၂၀၁၅ လှေစီး ဒုက္ခသည်

၂၀၁၅ လှေစီး ဒုက္ခသည်
Published 20 July 2015
ဝင်းနိုင်ထွန်း

၂၀၁၅ ခုနှစ် မေလလယ်တွင် Andaman Sea ကပ္ပလီပင်လယ်နှင့် Mediterranean မြေထဲပင်လယ်တို့တွင် လှေစီးဒုက္ခသည်များ ကပ်ဆိုက်ခဲ့ကြမှုများကို ထုတ်ဖော်ပြောဆို လာကြသည်။ ထိုဖြစ်ရပ် နှစ်ခုလုံးက လူသားချင်းစာနာမှုနှင့် လူသားများ၏ လုံခြုံရေးကိုပါ ဂယက်ရိုက်ခတ်ခဲ့သည်။ အနာဂတ်ကာလတွင် ထိုသို့သော ဒုက္ခသည် ပြဿနာလှိုင်းက ကြီးမားပြင်းထန်စွာ ရိုက်ခတ်လာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။၂၀၁၅ ခုနှစ် မေလလယ်ကတည်းက လူမှောင်ခိုကုန်ကူးသူများက ဒုက္ခသည် ၃,၀၀၀ ခန့်ကို Andaman Sea တွင် မျှောပစ်ထားခဲ့သည်။ ၎င်းတို့ကို မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ယာယီနေထိုင်ခွင့် ပေးထားသည်။ ကျန် ၂,၆၀၀ ခန့်သည် ကယ်တင်ပေးမည့်သူ မျှော်လင့်နေဆဲဟု နိုင်ငံတကာက ခန့်မှန်းပြောဆိုနေဆဲဖြစ်သည်။ အများစုသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ စီးပွားရေးကြောင့် ရွှေ့ပြောင်းသွားလာကြသူများ ဖြစ်ကြသည်။UNHCR ၏ ခန့်မှန်းပြောဆိုချက်အရဆိုလျှင် Andaman Sea တွင် လူမှောင်ခိုကုန်ကူးသူများ၏ ကွန်ရက်ဖြင့် သွားလာနေမှုသည် ၂၀၁၄ ခုနှစ် အစောပိုင်းကတည်းက နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများနှင့် စီးပွားရေးအရ ရွှေ့ပြောင်းသွားလာသူ ဦးရေသည် ၈၈,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်က ထိုဒေသတွင်း သွားလာခဲ့ကြသည့် အရေအတွက်နှင့် နှိုင်းစာလျှင် သုံးဆခန့် မြင့်တက်လာသည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ် ပထမလေးလအတွင်း ပင်လယ်ပြင်တွင် ၁,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြသည်ဟု သိရသည်။၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောကွေ့ရွာအနောက်ဘက် လေးမိုင်အကွာ ပင်လယ်ပြင်မှ လှေစီးဒုက္ခသည် ၂၀၈ ဦး စီးနင်းလိုက်ပါလာသော တန်ကေးစက်လှေနှင့် ရိက္ခာပို့ စက်လှေနှစ်စင်းကို တာဝန်ရှိသူများ တွေ့ရှိခဲ့ကြသည်။ တန်ကေး စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၂၀၈ ဦးနှင့် စက်လှေလုပ်သား ၁၁ ဦး၊ ရိက္ခာပို့စက်လှေပေါ်တွင် စက်လှေလုပ်သား ကိုးဦးတို့ လိုက်ပါလာကြသည်ကို စိစစ်တွေ့ရှိကြသည်။၎င်းတို့၏ ဇာတိလိပ်စာများ စိစစ်ကြရာတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၂၀၀ သည် ကော့ဘဇား၊ စစ်တကောင်းနှင့် ဒါကာမြောက်ဘက်ခြမ်း နေသူများ ဖြစ်ကြသည်။ ကျန်ရှစ်ဦးမှာ ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြသည်။ ပဲ့နင်း အပါအဝင် စက်လှေအလုပ်သမား ကိုးဦးသည် မြိတ်၊ ထားဝယ်နှင့် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ဖြစ်ကြသည်။ စကားပြန်နှစ်ဦးသည် စစ်တွေမှ တစ်ဦးနှင့် ကျောက်တော်မှ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြသည်။လှေစီးဒုက္ခသည်ထဲမှ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသားဖြစ်သူတစ်ဦး ပြောပြချက်အရဆိုလျှင် ပင်လယ်ထဲတွင် သုံးလနှင့် ၁၂ ရက်ကြာ နေခဲ့ရသည်ဟု ဆိုသည်။ကျောက်တော်မြို့နယ်နေ လှေစီးဒုက္ခသည် ရှစ်ဦးနှင့် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား ၁၈၇ ဦးကို နေရပ် အသီးသီးသို့ ပြန်လည်လွဲှပြောင်းပေးခဲ့ပြီး ဖြစ်သည်။ တောင်ပြို (ဝဲ) မြို့ ယာယီစခန်းတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၁၃ ဦးသာ ကျန်ရှိတော့သည်။ တာဝန်ရှိသူများ၏ စိစစ်ချက်မျာအရ တန်ကေးစက်လှေမှ ပဲ့နင်းအပါအဝင် ၁၁ ဦးသည် လှေစီးဒုက္ခသည် ၂၀၈ ဦးကို အခကြေးငွေရယူ၍ ဘင်္ဂလားဒေ့ရ်ှ ရေပိုင်နက်တွင် လူစုဆောင်းမှု ပြုလုပ်ပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများဆီသို့ ပို့ဆောင်ပေးရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုပဲ့နင်း အဖွဲ့သည် တန်ကေးစက်လှေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ လည်းကောင်း၊ တတိယအကြိမ်တွင် မလေးရှားနိုင်ငံသို့ လည်းကောင်း အသီးသီး ပို့ဆောင်ပေးခဲ့ဘူးကြသည်။ ယခု စတုတ္ထအကြိမ်ကျမှသာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများဆီသို့ ယခု အသုတ်ပို့ရန် အခြေအနေ မကောင်းသည့်အတွက် ၎င်းတို့နေရပ် ပြန်ပို့ရန် စီစဉ်နေစဉ် တာဝန်ရှိသူများ၏ တွေ့ရှိစိစစ်မှု ခံရခြင်း ဖြစ်သည်။ ရိက္ခာပို့စက်လှေသည် တန်ကေးစက်လှေထံသို့ စားသောက်စရာများနှင့် စက်သုံးဆီများ ပို့ဆောင်ပေးရန် လာရောက်ခဲ့ခြင်းဖြစ်သည်။လှေစီးဒုက္ခသည်များ သယ်ဆောင်သည့် စက်လှေများသည် ဘင်္ဂလားဒေ့ရ်ှရေပြင်တွင် ကျောက်ချရပ်နားကာ စုဆောင်းရရှိသည့် သူများကို ကဲ့လှေများဖြင့် အလီလီ သယ်ဆောင်ကာ လူစုဆောင်းခဲ့ကြသည်ဟု သိရသည်။တန်ကေးစက်လှေပိုင်ရှင်မှာ ထိုင်းလူမျိုး အူးမင့် (ခ) စိုးဝင်း (ခ) ဖိမင့် (ခ) Koo Milk (Mr. Nattapong Sangthong) ဆိုသူ ဖြစ်သည်ဟု မြန်မာဘက်မှ စိစစ်သိရှိရသည်။ ထိုအချိန်က ထိုင်းနိုင်ငံတွင်လည်း လူကုန်ကူးသူများကို ဖေါ်ထုတ်အရေးယူရန် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်နေသည့်အချိန် ဖြစ်သည်။ ထိုသူ့ကို ထိုင်းနိုင်ငံ Na Tawee Province တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသူလည်း ဖြစ်သည်။ ထိုင်းနိုင်ငံ၊ Song-khla Provice, Sadao District, Badang Besar Sub-District, Khao Kaew Mountain Moo 8 Taloh ကျေးရွာတွင် တရားမဝင် ရွှေ့ပြောင်းလာသူများအတွက် တစ်ထောက်နား ကြားစခန်းတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသူ၊ လူမှောင်ခိုကုန်ကူးသူများ၊ လူကုန်ကူးသူများနှင့် ဆက်စပ်လုပ်ကိုင်နေသူအဖြစ် ထိုင်းနိုင်ငံဘက်မှ စုံစမ်းရရှိထားသူ ဖြစ်သည်။ ထိုသူသည် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နိုင်သည်ဟု သုံးသပ်ကာ ထိုသူ၏ ဖမ်းဝရမ်းကို ၂၀၁၅ ခုနှစ် မေလ ၂၅ ရက် နေ့ ရန်ကုန်မြို့၊ ထိုင်းသံရုံးမှ ထိုင်းရဲသံအရာရှိမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးထံ ပေးပို့ခဲ့သည်။ ထိုသတင်းဆက်ကို ထိုင်းသံရုံးမှ ဆက်လက်ပေးသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ မေ ၂၉ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ထိုလှေစီးဒုက္ခသည်များ၏ အမှုနှင့် ပတ်သက်ပြီး မူလတရားခံ ၂၂ ဦး၊ ကွင်းဆက်တရားခံ လေးဦး စုစုပေါင်း ၂၆ ဦးတွင် ၂၁ ဦးဖမ်းဆီးရမိပြီး ရိက္ခာပို့စက်လှေပိုင်ရှင်ပါ ငါးဦးတို့မှာ တိမ်းရှောင်လျက်ရှိသည်။၂၀၁၅ ခုနှစ် မေလ ၂၉ ရက်နေ့ ၀၃း၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် အရှေ့တောင်ဘက် ၄၀ မိုင်အကွာ ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ၇၃၄ ဦး တင်ဆောင်လာသော ထိုင်းစာတမ်းပါ သစ်သားခွံ ငါးဖမ်းသင်္ဘော တန်ကေးတစ်စင်းကို တာဝန်ရှိသူများမှ တွေ့ရှိ ကယ်တင်ခဲ့သည်။၎င်းတို့ထဲတွင် မြန်မာနိုင်ငံတွင် နေထိုင်သည့် ဘင်္ဂလီ ၁၈၈ ဦး ပါဝင်ပြီး ဘင်္ဂါလားဒေ့ရ်ှနိုင်ငံသား ၅၄၆ ဦးတို့ ပါဝင်သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကညင်ချောင်းစခန်းမှ ဘင်္ဂလီတစ်ဦး ထွက်ပြေးသွားခဲ့သည်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား အမျိုးသားများမှာ ဒါကာတိုင်း၊ နော်ရိန်းဒီခရိုင်၊ ကော့ဘဇားခရိုင်၊ စစ်တကောင်းခရိုင်တို့မှဖြစ်ပြီး၊ အမျိုးသမီးများမှာ ကော့ဘဇားခရိုင်၊ အူခီးယားမြို့နယ်၊ ကူတူပါလောမ် ဒုက္ခသည်စခန်းနှင့် ဆော်ကော်ရီယာမြို့တို့မှ ဖြစ်ကြသည်။ ဘင်္ဂါလီလူမျိုးများသည် မောင်တောမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် ကျောက်တောမြို့နယ်တို့မှ ဖြစ်ကြသည်။ယင်းဖြစ်ရပ်မှ လူပွဲစား ၃၉ ဦး ဖော်ထုတ် ရရှိခဲ့သည်ဟု သိရသည်။ ထိုပွဲစားများသည် မောင်တောမြို့နယ်မှ ၂၃ ဦး၊ စစ်တွေမြို့နယ်မှ ကိုးဦး၊ ပေါက်တောမြိုနယ်မှ သုံးဦး၊ ဘင်္ဂလားဒေ့ရ်ှမှ သုံးဦးနှင့် အမည်၊ နေရပ်လိပ်စာ မသိသူ တစ်ဦးတို့ဟု ဖော်ထုတ်ရရှိကြသည်။မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုးများအား စိစစ်ကြည့်ရာ အမျိုးသားများမှာ လူပွဲစားများ၏ အကူအညီဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ကာ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စသော ဝင်ငွေရသော အလုပ်များ လုပ်ကိုင်ရန် သွားကြခြင်းဖြစ်ကြောင်း၊ အမျိုးသမီး တချို့မှာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော ခင်ပွန်းများထံ လူပွဲစားများ၏ အကူအညီဖြင့် လိုက်ပါရန်ဖြစ်ကြောင်း၊ အမျိုးသမီးတချို့မှာ မလေးရှားနိုင်ငံရှိ ရည်စား (သို့) ခင်ပွန်းလောင်းတို့နှင့် လက်ထပ်ရန် လူပွဲစားများ၏ အကူအညီဖြင့် သွားရောက်ကြကြောင်း၊ အမျိုးသမီး အနည်းစုသည် စားဝတ်နေရေး ခက်ခဲသဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ဆွေမျိုးများထံ မှီခိုလုပ်ကိုင် စားသောက်ရန်အတွက် သွားရောက်ကြခြင်းဖြစ်ကြောင်း၊ မှီခိုကလေးငယ်များမှာ ၎င်းတို့၏ မိဘဆွေမျိုးများနှင့်အတူ လိုက်ပါခဲ့ကြခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ယခုနှစ် လှေစီးဒုက္ခသည်ပြဿနာ မပေါ်ပေါက်မကပင် မလေးရှားနိုင်ငံရှိ UNHCR ရုံးတွင် မှတ်ပုံတင်ထားသူ ၁၃၈,၀၀၀ သည် တတိယနိုင်ငံသို့ ဆက်လက်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် ဒုက္ခသည်များ အများဆုံး လက်ခံသော နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည်ပင်လျှင် ယခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည် ခံယူထားသောသူ ၇,၅၀၀ သာ လက်ခံခဲ့သည်။ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ လိုက်ပါလာသော လှေစီးဒုက္ခသည် တချို့အား စိစစ်ရာတွင် လူပွဲစားများမှ လိမ်လည်ခေါ်ယူလာကြောင်း၊ ဘင်္ဂလားဒေ့ရ်ှပင်လယ်ပြင်ရှိ စက်လှေကြီးပေါ်သို့ ပို့ဆောင်ခံရကြောင်း၊ ပို့ဆောင်ခအဖြစ် မလေးရှားနိုင်ငံရောက်ပါက အလုပ်လုပ်ပြီး ဘင်္ဂလားဒေ့ရ်ှငွေ ကာတာ ၁၅၀,၀၀၀ (မြန်မာငွေ ကျပ်သိန်း ၂၀) ပေးရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ပန်းရန်၊ အုတ်ဖုတ်၊ အထမ်းသမား စသည့်အလုပ်ကြမ်းများ လုပ်ကိုင်ကာ ခြောက်လမှ တစ်နှစ်အတွင်း ပွဲစားများသို့ ပေးကြရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ မူဆိုနီ ဒုက္ခသည်စခန်းမှ လိုက်ပါလာသူများ အနေဖြင့် မလေးရှားနိုင်ငံသို့ ရောက်ပါက UNHCR ရုံးတွင် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများဟု ပြောဆိုကာ ဒုက္ခသည်များ၏ အထောက်အပံ့များ ခံစားကာ အလုပ်လုပ်ကိုင်ပြီး ပွဲစားခများ ပေးဆပ်ကြမည်ဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဇူလိုင် ၂ ရက်နေ့က မလေးရှားနိုင်ငံတွင် အရှေ့တောင်အာရှ ဒေသအတွင်း ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာသူများနှင့် သက်ဆိုင်သည့် ဝန်ကြီးအဆင့် အရေးပေါ် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။အင်ဒိုနီးရှားနိုင်ငံမှ ဥပဒေ ဘက်တော်သားများ လုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်ကြရန်၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ၊ သယ်ယူကယ်ထုတ်ရေး အကူအညီများ၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေး၊ ပြန်လည်အခြေချ နေထိုင်နိုင်ရေးတို့အတွက် စုပေါင်းတူညီသည့် တုံ့ပြန်မှုမျိုးကို တိကျသည့် အချိန်အတိုင်းအတာတစ်ခု ချမှတ်ကာ အတူတကွ လုပ်ဆောင်ကြရန်၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ကြရန်၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာမှု၏ ဇာစ်မြစ်ကို စိစစ်ဖော်ထုတ်ကြရန်၊ ဒေသတွင်း ပူးပေါင်းဖြေရှင်းနိုင်ရန် ယန္တရားတစ်ခု ထူထောင်ရန်တို့ကို ဆွေးနွေးသည်။ထို့အပြင် အင်ဒိုနီးရှားနိုင်ငံမှ ကယ်တင်ထားသော လှေစီးဒုက္ခသည်များကို Ache နှင့် North Sumatra တွင် ယာယီနေရာချထားမှုတို့ကို ရှင်းလင်းဆွေးနွေးသည်။မလေးရှားနိုင်ငံမှ ဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိလာကြသော သူများသည် အထူးသဖြင့် ၂၀၁၅ ခုနှစ်အတွင်း ရောက်နေကြသော သူများသည် စီးပွားရေးကြောင့် ရွှေ့ပြောင်းလာကြသူများ ဖြစ်ကြသည်ဟု ဆွေးနွေးသည်။ မလေးရှား ရဲတပ်ဖွဲ့မှ ရောက်ရှိလာသူများကို ခွဲခြားစိစစ်သည့်အခါ စီးပွားရေးကြောင့် ရွှေ့ပြောင်းလာသူများ၊ လူမှောင်ခိုကူးခံရသူများနှင့် နိုင်ငံရေး ခိုလှုံလိုသူများဟု ခွဲခြားနိုင်ခဲ့ကြသည်။ ထိုသို့ ဖြစ်ရခြင်းသည် နိုင်ငံရေး အခြေအနေကြောင့် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေးအခွင့်အလမ်းကြောင့် လည်းကောင်း