အနုပညာပျိုးခင်းက ပန်းတစ်ပွင့် သို့မဟုတ် သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ငယ်ဘဝဖြတ်သန်းရာ

အနုပညာပျိုးခင်းက ပန်းတစ်ပွင့် သို့မဟုတ် သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 15 October 2015
လင်းလင်းခိုင်

ကလေးသရုပ်ဆောင် အဖြစ်ကနေ အရွယ်ရောက်လာတဲ့အခါ သရုပ်ဆောင် အလုပ်ကိုပဲ ဆက်လက် လုပ်ကိုင်ကြသူတွေ ရှိသလို မတူကွဲပြားတဲ့ နယ်ပယ်သစ်မှာ ကျင်လည် ဖြတ်သန်းကြသူတွေလည်း ရှိကြပါတယ်။ ဒီလို ကလေးသရုပ်ဆောင် အဖြစ်ကနေ အရွယ်ရောက်လာချိန်အထိ ပရိသတ် အားပေးမှုကို ရနိုင်သူတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုကို ဒီတစ်ပတ်မှာတော့ ဖော်ပြပေးချင်ပါတယ်။
ပိုင်ဖြိုးသုကို ၁၉၉၀ ပြည့်နှစ် ဧပြီ ၅ ရက်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာပါ။ မွေးချင်း မောင်နှမ သုံးယောက်ရှိတဲ့ အနက်က အလတ်ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ အဘိုးအဘွားတွေနဲ့ နေထိုင် ကြီးပြင်းခဲ့ရတဲ့ ပိုင်ဖြိုးသုက အနုပညာဗီဇ ပါလာတယ်လို့ ဆိုပါတယ်။ ပညာရေးကိုတော့ တီတီစီ ကျောင်းမှာ သင်ယူ လေ့လာခဲ့ပါတယ်။ ဘဝရဲ့ အချိုးအကွေ့တစ်ခုဖြစ်တဲ့ တက္ကသိုလ် ဝင်တန်းမှာတော့ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ပိုင်ဖြိုးသုရဲ့ ငယ်ဘ၀ အိပ်မက်က ဆရာမတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် မိဘများရဲ့ ဆန္ဒအရ ဆေးတက္ကသိုလ် တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေးမှာ ထူးချွန်တဲ့ ပိုင်ဖြိုးသုက သုံးနှစ်အရွယ် ကလေးဘဝကတည်းက မြန်မာအက လေ့လာ သင်ယူခဲ့သလို ကျောင်းနေစဉ်မှာလည်း ကျောင်းရဲ့ ဘင်ခရာတီးဝိုင်းမှာ ပါဝင်ခဲ့ပါတယ်။ အာဆီယံ အနုပညာကပွဲမှာလည်း မြန်မာအကနဲ့ ပါဝင်တင်ဆက်ခွင့် ရရှိခဲ့သူပါ။ ဒီနောက်မှာတော့ အနုပညာဝါသနာက ပိုမိုပြင်းပြလာပြီး မတင်မိုးလွင်ရဲ့ Talents & Models Agency ကို တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီတုန်းက တီဗွီထဲက ကလေး သရုပ်ဆောင်တွေကို ကြည့်ပြီး လိုက်လုပ်ချင်တာ။ အဲဒါနဲ့ပဲ ကလေးမော်ဒယ် သင်တန်း တက်ဖြစ်တယ်။ ပြီးတော့ မေမေ့မိတ်ဆွေ ဒါရိုက်တာ ဦးမျိုးမင်းက ကမ်းလှမ်းတော့ ကလေး သရုပ်ဆောင်အနေနဲ့ ဇာတ်ကားတွေ စရိုက်ဖြစ်သွားတယ်။ ညီမကိုယ်တိုင်လည်း ကြိုက်ပြီး ပရိသတ် အမှတ်တရရှိတဲ့ ဇာတ်ကားဆိုရင်တော့ ဦးသားကြီး (ဒွေး) တို့ အန်တီတင့်တို့ ပါဝင်တဲ့ ကြောက်တတ်သူများ မကြည့်ရဆိုတဲ့ ဇာတ်ကားလေးပါ” လို့ ငယ်ဘ၀ အမှတ်တရကို ပိုင်ဖြိုးသုက ပြောပြခဲ့ပါတယ်။

