ပွင့်လင်းမြင်သာမှု အားနည်းနေသေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မပြီးပြတ်သေးခြင်းနှင့် အခြားကန့်သတ်ချက်အချို့ ရှိနေသေးခြင်းကြောင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ ပြောကြာ

ပွင့်လင်းမြင်သာမှု အားနည်းနေသေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မပြီးပြတ်သေးခြင်းနှင့် အခြားကန့်သတ်ချက်အချို့ ရှိနေသေးခြင်းကြောင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ ပြောကြာ
Published 17 September 2015
အငယ်ထွေး၊နီလာ

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပြီး နောက်ပိုင်း ပြည်ပလုပ်ငန်းရှင်များ လာရောက် ရင်းနှီးရန် စိတ်ဝင်စားကြကြောင်း၊ သို့သော် လက်ရှိ အခြေအနေတွင် တချို့လုပ်ငန်းများတွင် ပွင့်လင်း မြင်သာမှု အားနည်းနေသေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မပြီးပြတ်သေးခြင်းနှင့် အခြား ကန့် သတ်ချက် အချို့ရှိနေခြင်းကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲ အချို့ရှိနေဆဲဖြစ်ကြောင်း၊ စက်တင်ဘာ  ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် Myanmar Global Investment Forum ၏ ဒုတိယနေ့ panel ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
“မြန်မာနိုင်ငံရဲ့လက်ရှိ အခင်းအကျင်းကို လေ့လာကြည့်ရင် ကိုယ်ကျိုးစီးပွား ကာကွယ်မှု protectionism ရှိနေတုန်းပဲလို့ ယူဆပါတယ်။ အခုချိန်မှာ ဥပဒေနှစ်ခုကို ပြန်လည် ပေါင်းစည်းနေတယ် လို့လည်း သိရှိရပါတယ်။ ဥပဒေအသစ် ထွက်ပေါ်လာတဲ့အချိန်မှာ protectionism နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အာမခံချက် ပေးနိုင်မလားဆိုတာ မသိရသေးပါဘူး။ နောက်ပြီးတော့ အခြားကန့်သတ်ချက် တွေလည်းရှိပါတယ်။ အဲဒါတွေက ပေါ်လစီပိုင်းပါ။ ဒါတွေက structural legal limitation တွေကြောင့် ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါအပြင် တချို့ နိုင်ငံခြားသားတွေကို ကန့်သတ်ထားတဲ့ sector တွေလည်း ရှိနေပါသေးတယ်” ဟု အဆိုပါ ဆွေးနွေးပွဲ၏  moderator ဖြစ်သူ Pedro Jose Fausto Bernardo က သုံးသပ် ပြောကြားသည်။
“ကျွန်တော့်အမြင်ကတော့ ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းမဟုတ်ပါဘူး။ ကုန်သွယ်ရေးမှာလည်း ကန့်သတ်ထားမှု အချို့ရှိပါသေးတယ်။ ဥပမာ-ကျွန်တော်တို့ နိုင်ငံခြားကုမ္ပဏီက မြန်မာပြည်ထဲမှာ ပဲဝယ်ပြီး အိန္ဒိယကို ပို့ ချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသား လုပ်ကိုင်ခွင့်ကို ခွင့်ပြု မပေးထားသေးပါဘူး”ဟု TATA International ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Sunil Seth ကလည်း ပြောကြားသည်။
“ကျွန်တော်တို့က နိုင်ငံခြားသားကိုတော့ တိုက်ရိုက် export လုပ်ခွင့် မပေးထားသေးပါဘူး။ ဒါပေမဲ့ ပြည်တွင်းထဲမှာ process ပြန်ပြီး လုပ်တယ်ဆိုရင် သူတို့ တင်ပို့ခွင့် ရှိပါတယ်။ ဥပမာ- value added လုပ်တယ် ဆိုရင် သူတို့တင်ပို့လို့ရပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ဥပဒေ နှစ်ခုရှိနေတော့ အခြေအနေ အမျိုးမျိုး ပြောကြတာပေါ့။ ဒါကပထမအချက်ပါ။ ဒုတိယအချက်က အခု သူတို့ ထောက်ပြသွားတာက ကုန်သွယ်မှုတို့ ဘာတို့မှာ နိုင်ငံခြားသားကို မပေးသေးတာက မြန်မာနိုင်ငံ အနေနဲ့ သိပ်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်မှုကို သိပ်ပြီး အလေးထားလွန်းတယ်လို့ သူတို့က ပြောကြတယ်။ ဒါပေမဲ့လည်း သူတို့ထင်သလို မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ အခုမှ တံခါးဖွင့်စ ဆိုတော့ တစ်ဆင့်ပြီးတစ် ဆင့်  ကိုယ့်ရဲ့ပြည်တွင်းစီးပွားရေး အသိုက်အဝန်းကိုလည်း မထိခိုက်အောင် ပြည်တွင်းက အသေးစား အလတ်စားတွေကိုလည်း မထိခိုက်အောင် တစ်ဖက်က တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် သွားနေတာပါ”ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ဒါကြောင့်မို့ ၁၉၈၈ ဥပဒေကို ၂၀၁၂ မှာ ပြင်တာက ပထမအဆင့်။ အခု ဥပဒေနှစ်ရပ်ကို ပေါင်းလိုက်တာကလည်း ဒုတိယအဆင့်ပေါ့။ ခုနက ပြောသလို protectionism ချည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို တဖြည်းဖြည်းနဲ့ သွားနေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတွေ အမြင်မှာတော့ မြန်မာနိုင်ငံက ကိုယ်ကျိုးစီးပွား ကာကွယ်နေတုန်းပဲ။ (protectionism) ကို အားသန်နေတုန်းပဲ ဆိုတာမြင်နေတုန်းပေါ့။ နောက်တစ်ခုက လိုင်စင်လျှောက်ရင် ဘယ်တော့ရမယ်ဆိုတာ မသိရတဲ့အပေါ်မှာ သူတို့ဘက်က complain တက်ချင်တာ။ သူတို့ဘက်ကတော့ ကြိုတင်ခန့်မှန်းလို့ရတဲ့ အနေအထားမျိုး လိုချင်ကြတယ်။ ဥပမာ- လိုင်စင်တစ်ခုလျှောက်ရင် ဘယ်နှရက်ကြာရင် ရမယ်ဆိုတာမျိုး၊ ဘယ်လို process တွေကို ဖြတ်ရမယ်ဆိုတာမျိုး၊  ပွင့်လင်းမြင်သာမှု လိုချင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ ဒါတွေ လုပ်ထားပြီးပါပြီ။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ ကျွန်တော်တို့ procedure တွေကို တင်ထားပြီးပါပြီ။ ဥပမာ- ကုမ္ပဏီ မှတ်ပုံတင်ရင် သုံးရက်နဲ့ ရပါတယ်။  တရားဝင် ကြေညာပေးပါတယ်။ သုံးရက်နဲ့ မရရင်လည်း complain လုပ်လို့ရပါ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ တတ်နိုင်သမျှ transparence ဖြစ်အောင် လုပ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်တွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို အမေရိကန် ဒေါ်လာ လေးဘီလျံ မျှော်မှန်းခဲ့ပြီး အမှန်တကယ်တွင် ၈ ဒသမ ၁ ဘီလျံ ဝင်ရောက်လာခဲ့ကြောင်း၊ ယခုနှစ်တွင် ၆ ဘီလျံ မျှော်မှန်းထားပြီး ထိုပမာဏထက်လည်း ပိုမို ဝင်ရောက် လာနိုင်ခြေရှိကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ ဒီနှစ်ရင်းနှီးမြှုပ်နှံမှု အတွက် ခန့်မှန်းထားတာက ၆ ဘီလျံပါ။ အခုလက်ရှိမှာ သန်း ၃၀၀၀ လောက်ရနေပါ ပြီ။ အဲဒါ ငါးလအတွင်းမှာ ဝင်နေတာပါ။ အခု ဝင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ  in cash အနေနဲ့ဝင်တာရှိသလို ကြီးမားတဲ့ project အကြီးတွေကတော့ ပါမစ်ရထားပေမယ့် အလုံးအရင်းနဲ့ မဝင်နိုင်သေးဘူး။ ဥပမာ-စက်ရုံတစ်ခု တည်တယ်ဆိုပါစို့။ စက်ရုံက ငါးသန်း ကုန်မယ်။ ခြောက်လနဲ့အပြီး တည်မယ်ဆိုရင် သူက ခြောက်လနဲ့ ပြီးသွားတာပဲ။ ဒါပေမဲ့ တချို့ project အကြီးတွေ ကျတော့ အချိန်ယူ ရတယ်။ ဥပမာ-Dam တစ်ခုဆောက်တယ် ဆိုပါတော့။ ဒါမှမဟုတ်ရင်လည်း လျှပ်စစ် ဓာတ်အားပေး စက်ရုံအကြီးကြီး ဆောက်တယ် ဆိုပါတော့။ အဲဒါကျတော့ တစ်နှစ်နဲ့မပြီးဘူး။ နှစ်နှစ် သုံးနှစ်အချိန်ယူရတာရှိတယ်။ သူတို့ ရဲ့ ရင်းနှီးမြှုပ်နှံမှုကျတော့ အဲဒီ နှစ်နှစ်သုံးနှစ် အတွင်းမှာ တဖြည်းဖြည်း ဝင်လာတာပေါ့။ လုပ်ငန်း သဘောသဘာဝကိုက project ပေါ် မူတည်ပြီးတော့ တဖြည်းဖြည်းဝင်လာတဲ့ သဘာဝရှိပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
အလားတူ သီလဝါ အထူးစီးပွားရေးဇုန်အား မကြာမ ီစတင် အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း၊ စဖွင့်လိုက်သည်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း အလုံးအရင်းနှင့် ဝင်လာနိုင်ကြောင်း၊ ထို့ကြောင့် မျှော်မှန်း ထားသည့် ၆ဘီလျံထက် ပိုများနိုင်ကြောင်း ၎င်းက ဆိုသည်။
အလားတူ နိုင်ငံတကာ လုပ်ငန်းရှင်များအတွက် အတားအဆီး ဖြစ်နေသည့်အချက် တစ်ခုမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မပြီးပြတ်သေးသည့် အချက်တစ်ခုလည်း ပါဝင်ကြောင်း၊ အလားတူ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကို အပြီးအပြတ် ရုပ်သိမ်းမှု မရှိသေးခြင်းမှာလည်း နောက်ထပ် အတားအဆီး တစ် ခုဖြစ်ကြောင်း၊ Siward Newton  ၏ ဒါရိုက်တာဖြစ်သူ Michael Armstrong ကလည်း ပြောကြားသည်။

Most Read

Most Recent