အမှန်တရားကို ဖုံးကွယ်လို့ရတဲ့ခေတ် ကုန်သွားပြီ

အမှန်တရားကို ဖုံးကွယ်လို့ရတဲ့ခေတ် ကုန်သွားပြီ
Published 20 July 2015
ကျော်ဇောလင်း

ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဦးချစ်မောင်လမ်းမပေါ်မှာ ယာဉ်တစ်စင်းကို လူတစ်စုက စနစ်တကျ ကြိုတင်အကွက်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ယာဉ်ပေါ်မှာပါ လာတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။
 
ဒေါက်တာသန်းထွဋ်အောင် လာမယ့် လမ်းခုလတ်ကနေ စောင့်ဆိုင်းပြီး လျှပ်တစ်ပြက်အတွင်းမှာပဲ “အသေသတ်“ “အသေသတ်” ဆိုတဲ့ အသံတွေနဲ့အတူ လူကို သေစေနိုင်တဲ့ ကုန်းသီးတွေနဲ့ တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလို လူတစ်စုရဲ့ စနစ်တကျ ကြိုတင်အကွက်ဆင် လုပ်ကြံတိုက်ခိုက်မှုသတင်းဟာချက် ချင်းပျံ့နှံ့သွားပြီး လူထုကြားမှာ အကြီးအကျယ် ဂယက်ရိုက်သွားခဲ့ပါတယ်။ 
 
Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ကို လူတစ်စုက စနစ်တကျကြိုတင်အကွက်ဆင် လုပ်ကြံတိုက်ခိုက်မှု၊ ဒီလုပ်ကြံမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအကြောင်းအရာတွေ၊ သတင်းတွေဟာ ဒီတစ်ပတ်အတွင်းမှာ လူပြောအများဆုံး၊ စိတ်ဝင်တစား စောင့်ကြည့်အခံရဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကဏ္ဍ မှာ ဒေါက်တာသန်းထွဋ်အောင်အား စနစ်တကျ ကြိုတင်အကွက်ဆင် လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်သတင်းကို ပြန်လည်သုံးသပ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
 
ပြည်သူတွေ မအပါဘူး
 
EMG ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင် စီးနင်းလာတဲ့ယာဉ်ကို လူတစ်စုက ကြိုတင်စောင့်ဆိုင်းပြီး ဦးချစ်မောင်လမ်းနဲ့ အာဇာနည်လမ်းထောင့် ယာဉ်ကြောပိတ်နေချိန်မှာ လုပ်ကြံတိုက်ခိုက်ခဲ့ကြပါတယ်။ တစ်ဖက်ယာဉ်ကျောမှာ အငှားယာဉ်တစ်စီး ကြိုတင်စောင့်aနပြီး လူငယ်နှစ်ဦးက ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ကားအနီးကို ကပ်ကာ ဦးခေါင်းနေရာကို လေးခွကုန်းသီးတွေနဲ့ အနီးကပ်ချိန်ရွယ် ပစ်ခတ်ခဲ့ကြပါတယ်။
 
လူကို ချက်ကောင်းထိရင် တစ်ချက်တည်းနဲ့ သေစေတဲ့ ၁၄ ကုန်းသီးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။  ဒါပေမဲ့ ကားမှန်မကွဲလို့ ဒေါက်တာ သန်းထွဋ်အောင် တစ်စုံတစ်ရာ အန္တရာယ်မရှိဘဲ  လွတ်မြောက်ခဲ့ပါတယ်။   လုပ်ကြံခံရသူဟာ မီဒီယာတစ်ခုရဲ့ အကြီးအကဲလည်းဖြစ်နေလို့  အခင်းဖြစ်စဉ်အနီးမှာရှိတဲ့သူတွေ ပိုပြီးဂရုပြုမိခဲ့ကြတယ်။ လုပ်ကြံသူတွေ မောင်းနှင်ထွက်ပြေးသွားတဲ့ ယာဉ်ကို အသေအချာ မှတ်မိလိုက်ကြတယ်။ ဒါကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို သတင်းပေးလိုက်နိုင်ပြီး နာရီအနည်းငယ်အတွင်းမှာ ယာဉ်နဲ့အတူ ယာဉ်မောင်းကို ဖမ်းမိခဲ့တယ်။အခင်းဖြစ်ပြီး နောက်နေ့ မနက်အစောပိုင်းမှာပဲ လုပ်ကြံသူတွေထဲမှာပါတဲ့ တစ်ဦးကို ထပ်မိခဲ့တယ်။ ၁၅ နာရီအတွင်းမှာ လူနှစ်ဦးကို ဖမ်းမိခဲ့ပါတယ်။ 
 