ကလေးသရုပ်ဆောင်အဖြစ် ရိုက်ကူးခဲ့ရာမှာ တွဲဖက်ပါဝင်ခဲ့ကြတဲ့ ဝါရင့် အနုပညာရှင်တွေဆီက အတုယူစရာတွေ အများကြီး ရခဲ့တယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။ “မှတ်မှတ်ရရဆိုရင် ပြင်ဦးလွင်မှာ ဇာတ်ကား သွားရိုက်တုန်း အဲဒီကား မရိုက်ခင် ဦးသားကြီး (ဒွေး)တို့ ရိုက်လက်စ ရှူတင်ကို သွားကြည့်ဖြစ်တယ်။ အဲဒီအခန်းမှာ ဦးသားကြီးက အိမ်လေး ကျဉ်းကျဉ်းလေးမှာ တစ်ယောက်တည်း ငိုနေတယ်။ ဒါရိုက်တာက ကိုညိုမင်းလွင်ပါ။ မော်နီတာမှာ ဦးသားကြီး တစ်ယောက်တည်း ငိုနေတာ ကြည့်ရင်းနဲ့ တော်လိုက်တာလို့ တွေးနေတာ။ ခဏနေတော့ ဦးသားကြီးက ထွက်လာတယ်။ ညိုကြီး ငါမရသေးဘူး။ ငါညာလိုက်တာလို့ ပြောပြီး နောက်တစ်ကြိမ် ထပ်လုပ်တယ်။ သူ့ရင်ထဲက ခံစားမှု အစစ်အမှန် မဟုတ်မချင်း ပရိသတ်ကို မညာဘဲ ထပ်လုပ်တာကို ကြည့်ပြီး ဒါအတုယူရမှာပဲဆိုတာ စဉ်းစားမိတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။
ဒီနောက်ပိုင်းမှာတော့ ပိုင်ဖြိုးသုက ပညာရေးမှာပဲ အားစိုက်နေခဲ့ပြီး ဆေးတက္ကသိုလ် အောင်မြင်ပြီးချိန်မှသာ  ‘စိုင်းစိုင်းကို ချစ်တယ်’ ဆိုတဲ့ ဇာတ်ကားနဲ့ ပိုင်ဖြိုးသုရဲ့ တစ်ကျော့ပြန် ခြေလှမ်းက ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို ရရှိစေခဲ့ပါတယ်။  ဒီနောက်မှာတော့ အနုပညာပျိုးခင်း (၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ အနုပညာလောကရဲ့ ထိပ်တန်း အနုပညာရှင်တွေ စုစည်းထားတဲ့ အနုပညာပျိုးခင်းနဲ့ လက်တွဲလို့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုက ဆရာဝန်အနေနဲ့ ဆမ လက်မှတ်မရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ကျန်းမာရေး အသိပညာပေးမှုတွေကို ဆက်လက် လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားသူပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက WHO Project တစ်ခုမှာ သံတမန်တစ်ဦး အနေနဲ့ ကျန်းမာရေး အသိပညာပေးတွေ လုပ်ကိုင်သွားဖို့ စီစဉ်ထားပါတယ်။
ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်သူ အဖြစ်ထင်ရှားသူ ခင်နှင်းကြည်သာကို အဓိက ဇာတ်ကောင်ထား ရေးဖွဲ့ထားတဲ့ ပန်းဒေါင်းဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးဖို့ စီစဉ်ထားရာမှာလည်း ပိုင်ဖြိုးသုက ခင်နှင်းကြည်သာရဲ့ ဇာတ်ရုပ်အဖြစ် လှုပ်ရှား အသက်ဝင်ခွင့်ရမှာပါ။ ဒီအတွက်လည်း ခင်နှင်းကြည်သာရဲ့ ပရဟိတ အလုပ်တွေမှာ လိုက်ပါကူညီရင်း အနီးကပ် လေ့လာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘဝရဲ့ အားမာန်နဲ့ ကြုံလာတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ ‘Forgive and Forget’ လို့ဆိုပါတယ်။ “ညီမ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော ‘Forgive and Forget’ ပါ။ ခွင့်လွှတ်တယ်။ ပြီးတော့ မေ့ပစ်လိုက်တယ်ပေါ့။ သိတတ်လာတဲ့ အရွယ်ကတည်းက ချစ်တဲ့သူရှိတယ်။ မုန်းတဲ့သူရှိတယ်။ အရင်တုန်းကတော့ ကိုယ့်ကိုဒုက္ခပေးတဲ့ သူဆိုရင် လုပ်ရက်လေခြင်းဆိုပြီး ဖြစ်နေတာပေါ့။ အခု နောက်ပိုင်းတော့ ဆောင်ပုဒ်အတိုင်းပဲ ခွင့်လွှတ်ပေးလိုက်တယ်” လို့ ပိုင်ဖြိုးသုက သူ့ရဲ့ ခံယူချက်ကို မျှဝေခဲ့ပါတယ်။
ပိုင်ဖြိုးသုက ပရိသတ် အားပေးချစ်ခင်တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဆက်လက် ကြိုးစားနေပါ့မယ်လို့ သတင်း စကားပါးခဲ့တာကို မျှဝေရင်း ဒီတစ်ပတ်ရဲ့ ကဏ္ဍလေးကို နှုတ်ဆက်ခဲ့ပါရစေ။

Most Read

Most Recent