စသည့်အချက်များပေါ်တွင် အခြေခံသည်ဟု သုံးသပ်တင်ပြသည်။ ထိုင်းမလေးရှား နယ်စပ်တွင် လူမှောင်ခိုသူများ၏ တစ်ထောက်နားစခန်းများ ဖော်ထုတ်စီစစ်နိုင်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးသည်။ထိုင်းနိုင်ငံမှ နိုင်ငံအချင်းချင်း ဆက်သွယ်ရေးတာဝန်ခံများ ခန့်ထားဆက်သွယ်ရေး၊ အရေးပေါ် တယ်လီဖုန်းလိုင်းများ ထားရှိဆက်သွယ်ရေးတို့အတွက် အကြံပြု ဆွေးနွေးခဲ့သည်။စင်ကာပူနိုင်ငံမှ ယခု လှေစီးဒုက္ခသည်များ၏ လိုအပ်သော အကူအညီပေးမှု ရစေရန် Trust Fund ရန်ပုံငွေတစ်ရပ် ထူထောင်သင့်ကြောင်း ဆွေးနွေးကာ ထိုရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာနှစ်သိန်း ထည့်ဝင်မည်ဟု ကတိပြု ဆွေးနွေးသွားသည်။ အာဆီယံနိုင်ငံ အသီးသီး ထည့်ဝင်ကြရန် မလေးရှားနိုင်ငံမှ တိုက်တွန်းထားသည်။ ထိုရန်ပုံငွေ သုံးစွဲရမည့် လုပ်ထုံးလုပ်နည်းများ စည်းကမ်းသတ်မှတ်ချက်များကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ရေးသားပြုစုမည် ဖြစ်သည်။UNHCR ကိုယ်စားလှယ်မှ လူမှောင်ခိုကုန်ကူးသူနှင့် လူကုန်ကူးသူများကို တရားစွဲဆိုနိုင်ရေးအတွက် သတင်းအချက်အလက်များ ဖလှယ်ရေးက အရေးကြီးပုံကို လည်းကောင်း၊ ရေကြောင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေကြသော အရာရှိများအတွက် နိုင်ငံတကာ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများ သိရှိရေးအတွက် သင်တန်းပေးရန် အဆင်သင့် ဖြစ်နေသည်ကို လည်းကောင်း၊ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်ကြရန် လည်းကောင်း စသည့်အချက်များကို ခြုံငုံဆွေးနွေးသွားသည်။IOM ကိုယ်စားလှယ်မှ လူကုန်ကူးခံရသူဖြစ်စေ၊ လူမှောင်ခိုကုန်ကူး ခံရသူဖြစ်စေ အကာအကွယ်ပေးမှုကို ပဓာနဦးစားပေး လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံများ၏ မူဝါဒ ချမှတ်သည့် အဆင့်အချင်းချင်း၊ အကောင်ထည်ဖော် ဆောင်ရွက်ကြသူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းတို့ကို ဆွေးနွေးသွားသည်။လက်ရှိ နိုင်ငံအချင်းချင်း မှုခင်းများ ဖေါ်ထုတ်နေကြသည့် ASEAN-APOL နှင့် INTERPOL တို့ ဆက်သွယ်မှု လမ်းကြောင်းများမှတစ်ဆင့် ယခုလှေစီးဒုက္ခသည် ပြဿနာများ ဖြေရှင်းကြရမည်ဖြစ်သည်။၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အာဆီယံနိုင်ငံများသည် ကုလသမဂ္ဂဆိုင်ရာ နိုင်ငံဖြတ်ကျော် မှုခင်းဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း အတည်ပြုကြတော့မည်ဖြစ်သည်။ ထို့ကြောင့် အာဆီယံနိုင်ငံများ အနေဖြင့် ဘဝရပ်တည်ရန် ခက်ခဲနေသူများ၏ လူ့အခွင့်အရေးကို လေးစားရမည်။ ၎င်းတို့၏ စီးပွားရေးအခွင့်အလမ်း တည်တံ့ခိုင်မြဲနေစေရမည်။ တရားဥပဒေကို လေးစားလိုက်နာ စောင့်ထိန်းကြရမည် ဖြစ်သည်။ယခုအခါ ဒေသတွင်းတွင် လူမှောင်ခိုမှုထက် လူကုန်ကူးမှု ဖြစ်စဉ်များ များစွာလျော့နည်းနေသေးသော်လည်း ဒေသတွင်းနိုင်ငံများ အချင်းချင်း ထိရောက်စွာ မဖြေရှင်းနိုင်ပါက လူကုန်ကူးမှုများ သိသိသာစွာ မြင့်တက်လာနေမည်ဖြစ်သည်။

Most Read

Most Recent