွေးနှင့်အတူ နေထိုင်ခဲ့ရသည်။ ပထွေးကြောင့် မေသူသည် ညီမဖြစ်သူ ချစ်စုကို စောင့်ရှောက်ရင်း အဆင်မပြေသည့် မိသားစုဘဝတွင် စိတ်ဆင်းရဲစွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။
သို့အတွက် ဘဝကြီးပွား တိုးတက်နိုင်ရန် အခွင့်အလမ်းရှိသည်ဟု စည်းရုံးမှုကို ယုံကြည်ကာ ညီအစ်မနှစ်ယောက် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ထွက်ခွာ ခဲ့ကြခြင်း ဖြစ်သည်။ အလုပ်ရုံမှ မြန်မာ အလုပ်သမားများအတွက် ပေးသည့် နေစရာသို့ အရောက်တွင် မေသူနှင့် သက်ပိုင်တို့ စိတ်ပျက်စရာများ စတင် ကြုံတွေ့ ရတော့သည်။ ၁၀ ပေပတ်လည် အခန်းကျဉ်းတွင် လူ ၁၀ ဦးခန့် နေထိုင်ရပြီး အလုပ်တွင် ကျွေးသည့် ထမင်းမှာလည်း ညစ်ပတ် နေခဲ့သည်။ အလုပ်ကိုမူ မနားတမ်း ပင်ပန်းစွာ လုပ်ကိုင်ရတော့သည်။ သို့သော် အားလုံးက မိမိတို့ ပေးထားရသည့်ငွေများနှင့် မျှော်လင့်ချက်များအတွက် အားတင်းကာ ကြိုးစား လုပ်ကိုင်ကြရင်း မှ အနိုင်ကျင့်မှုများနှင့် ဖိနှိပ်မှုများ ကြုံတွေ့ရာမှ ဖြစ်ပေါ်လာသည်များကို ရိုက်ကူးထားခြင်း ဖြစ်သည်။
“မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ဇာတ်ကားသည် စတီးလ်၏ ဇာတ်လမ်း၊ဇာတ်ညွှန်းဖြစ်ပြီး အိန္ဒိယဒါရိုက်တာ ျွ R Perakas Rajaram နှင့် တွဲဖက်ကာ ဒါရိုက်တာ စတီးလ်တို့က မလေးရှားမှ စက်မှု ပိုင်းဆိုင်ရာ ပညာရှင်များဖြင့် ပုံဖော် ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် နိုင်းနိုင်း၊ နဝရတ်၊ ဇော်ဇော်အောင်၊ စတီးလ်၊ ဝါဝါအောင်၊ ဂွမ်းပုံကြီး၊ ဒေါ်ခင်ခင်ကြီး၊ ဆောင်းအိန္ဒြေ၊ ချမ်းမေမြတ်နိုးတို့နှင့်အတူ အနုပညာရှင်များစွာ ပါဝင်ထားသည်။

Most Read

Most Recent