သဘာ၀ ဓာတ်ငွေ့ဈေးနှုန်း ကျဆင်းခြင်းသည် ပို့ကုန်ဝင်ငွေ ရရှိမှုကို လျော့နည်းစေနိုင်ကြောင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှုသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကို သက်ရောက်စေနိုင်ကြောင်း IMF ထုတ်ပြန်

သဘာ၀ ဓာတ်ငွေ့ဈေးနှုန်း ကျဆင်းခြင်းသည် ပို့ကုန်ဝင်ငွေ ရရှိမှုကို လျော့နည်းစေနိုင်ကြောင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှုသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကို သက်ရောက်စေနိုင်ကြောင်း IMF ထုတ်ပြန်
Published 20 September 2015
ဇော်ဝေ၊ ထက်ရှိုင်း

သဘာ၀ ဓာတ်ငွေ့ဈေးနှုန်း ကျဆင်းခြင်းသည် ပို့ကုန်ဝင်ငွေ ရရှိမှုနှင့် အစိုးရ၏ အခွန်ဘဏ္ဍာကို လျော့နည်းစေနိုင်ကြောင်း အပါအဝင် တရုတ်နိုင်ငံ၏ စီးပွားရေး ကြီးထွားမှု လျော့ကျခြင်းသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကို သက်ရောက်နိုင်ကြောင်း စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် IMF ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ စီးပွားရေး ကြီးထွားမှုသည် ဆက်လက် အားကောင်းနေကြောင်း၊ သို့သော် လျော့ရဲပြီး အကျပ်အတည်း ဖြစ်စေသည့် ငွေကြေးဆိုင်ရာ အခြေအနေများကြောင့် လစာများ၊ အတိုးနှုန်းများနှင့် ဈေးနှုန်းမြင့်တက်မှု စသည့် လက္ခဏာများ ပေါ်ထွက်လာကြောင်း နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း၏ အာရှ၏ အမြန်ဆုံး စီးပွားရေး ကြီးထွားမှုထဲမှ တစ်ခု၏ နှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး ကြီးထွားမှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းကြောင်း၊ အားနည်းချက်များ မြင့်တက်မှုကို သတ်မှတ်နိုင်ရန် မူဝါဒရေးရာ တင်းကျပ်မှုများ လိုအပ်၊ ရေရှည် ကြီးပွားမှု အဓိက ဖြစ်သည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ခြင်းများ ဆက်လက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ယခုနှစ်နှင့် လာမည့်နှစ်တွင် စီးပွားရေး ကြီးထွားမှုနှုန်းသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းကြောင်း၊ အားကောင်းသည့် ကြီးထွားမှု အဟုန်နှင့် မက်ခရို စီးပွားရေးလုပ်ငန်းဆိုင်ရာ မူဝါဒများ ဖြန့်ကြက်နိုင်မှုတို့ကို အားဖြည့်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။“ မြန်မာနိုင်ငံဟာ ကုန်သွယ်မှု အတားအစီးတွေကို ဖြေလျှော့ပေးခဲ့သလို့ ငွေကြေး ကဏ္ဍကို ဖွင့်ပေးခြင်း ကဲ့သို့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တယ်။ အခုလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံရဲ့ စီးပွားရေး အလားအလာဟာ ကောင်းမွန်နေတာ ဖြစ်ပါတယ် ” ဟု နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးတာဝန်ရှိသူ Yong zheng Yang က ဆိုသည်။သို့သော်လည်း ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေခြင်း၊ စာရင်းရှင် ငွေစာရင်း၊ လိုငွေ ပိုငွေ များပြားလာခြင်းများ ရှိနေကြောင်း၊ ယခု ဘဏ္ဍာနှစ်တွင် အစိုးရ အသုံးစရိတ်လိုငွေ ဂျီဒီပီ၏ ၄ ဒသမ ၈ ရာခိုင်နှုန်း အထိ မြင့်တက် လာနိုင်ကြောင်း သိရသည်။ထို့ပြင် ပုဂ္ဂလိက ကဏ္ဍချေးငွေ ထုတ်ချေးမှု အနေဖြင့် ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး ယင်းကဲ့သို့ ချေးငွေ ထုတ်ချေးမှု များပြားလာခြင်းနှင့်အတူ ပြီးခဲ့သည့် မေလတွင် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ရှစ် ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ရေကြီး နစ်မြုပ်မှုများကြောင့် စိုက်ပျိုးရေးကဏ္ဍ အပေါ်တွင် သက်ရောက်မှုများကို ထည့်တွက်ပါက ကုန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အလားတူ ပြီးခဲ့သည့်နှစ်က စာရင်းရှင် ငွေစာရင်းတွင် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းထက် ပိုမိုသည့် လိုငွေပြခဲ့ကြောင်း အဓိကမှာ ကုန်သွယ်မှု လိုငွေကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကျိုးဆက် အနေဖြင့် နိုင်ငံခြား အရန်ငွေကြေး ပမာဏမှာ နည်းပါးလာခဲ့ပြီး သွင်းကုန် သုံးလစာ ပမာဏအောက် လျော့နည်းလာကြောင်း နိုင်ငံတကာ ငွေကြေးအဖွဲ့ အနေဖြင့် သွင်းကုန်၏ ငါးလစာမှ ခြောက်လစာအထိ စုဆောင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေး မူဝါဒတွေကို တင်းကျပ်ဖို့ လိုနေပါတယ် ” ဟု Yong zheng Yang က ပြောကြားသည်။ယခု အစီရင်ခံစာ အနေဖြင့် တာဝန်ရှိသူများ အနေဖြင့် အစိုးရ ကောက်ခံ ရရှိငွေကို တိုးတက်စေပြီး သုံးစွဲရာတွင် ဦးစားပေး အစီအစဉ်များကို ပြန်လည် သုံးသပ်ခြင်းဖြင့် အစိုးရ အသုံးစရိတ် လိုငွေကို လျှော့ချသင့်ကြောင်း ဖော်ပြထားသည်။              ဇော်ဝေ၊ ထက်ရှိုင်း

Most Read

Most Recent