ပြည့်ဝသယောင်ရှိခဲ့သော ဆန္ဒများ

ပြည့်ဝသယောင်ရှိခဲ့သော ဆန္ဒများ
Published 21 July 2015
တက္ကသိုလ်မိုးဝါ

(၁)
ကဗျာစာပေသမားများသည် အမေအကြောင်းကို အများဆုံးရေးတတ်ကြပြီး အဖေ၏ ကျေးဇူးကြီးမားပုံ၊ မိသားစုကို ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက်ပုံ (တာဝန်သိသော အဖေကောင်းကို ဆိုလိုသည်) နှင့် ပတ်သက်၍မူ အရေးပါးကြသည်။ ဒီပြင် အရေးအနည်းဆုံးကတော့ သားသမီးတို့အကြောင်း ဖြစ်မည်ထင်သည်။
စာရေးသူအဖို့မူ သားကိုမွေးဖွားပြီး တစ်နှစ်အကြာတွင် သားအတွက် ပူပန်သောက ဖြစ်သည့်စိတ်ဖြင့် ကဗျာတစ်ပုဒ်ရေးခဲ့သည်။ “ကဗျာဆရာ့သားငယ်သို့ တောင်းပန်ခြင်း” ဟူ၍။ ပြီးတော့ သမီးမွေးဖွားပြီး နှစ်အနည်းငယ်ကြာခဲ့သော် သမီးမကြိုက်မနှစ်သက်သည့် ကစားစရာ အရုပ်အကြောင်း ရေးခဲ့ကာ သမီးအတွက် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ပြန်ပြီး “သမီး မကြိုက်တဲ့အရုပ်” ဟူသောကဗျာကို ရေးခဲ့သည်။
“လောကထဲသို့ လူသည် အလည်အပတ်အဖြစ် တစ်ဦးတည်းလာရောက်ကာ တစ်ဦးတည်းသာ ပြန်လည်ထွက်ခွာ သွားရမည်” ဟု ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေက ရေးခဲ့ဖူးသည်။  စာရေးသူကမူ သားကိုလောကထဲသို့ အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်လိုက်သူဟု ခံယူထားခဲ့သည်။ သားကို ဖိတ်ခေါ်လိုက်မိခြင်းသည်ပင် မှားခဲ့လေပြီလောဟု နောင်တတစ်ဖန်ဖြစ်ကာ မည်သည်ကိုမျှ နားမလည်နိုင်သေးသောသားအား အဖေဖြစ်သူက တောင်းပန်စာ ရေးလိုက်သည့် ကဗျာတစ်ပုဒ်ဖြစ်သည်။
မျက်စိသူငယ်ဖြင့် သားငယ်သည် အပြစ်ကင်းစင်စွာဖြင့် လောကကိုကြည့်တတ်ခြင်းမှ အစပြု၍ လူဖြစ်လာခြင်း ဖြစ်သည်။ မသန့်ရှင်းသောအကြည့် သံသယ အကြည့်ဖြင့်ကြည့်၍ လူဖြစ်လာခြင်းမဟုတ်။ လောကထဲ၌ မာနထောင်လွှား ဝါကြွားခြင်းများ၊ ဘဝမမှန်ဘဲ ဖောက်ပြန်ခြင်းများ၊ အငြိုးအတေးစိတ်ဖြင့် စကားကလိမ်ကကျစ် ပြောတတ်မှုများ၊ မိစ္ဆာစိတ်ဖြင့် ခြောက်လှန့်ကာ ကလူနှိပ်စက် ဖိနှိပ်မှုများစသည့် မကောင်းဆိုးဝါးစိတ်တို့သည် သား၏ရင်ထဲ ဦးနှောက်ထဲ၌ နတ္ထိအလျဉ်း မရှိမှန်း အသေအချာသိသည်။
သားကို မွေးဖွားခဲ့ပြီးနောက် သားအား ကြီးပြင်းမလာစေချင်တော့ပါ။ အဘယ့်ကြောင့်ဆိုလျှင် သားတစ်ယောက်သာ ကြီးပြင်းလာပါက ဝန်းကျင်လောက၏ ဟန်ရေးပြများအား မြင်တွေ့ရမည်ကို စိုးသောကြောင့် ဖြစ်သည်။ ထို့ပြင် လောကဟန်ရေးပြများသာမက အိပ်ပျော်နေချင်ယောင်ဆောင်သည့် ကောက်ကျစ်သော ဝံပုလွေများ၊ အငိုက်မိအောင် ညှို့ပြီးမှ အလစ်တွင် တစ်ချက်တည်း ပေါက်လိုက်မည့် မြွေဟောက်များ၊ ကြောင် ရှေ့ရောက်လျှင် အမြီးကုပ်ပြီး ကြောက်ရွံ့တတ်သည့် လူ့ကြွက်စုတ်များ စသည့်လူစားများ သား၏ မြင်ကွင်းရှေ့တွင် ရုပ်လုံးပီပြင် ပေါ်လွင်လာမည်ကို သားဖြစ်သူအား မမြင်မတွေ့စေချင်ပါ။ စိုးရိမ်ပူပန်တတ်ရန်ကောဟု အပြစ်တင်လိုကြပေမည်။
