လျှပ်စစ်ရထားပြေးဆွဲရေးစီမံချက် ဝါးတန်းလမ်းမှ ပန်းဆိုးတန်းအထိ ပထမအဆင့် ယခုလကုန်တွင် အပြီးလုပ်ဆောင်မည်

လျှပ်စစ်ရထားပြေးဆွဲရေးစီမံချက် ဝါးတန်းလမ်းမှ ပန်းဆိုးတန်းအထိ ပထမအဆင့် ယခုလကုန်တွင် အပြီးလုပ်ဆောင်မည်
Published 10 October 2015
သင်းဖြိုး

မြန်မာ့မီးရထားမှ ဆောင်ရွက်နေသည့် လျှပ်စစ်ရထားပြေးဆွဲရေးစီမံချက် ဝါးတန်းလမ်းမှ ပန်းဆိုးတန်းအထိ ပထမအဆင့်ကို ယခုလကုန်တွင် အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်)မှ လက်ထောက်အထွေထွေမန်နေဂျာ (လျှပ်စစ်) ဦးအုန်းကြည်က ပြောကြားသည်။လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ဝါးတန်းလမ်းမှ ပန်းဆိုးတန်းအထိ လည်းကောင်း၊ ဒုတိယအဆင့်တွင် ပန်းဆိုးတန်းမှ လင်းစဒေါင်းအထိ လည်းကောင်း၊ တတိယအဆင့်တွင် ဝါးတန်းလမ်းမှ ကြည့်မြင်တိုင်ဘူတာအထိနှင့် လင်းစဒေါင်း မှ ပုဇွန်တောင်လမ်းပိုင်းအထိ သတ်မှတ်ထားပြီး တင်ဒါအောင်မြင်ခဲ့သည့် ဂျပန်နိုင်ငံ West Corporation ကုမ္ပဏီမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီရယူ ဆောင်ရွက်နေကြောင်း သိရသည်။“လျှပ်စစ်ရထားပြေးဆွဲဖို့အတွက် ၂၀၁၅ မေလ ကတည်းက စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့ပါတယ်။ လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့အတွက် စီမံချက် ပထမအဆင့်အနေနဲ့ သတ်မှတ်ထားတဲ့ ဝါးတန်းလမ်းကနေ ပန်းဆိုးတန်းအထိကို ဒီလကုန်မှာ အပြီးဆောင်ရွက်သွားမယ်လို့ လျာထားတယ်။ ပထမအဆင့်ပြီးရင် စမ်းသပ်ပြေးဆွဲဖို့အတွက် လျှပ်စစ်ရထားတွေလည်း ဝါးတန်းလမ်းမှာ ရောက်နေပါပြီ။ အဓိက ကတော့ လျှပ်စစ်ရထားပြေးဆွဲမှုကို ရန်ကုန်မြို့ပတ်ကွန်ရက်ထဲကို ဝင်သွားအောင်လုပ်ဖို့ ရည်ရွယ်ပါတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ပထမအဆင့် စီမံချက်တွင် ပါဝင်သည့် DC 600 ဗို့ လွှတ်ပေးမည့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဝါးတန်းလမ်းမှ ပန်းဆိုးတန်းအထိ ဓာတ်တိုင်စိုက်ထူခြင်းလုပ်ငန်းနှင့် လျှပ်စစ်ရထားအား ပြုပြင်ထိန်းသိမ်းပေးမည့် Deport ရုံဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပြီးဖြစ်ကာ လက်ရှိတွင် ဓာတ်ကြိုးဆွဲခြင်းလုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။လျှစ်စစ်ရထားပြေးဆွဲနိုင်ရေး စီမံချက် ပထမအဆင့်ပြီးပါက လျှပ်စစ်ရထားတစ်စီးဖြင့် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကာ တွဲသုံးတွဲပါသည့် တွဲဆိုင်းနှစ်ဆိုင်းနှင့် တွဲတစ်တွဲပါဝင်သည့် တွဲဆိုင်းတစ်ဆိုင်းတို့မှာလည်း ဝါးတန်းလမ်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။                                            

Most Read

Most Recent