လူနေအိမ်အောက်ထပ်တွင် ရုံးခန်းဖွင့်လှစ်ထားရသည့် ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဦးစီးဌာနရုံး နေရာအတည်တကျရှိစေရေး မွန်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၉ ရက်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ယင်းကဲ့သို့ မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးအနေဖြင့် ယခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျိုက်ထိုမြို့နယ် စုပေါင်းရုံးတွင် ရုံးခန်းနေရာ သတ်မှတ်ဖွင့်လှစ်ခဲ့သော်လည်း ကျိုက်ထိုခရိုင်အဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်လှစ်ခဲ့ပြီးသည့်နောက်မှစ၍ ယနေ့အထိ သတ်သတ်မှတ်မှတ် မြို့နယ်ရုံးနေရာမရှိဘဲ ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် ကြာဖြူစုရှိ အငြိမ်းစားကျောင်းအုပ်ကြီးတစ်ဦး၏ နေအိမ်အောက်တွင် ဝန်ထမ်းအင်အား ငါးဦးဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရသည့်အခြေအနေဖြစ်နေကြောင်း ဦးတင်ရီက မွန်ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြီး “လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံးအနေဖြင့် ကိုယ့်ရုံးတည်နေရာ အတည်တကျဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်နေပါတယ်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများခွင်တွင် သာယာနေပျော်ပြီး လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်ဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ ကျိုက်ထိုမြို့နယ် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံး အတည်တကျရှိစေရေးအတွက် စီမံဆောင်ရွက်ထားမှုရှိပါက သိရှိလိုပါတယ်” ပြောကြားခဲ့သည်။
ဦးတင်ရီ မေးမြန်းခဲ့သည့် မေးခွန်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအုပ်စုတွင် တစ်ဧကအကျယ်အဝန်းရှိ မြေပေါ်တွင် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်နိုင်ရေးအတွက် ဌာနပိုင်မြေအဖြစ် မြေပေးအမိန့်ချထားနိုင်ရေးအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုတွဲဖြစ်လှစ်၍ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တည်ဆဲမြေယာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထိုဖြေကြားမှုနှင့်ပတ်သက်ပြီး ဦးတင်ရီကလည်း “အဲ့ဒီမြေက ဌာနအတွက်ဆိုပြီး ထားထားပေးတာ ၇ နှစ်လောက်ရှိနေပြီး အခုထိကို ရုံးအဆောက်အအုံနဲ့ ဝန်ထမ်းအိမ်ယာ မတည်ဆောက်နိုင်သေးဘူး။ အဲ့ဒီတော့ ဌာနကလူတွေက လူနေအိမ်မှာဗျာ ကြပ်ကြပ်တည်းတည်းနဲ့ အလုပ်လုပ်နေကြရတယ် “ ဟု ပြောကြားသည်။
နိုင်ငံတော်အဆင့် ဝန်ကြီးဌာနတစ်ခု၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုမှာ ရုံးနေရာထိုင်ခင်း အတည်တကျတည်ရှိမှု၊ ရုံးဖွဲ့စည်ပုံဝန်ထမ်းအင်အား ပြည့်စုံမှုရှိမှသာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့အောင်မြင်မှုများရရှိနိုင်မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယမန်နေ့ ဇွန် ၉ ရက်က မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးဦးက မေးခွန်းငါးခု မေးမြန်းခဲ့ပြီး အဆိုနှစ်ခု တင်သွင်းခဲ့ကြောင်း သိရသည်။