စိုးရိမ်ပူပန်သောက ဖြစ်မှုမှာတာဝန်သိတတ်သောမိဘတိုင်း၏ ရင်ထဲနှလုံးသားထဲတွင် အမြဲမပြတ် ကိန်းအောင်းနေတတ်သည်။ ကဗျာဆရာသည် သားငယ်ကို လောကထဲသို့ အလည်ဖိတ်ခေါ် လာခဲ့ပြီးသည့်နောက် သားကို ကြီးပြင်းမလာစေချင်ပါ။ သားကြီး ပြင်းလာလျှင် ပတ်ဝန်းကျင်လောက၏ အမှောင်ညနှင့် ဆက်သွယ်စပ်ယှက်မိမည်ကို အထူးတလည် ပူပန်မိသည်။  နှာဝရှိုက်သွင်း အမိုက်ဇာတ်ခင်းသည့် မူးယစ်ဆေးဝါးနှင့် ထိတွေ့မိမည်ကို အထူးစိုးရိမ်မိသည်။ လူလုံးမလှ၊ ဘဝတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားစေမည့် ကိစ္စလည်း ဖြစ်နေသည်။ သို့သော် ယခု အနှစ် ၃၀ ကျော်ခဲ့ပြီ။ သားသည် လိမ္မာရေးခြားရှိသော သား၊ အကောင်းနှင့် အဆိုးကို ခွဲခြားသော အသိတရားရှိရုံမျှမက ကိုယ့်စိတ်ကို ကိုယ်နိုင်နင်းစွာ ပဲ့ကိုင်ထိန်းကွပ်နိုင်သော သားတစ်ယောက် ဖြစ်သဖြင့် ဘဝမှာ ယခုအထိုက်အလျောက် တင့်တယ်စွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်ပြီဖြစ်သည်။ သည်တော့ စာရေးသူ၏ ဆန္ဒပြည့်ဝသွားပြီလား။  တကယ်တမ်းတော့ ဆန္ဒသည် ပြည့်ဝသွားသယောင် ရှိခဲ့ပါသော်လည်း အမှန်ပြည့်ဝခြင်း မရှိခဲ့။ စာရေးသူ၏ ဤသားမျိုးသာမဟုတ်၊ အခြား အခြားသော “သား” များအတွက်လည်း ဤဆန္ဒသည် တစ်ထပ်တည်း ကျနေပေသေးသည်။ ယနေ့ကာလတွင် ဘိန်းဖြူကဲ့သို့သော မူးယစ်ဆေးဝါးသာမက စိတ်ကြွရူးသွပ်စေသော ဆေးဝါးများစွာ ပေါ်ထွန်းလာပြီဖြစ်သောကြောင့် လမ်းလွဲလိုက်သည့် “သား” များစွာရှိနေပြီ။ ဆေးလိပ်၊ အရက်၊ ကွမ်းယာအပြင် မော်ဖင်း၊ ကိုကင်း၊ ဆေးခြောက်၊ Ecstasy၊ ICE သည်လည်းကောင်း၊ ကိုကိန်း၊ အမ်ဖက် တမင်းတို့သည် လည်းကောင်း၊ ယင်းကဲ့သို့သော မူးယစ်စေသည့် ဆေးဝါးများ နိုင်ငံတွင်း အလျှံပယ် တွေ့ရသည်။ စူးစမ်းလိုသော စိတ်အပါအဝင် စဉ်းစားဆင်ခြင် ဉာဏ်နည်းပါးမှု၊ မိမိကိုယ်ကို ထိန်းကျောင်းခြင်းတွင် အားနည်း မှု၊ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှု စသည်တို့ကြောင့် ယနေ့လူငယ် အများအပြား ဘဝပျက်သည့် လမ်းလွဲသို့ ရောက်ရှိခဲ့ကြသည်။ ယင်းသည်ပင် မည်သူ့တွင် တာဝန်ရှိသနည်း။ ရှင်းပါသည်။ ထပ်မံပြောနေရန် လိုအပ်မည် မထင်တော့ပါ။
သို့ပါ၍ ပြည့်ဝသယောင် ရှိနေခဲ့သော စာရေးသူ၏ ဆန္ဒတစ်ရပ်သည် တကယ်တမ်းတော့ မပြည့်ဝခဲ့ပါ။
 