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မထင်မှတ်လောက်အောင် အခြေအနေတွေက ပြောင်းသွားခဲ့ပါတယ်။ မီဒီယာအကြီးအကဲတစ်ဦး လုပ်ကြံတိုက်ခိုက်ခံရတဲ့သတင်း လူထုကြားမှာ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အချိန်၊ အခင်းဖြစ်ပြီးနောက်နေ့မှာ ပြည်ထဲရေးဝန်ကြီးက သမ္မတဆီ သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ 
 
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း  အစပိုင်းမှာ ဒီအမှုနဲ့ပတ်သက်လို့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၃၀၇/ ၄၂၇/ ၁၁၄ အရ အမှုဖွင့်ထားရကနေ နောက်ပိုင်းမှာ ထောင်ဒဏ် ငါးနှစ်အထိ ထောင်ဒဏ် အမျိုးမျိုး ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ ပုဒ်မ ၄၄၀/ ၁၁၄ ကို ပြောင်းလဲလိုက်ပါတယ်။ 
 
လုပ်ကြံတိုက်ခိုက်ရာမှာ ပါဝင်သူနှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့ပေမယ့် အဲဒီနောက်ပိုင်း (ဇူလိုင် ၁၉ နေ့လယ်ပိုင်းအထိ ) ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုတွေထဲမှာ အားလုံး သိချင်နေကြတဲ့ လက်သည်အစစ်၊ နောက်ကွယ်က ကြိုးကိုင်ပြီး စေခိုင်းသူတွေကို ဖော်ထုတ်မပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဒီလိုတိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ ဆက်လက်ဆောင်ရွက်မှုတွေ  စနစ်တကျ လုပ်ဆောင်ထားမှုတွေ နဲပတ်သက်ပြီး သတင်းထုတ်ပြန်တာလည်း မကြားရတော့ပါဘူး။
 
အစိုးရကို အထင်အမြင်လွဲစရာ ဖြစ်မှာစိုးလို့ သမ္မတရုံးကလည်း ဒီအမှုကို စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းထွက်လာအပြီးမှာ အမှုသွား အမှုလာနဲ့အမှုရဲ့ ချိန်ခွင်လျှာပြောင်းလဲသွားတယ်လို့ ဆိုကြပါတယ်။ 
 
အမှုနဲ့ပတ်သက်ပြီး ဖုံးကွယ်မှုတွေ ရှိနေပြီလား။ ထိမ်ချန်မှုတွေ ရှိနေပြီလား။ သံသယဖြစ်လာကြပါတယ်။ တာဝန်ရှိရဲတွေရဲ့ ထုတ်ပြန်ချက်အရ လုပ်ကြံသူ လေးဦးလို့ပါရှိပြီး မျက်မြင်တွေ့သူတွေကတော့ ယာဉ်ပေါ်မှာ ငါးဦး ပါလာတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် ဒီလိုလုပ်ကြံဖို့အတွက် အချိန်ယူပြင်ဆင်ရမှာဖြစ်ပြီး လူ ၁၀ ဦးထက်မနည်း ပါဝင်မယ်လို့ တွက်ဆခဲ့ကြတာပါ။
 
