ရန်ကုန်မြို့တွင် နှစ်စဉ် လူဦးရေ သုံးသိန်းကျော် ပြောင်းရွှေ့နေထိုင်နေပြီး လူဦးရေ များလာမှုကြောင့် မြို့သစ်စီမံကိန်း အကောင်အထည် ဖော်နေသော်လည်း အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိဟုဆို

ရန်ကုန်မြို့တွင် နှစ်စဉ် လူဦးရေ သုံးသိန်းကျော် ပြောင်းရွှေ့နေထိုင်နေပြီး လူဦးရေ များလာမှုကြောင့် မြို့သစ်စီမံကိန်း အကောင်အထည် ဖော်နေသော်လည်း အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိဟုဆို
Published 17 September 2015
ဆန်းထူးအောင်

ရန်ကုန်မြို့တွင် နှစ်စဉ်လူဦးရေ သုံးသိန်းကျော် ပြောင်းရွှေ့နေထိုင်နေပြီး လူဦးရေ များပြားလာမှုကြောင့် မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ေနေသော်လည်း စီမံကိန်း အသေးစိတ်နှင့် အကောင်အထည်ဖော်မည့် အချိန်အား အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိကြောင်း အွန်လိုင်းအိမ်ခြံမြေ အကျိုးဆောင် ဝက်ဘ်ဆိုက်ဖြစ်သည့် House.com.mm မှ သတင်းထုတ်ပြန်ထားသည်။
ယခုလက်ရှိ အခြေတွင် အစိုးရသည် JICA နှင့်အတူ ပူးပေါင်း၍ ခုံးကျော်တံတားများ တိုးချဲ့ဆောက်လုပ်ကာ ကားလမ်းကျပ်တည်းမှု အခြေအနေတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နေပြီး တစ်ဖက်တွင်လည်း YCDC မှ မြို့ပြလူနေမှု ကျပ်တည်းမှု အခြေအနေကို ဖြေရှင်းနိုင်ရန် အတွက် ရန်ကုန်မြို့ကြီးအား မြို့ငယ်ခုနစ်ခုခွဲမည့် ရေရှည်စီမံကိန်းတစ်ခုကို တင်သွင်းခဲ့ကြောင်း JICA မှ ရန်ကုန်ဧရိယာ အနီးနားတွင်ရှိသည့် မြေဧက ၄၀,၀၀၀ နီးပါးအား ရန်ကုန်မြေ ဧရိယာအဖြစ် တရားဝင် သတ်မှတ်ပြီး မြို့အကျယ်အဝန်းချဲ့ရန် အဆိုတင်သွင်း ထားသော်လည်း စီမံကိန်းအသေးစိတ်နှင့် မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည် ဆိုသည်ကို သေချာစွာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း House.com.mm ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
“ရန်ကုန်မြို့ကို နှစ်စဉ် လူဦးရေ ၃၃၀,၀၀၀ ကျော် ပြောင်းရွှေ့နေထိုင် နေပါတယ်။ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်တဲ့ ပုံစံတွေဟာ နိုင်ငံအနှံ့မှာ ပိုမိုများပြား လာနေတဲ့အတွက် မြန်မာနိုင်ငံက မြို့ကြီးတွေရဲ့ အိမ်ခြံမြေ ဈေးကွက်တွေက တခြားနေရာတွေနဲ့ယှဉ်ရင် ပိုပြီးအရောင်း လိုက်တယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် မြို့ပြပေါ်မှာ နေထိုင်တဲ့ လူဦးရေ ရာခိုင်နှုန်းက ၃၃ ရာခိုင်နှုန်းလောက် ရှိနေပြီး ၂၀၃၀ ဝန်းကျင် ရောက်ရင်တော့ ၃၆ လောက်အထိ မြင့်တက်နိုင်ပါတယ်” ဟု House.com.mm မှ Co-Country Manager – Balaji Ramaswami က ပြောကြားသည်။
စတုရန်းကီလိုမီတာ ၆၀၀ နီးပါးကျယ် ဝန်းသည့် ရန်ကုန်မြို့တွင် လူဦးရေ ၄ ဒသမ ၆ သန်းနေထိုင်လျက်ရှိပြီး ထပ်မံဝင်ရောက် လာမည့်လူဦးရေနှင့် နိုင်ငံတကာမှ လာရောက် အလုပ်လုပ်ကိုင်ကြမည့် သူများအတွက် နေထိုင်စရာ နေရာအား အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို မသိရှိရသေးကြောင်း သိရသည်။
“မြို့ပြအိမ်ရာ ကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ်ထင်တဲ့ နည်းလမ်းကတော့ အခြားနိုင်ငံတွေလို အထပ် ၃၀၊ ၄၀ စသဖြင့်မြင့်တဲ့ အဆောက်အအုံကြီးတွေကို ဆောက်တာပဲ ဖြစ်ဖြစ်၊ အဆောက်အအုံ ဟောင်းတွေကို ပြန်လည်ပြင်ဆင် တည်ဆောက်တာ မျိုးပဲဖြစ်ဖြစ် လုပ်ရင်တော့ ဖြစ်နိုင်တယ်လို့တော့ မြင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလိုဆောက်လို့ ရမရတော့ မသေချာသေးပါဘူး။ ယခုလက်ရှိမှာတော့ အထပ်မြင့် အဆောက်အအုံတွေရဲ့ အမြင့်ပေ ကန့်သတ်ချက်များမှာ ရွှေတိဂုံ ဘုရားဝန်းကျင်မှာ အမြင့်ဆုံး ၅၈ မီတာ၊ မြို့ ထဲမှာ ၉၇ မီတာနဲ့ အခြားသော ရန်ကုန်ဧရိ ယာများမှာ ၁၂၇ မီတာအထိပဲ လက်ခံလျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း အခုလောလောဆယ် အခြေအနေကတော့ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ရာ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု 68 Residences မှ အုပ်ချုပ်မှုဒါရိုက်တာ မပြည့်ပြည့်က ပြောကြားသည်။
 

Most Read

Most Recent