(၂)
သမီးလေးကို လောကထဲသို့ အလည်ခေါ်ပြီးနောက် နှစ်အနည်းငယ်ကြာတော့မှ “သမီးမကြိုက်တဲ့အရုပ်” ကို ရေးဖြစ်သည်။ ထူးခြားသည်မှာ ကော်ဖတ်ရုပ်ဖြစ်သော မိန်းကလေးအရုပ်၊ ယောကျ်ားလေးအရုပ်ဆိုလျှင် မည်မျှပင် မျက်နှာချိုပြီး ပြုံးနေ၊ ချစ်စဖွယ်ဖြစ် နေသည့်တိုင် သမီးလေးက ကြမ်းပြင်ပေါ်သို့ အမြဲပစ်ချသည်။
ပို၍နားလည်သည့် အရွယ်သို့ ရောက်ရှိလာသောအခါ ၎င်းအရုပ်များအား ကိုင်ကြည့်ရန်ပင် ခါးခါးသီးသီး အော်ဟစ်ငြင်းဆန်သည်။
“သမီးမကြိုက်တဲ့ အရုပ်”
မိန်းကလေးအရုပ်
ယောကျ်ားလေးအရုပ်၊ ကော်ဖတ်ရုပ်ဆို
မျက်နှာချိုမွှေး၊ ရင်ထဲအေးပစေ
စိတ်နေခါးသီး
သမီးလေး လုံးဝမကြိုက်။
သမီးကြိုက်တဲ့ အရုပ်
တိရစ္ဆာန်ရုပ်များ၊ အမွေးဖွားနဲ့
ကျားရုပ် ကြောင်ရုပ်၊ ယုန်ရုပ် ခွေးရုပ်
ဝက်ဝံရုပ်များ၊ ရင်ကြားထွေးပွေ့
ပါးကပ်မွှေ့လို့၊ ခွေ့ဘိမနော
ရယ်မောကြည်နူးစံပယ်ဖူး။
သမီးမိန်းကလေး ဖြစ်နေပါလျက်နှင့် ဆော့ကစားရန် ကြောင်ရုပ်၊ ကျားရုပ်၊ ယုန် ရုပ်၊ ခွေးရုပ်၊ ဝက်ဝံရုပ်တို့ကိုသာ နှစ်ခြိုက်သဘောကျခြင်းသည် လောကလူ့ရွာရှိလူတို့၏ ယေဘုယျအားဖြင့် စိတ်နေနိမ့်ကျသော သဘောသဘာဝကို သမီး၏ မနောအိမ်၌ တင်ကြိုခန့်မှန်း တတ်နေ၍လား မသိပါ။
အရုပ်ချင်းအတူတူ
မငြူစူတတ်၊ သံပတ်ပေးခိုက်
ထားလိုက်ရင် နေ၊ စေလိုက်ရင် သွား
ကျားကျားမမ၊ လှဲချရင် ငို
မလိုချင်ဘူး
ရည်စူးချက်ပြင်း၊ မာနတင်းခံ
တိရစ္ဆာန်ရုပ်ပဲ
စိတ်ထဲစွဲနေ သမီးအခြေ။
စာရေးသူက အဖေတစ်ယောက်အနေနှင့် သမီးအတွက် နောက်တစ်ကြိမ် ပူပန်သောက ရောက်ရပြန်သည်။
လောကထဲသို့ ဝင်ရောက်လာတော့မည့် သမီးလေးသည် သူမကြိုက်သော၊ သူမ ကစားချင်သော လူရုပ်ကလေးများနှင့် လောကဇာတ်ခုံပေါ်၌ လည်းကောင်း၊ မဏ္ဍိုင်ကြီးသုံးရပ်၌ လည်းကောင်း မဆုံမကြုံမိစေရန် လွတ်အောင်ရှောင်နိုင် ပါ့မလားဟု ကြံဖန်ပြီး စိုးရိမ်ပူပန် နေမိပြန်သည်။
လောကထဲသို့
ဝင်ဆဲရောက်လတ္တံ့၊ ခြေဆန့်မယ့် သမီး
မုန်းတီးကွင်းကွေ၊ လူရုပ်တွေနဲ့
ရှောင်လေလွတ်ကင်း နိုင်ပါ့မလား။
တကယ်တမ်းတော့ ပြည့်ဝပြီးသယောင် ရှိခဲ့သော စာရေးသူ၏ ဆန္ဒများသည် ပြည့်ဝခြင်း မရှိခဲ့သေးပါတကား။

Most Read

Most Recent