စားအုန်းဆီတွင် မြေပဲဆီအနံ့ထည့်ပြီး မြေပဲဆီအဖြစ် တံဆိပ်ကပ် ရောင်းချမှုကြောင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် မြေပဲဆီစက် ရာခိုင်နှုန်း ၉၀ မှာ ထုတ်လုပ်မှု ရပ်တန့်သွားပြီဖြစ်

စားအုန်းဆီတွင် မြေပဲဆီအနံ့ထည့်ပြီး မြေပဲဆီအဖြစ် တံဆိပ်ကပ် ရောင်းချမှုကြောင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် မြေပဲဆီစက် ရာခိုင်နှုန်း ၉၀ မှာ ထုတ်လုပ်မှု ရပ်တန့်သွားပြီဖြစ်
Published 16 September 2015
ဇော်ဝေ

စားအုန်းဆီတွင် မြေပဲဆီအနံ့ထည့်ပြီး မြေပဲဆီတံဆိပ်ကပ် ရောင်းချမှုများကြောင့် အမှန်တကယ် ထုတ်လုပ်သူများမှာ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် မြေပဲဆီစက် ရာခိုင်နှုန်း ၉၀ မှာ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရပ်တန့်သွားခဲ့ပြီဖြစ်ပြီး ဈေးကွက်အတွင်းတွင် မြေပဲဆီအမည်ခံ အတုအပများ ပိုမို နေရာယူလာပြီဖြစ်ကြောင်း ဆီလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။“မမှန်မကန် ထုတ်လုပ်မှုတွေကို အရေးယူဖို့ အချိန်တန်ပြီ။ ဒီလိုသာ မမှန်မကန် ထုတ်လုပ်နေမယ်ဆိုရင် စနစ်တကျ မှန်မှန်ကန်ကန် ထုတ်လုပ်နေတဲ့သူတွေဟာ တဖြည်းဖြည်း ရှုံးလာတယ်။ Chemical တစ်ကီလိုဂရမ် ဝယ်မယ်။ ပြီးရင် စားအုံးဆီထဲကို အဲဒီအနံ့ပေးပြီးတော့ တုတ်နဲ့ မွှေပြီးတော့ မြေပဲဆီအဖြစ် ရောင်းမယ်။ သူတို့မှာ ဘာစရိတ်မှမရှိဘူး။ ဒီလို လွယ်လွယ်ကူကူ စားအုန်းဆီ တစ်ပီပါလောက်ဝယ်။ Chemical တစ်ကီလိုလောက် ဝယ်ပြီးတော့ မြေပဲဆီ တံဆိပ်ကပ်ရောင်းနေရင် စက်မှုလက်မှု လုပ်ငန်းရှင်အကုန် ထိခိုက်မှာပဲ။ စက်ရုံ အလုပ်ရုံ ထိခိုက်တဲ့အပြင်ကို စားသုံးသူလည်း ထိခိုက်တယ်။ စားအုန်းဆီဈေးက ၁၆၀၀ ကျပ်ပဲရှိတယ်။ Chemical ကို တုတ်နဲ့မွှေပြီးတော့ ရောင်းတာက ၂၄၀၀ ရှိတယ်။ အနံ့ထည့်လိုက်တာနဲ့ ၂၄၀၀ ပေးစားရတယ်။ ဆိုပါတော့ Chemical အနံ့က တစ်ပိဿ ၁၀၀ ကျပ်ကျမယ်။ မသိ နားမလည်မှုကြောင့် အလိုလို ၇၀၀ ကျပ် ဆုံးရှုံးသွားတယ်။ ကုန်ပစ္စည်း အပေါ်မှာ ကျန်းမာရေးအတွက် ဆုံးရှုံးလိုက်ရသလို ငွေကြေးအနေနဲ့လည်း ဆုံးရှုံးသွားတယ်။ မြေပဲဆန် တစ်ပိဿာ ၃၀၀၀ ရှိနေချိန်မှာ မြေပဲဆီတစ်ပိဿာက ၂၄၀၀ ပဲရှိတော့ ကုန်ကြမ်းထက် ကုန်ချောက ပိုပြီးတော့ ဈေးသက်သာနေတယ်” ဟု ရန်ကုန်မြို့မှ ပဲဆီသန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံ အန့ှံတွင် မြေပဲဆီ၊ ပဲဆီ အမည်ခံ ထုတ်လုပ်သည့် တံဆိပ်ပေါင်း ၁၀၀ ကျော် ဝန်းကျင်ရှိကြောင်း၊ စက်ရုံရှိပြီး အမှန်တကယ် ထုတ်လုပ်သည့် တံဆိပ်မှာ ၁၅ ခုဝန်းကျင်ထက် မပိုကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင် တစ်ဦးက “ဆီစက်ရုံတွေ ၉၀ ရာခိုင်နှုန်းက ရပ်သွားတယ်။ ဘာလို့လဲဆိုတော့ ဒီအတုတွေကို မပြိုင်နိုင်လို့။ ၉၀ ရာခိုင်နှုန်း ဆိုတာက မန္တလေး၊ စစ်ကိုင်း၊ မကွေးက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးမှာ ဆီစက်အများဆုံး တိုင်းတွေ။ တစ်နိုင်ငံလုံးမှာ ဆီစက်အများဆုံး တည်ရှိတာက တိုင်းခြောက်တိုင်းနဲ့ ပြည်နယ်တစ်ခုမှာ အများဆုံးပဲ။ အဲဒီစက်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ရပ်သွားပြီ” ဟု ပြောကြားသည်။“ဈေးနှုန်းအရ မယှဉ်နိုင်လို့ ရပ်သွားတာ။ တချို့လည်း အပြီးရပ်သွားပြီးတော့ တချို့လည်း တွက်ခြေကိုက်တဲ့ အချိန်ပဲ လုပ်တော့တယ်” ဟု အထက်မြန်မာပြည် ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းက ပြောကြားသည်။Chemical ဖြင့် ပြုလုပ်ထားသည့် ရနံ့အမျိုးမျိုးကို မြန်မာနိုင်ငံတွင် အလွယ်တကူ ရရှိနိုင်ကြောင်း သိရသည်။“၂၀၁၄ ခုနှစ်မှာ ထွက်တဲ့ စားသုံးသူကာကွယ်ရေး ဥပဒေမှာ စားသုံးရန် မသင့်တဲ့ ဟာတွေကို ရောနှောရောင်းတယ်ဆိုရင် အဲဒီ ဥပဒေအရ အရေးယူလို့ ရပါတယ်။ ပုဒ်မတွေ အတိအကျ ရှိတယ်။ စားသုံးရန် မသင့်ဘူး။ စားလို့တော့ရတယ်။ ကြော်ငြာရာမှာ လိမ်ညာပြီးတော့ ကြော်ငြာရင်လည်း အရေးယူလို့ ရတယ်။ အရောင်းမြှင့်တင်တယ်ဆိုရင် ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့နဲ့ အရေးယူလို့ ရတယ်။ ပုဒ်မ ၈ တို့၊ ပုဒ်မ ၉ တို့ဆိုရင် ပြစ်မှုပြစ်ဒဏ် အနေနဲ့ ထောင်ဒဏ်သုံးနှစ်ပေါ့။ ပြစ်မှု ၂၃ တို့၊ ပြစ်မှု ၂၄ တို့ထဲက ဆီရောတဲ့ ပုဒ်မနဲ့ အရေးယူနိုင်တယ်။ ထောင်ဒဏ်သုံးနှစ်အထိတို့၊ ကျပ်သိန်း ၅၀ ထိတို့။ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးတို့ အရေးယူလို့ ရတယ်။ အရင်ကတော့ အမျိုးသား အစားအသောက် ဥပဒေနဲ့ အရေးယူခဲ့ပါတယ်” ဟု ဥပဒေပညာရှင် ဦးသန်းမောင်(စစ်တွေ)က ပြောကြားသည်။

Most Read

Most Recent