နောက်ပိုင်းမှာတော့ ဒေါက်တာ သန်းထွဋ်အောင်ကို လုပ်ကြံသူတွေထဲက လက်သည်အစစ်ကို ဖော်ထုတ်လို့ မရသေးတဲ့အချိန်မှာပဲ လူမှုကွန်ရက်တွေကနေ ဒေါက်တာသန်းထွဋ်အောင်ကို ပုဂ္ဂိုလ်ရေးအပုပ်ချမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မှန်ကန်တဲ၊့ပြည်သူ့ဘက်က ရပ်တဲ့ မီဒီယာတွေကို မုန်းတီးတဲ့သူတွေ၊ သူတို့ရဲ့ လက်ဝေခံတွေဟာ လူမှုကွန်ရက်မှာ ဝင်စီးပြီး လုပ်ဇာတ်ခင်းကြပါတယ်။ ဒီလိုလုပ်ဆောင်လာကြတဲ့အထဲမှာ ခရိုနီအလိုကျ ကြိုးဆွဲရာ ကတတ်ကြတဲ့ ဂျာနယ် လစ်အမည်ခံတွေ၊ ခြံစည်းရိုးခွထိုင်တတ်တဲ့ အကျင့်ရှိသူအချို့လည်း ပါဝင်နေပါတယ်။ လုပ်ကြံတိုက်ခိုက်ခံရတဲ့ ဒေါက်တာသန်းထွဋ်အောင် အပေါ် Character Assassination လုပ်လာကြတယ်။ ဒါတွေဟာ သူတို့ ဘာကိုရည်ရွယ်ကြသလဲ။ ဒီဖြစ်စဉ်မှာ တရားခံအစစ်တွေကို ဖော်ထုတ်ဖို့ ကြန့်ကြာနေတဲ့အချိန် အမှန်နဲ့အမှားကို သာမန်လူတွေ မဝေခွဲနိုင်အောင် ဝါဒမှိုင်းတိုက်ဖို့ အုပ်စုလိုက် လုပ်ဆောင်လာကြပြန်တယ်။
 
ဒါပေမဲ့ လက်ရှိအချိန်မှာ လူထုက အမှန်နဲ့အမှားကို သဲသဲကွဲကွဲ သိနေကြပြီ။ အရင်တုန်းကလို အခြေအနေမျိုးနဲ့လည်း မတူတော့ဘူး။ ပြည်သူ့ဘက်က ရပ်တည်မယ့် မီဒီယာတွေ၊ လူထုခေါင်းဆောင်နဲ့ လူထုက ထောက်ခံအားပေးနေတဲ့သူတွေ၊ လူထုဘက်မှာ အမြဲတစေရှိနေတတ်ကြသူတွေကို ဒီလိုခြိမ်းခြောက် အကျပ်ကိုင်မှုတွေ အရင်ကလည်း ရှိခဲ့တယ်။  အခုထိလည်း ရှိနေသေးတယ် ဒီလိုအကွက်မျိုးတွေကိုပဲ သုံးနေကြသေးတယ်ဆိုတာ လူထုက သဘောပေါက်နေကြပါပြီ။ နိုင်ငံအတွက် အရေးကြီးတဲ့ အခုလို အလှည့်အပြောင်းကာလတွေမှာ ပြည်သူ့ဘက်ကရပ်မယ့်သူတွေ လုံခြုံမှုမရှိကြတော့ဘူးဆိုတဲ့ Message ကို ဒီဖြစ်စဉ်က ပေးလိုက်သလိုဖြစ်စေခဲ့ပါတယ်။ 
 
ရန်ကုန်မြို့မှာ နေရာတိုင်း ကားတွေက ကျပ်နေတယ်။ ဒါကိုအခွင့်ကောင်းယူပြီး စနစ်တကျ ကြိုတင် အကွက်ဆင်လုပ်ကြံမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိပြုရပါတော့မယ်။ တကယ်လို့ အခုပြဿနာကိုသာ တာဝန်ရှိသူတွေက မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ဘူး။ နောက်ကွယ်မှာရှိသူတွေ၊ ကျူးလွန်သူတွေကို မဖော်ထုတ်နိုင်ဘူးဆိုရင် ဒါဟာ အားလုံးအတွက် ကြောက်စရာကောင်းတဲ့ အနေအထားကို ရောက်သွားစေနိုင်ပါတယ်။
 
အာဏာရှင်တွေနဲ့ သူတို့ရဲ့ နောက်မြီးဆွဲတွေ၊ လက်ဝေခံတွေ ဘယ်လောက်အထိ ကွန်ရက်ကြီးကြီး တည်ဆောက်ထားကြတယ်ဆိုတာကိုလည်း လူထုက သိနေကြပါပြီ။ သူတို့ရဲ့လုပ်ကွက်တွေကို လူထုက  စောင့် ကြည့်နေကြပါပြီ။ ဒါကြောင့် အမှန်တရားကို သူတို့အကြာကြီး ဖုံးကွယ်နိုင်ကြဖို့ မရှိတော့ပါဘူး။            
 

Most Read

Most Recent