၁၉၄၇၊ ဇူလိုင် ၁၉၊ မနက်ခင်း

၁၉၄၇၊ ဇူလိုင် ၁၉၊ မနက်ခင်း
Published 19 July 2015
မောင်ကြည်

(၁)
 
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်ဖြစ်သည်။ ထိုနေ့က ကောင်းကင်သည် ပြိုတော့မည့်မိုးလို အုံ့မှိုင်းညို့ဆိုင်းလျက် ရှိသည်။ ကြည့်လေရာရာ မိုးငွေ့တို့ဖြင့် ရစ်သိုင်းမှုန်မှိုင်းနေသည်။ မိုးသည် တစ်မနက်လုံး ဖွဲလိုက် သည်းလိုက် စဲလိုက်။ နောက် ခပ်ဖွဲဖွဲလေးရွာချကာ စွေနေပြန်သည်။
 
ထိုအချိန်မှာပင် တာဝါလိန်းလမ်းရှိနေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်းသည် အစည်းအဝေးတက်ရန် ပြင်ဆင်နေပါသည်။ ဇနီးဖြစ်သူ မခင်ကြည်ထုတ်ပေးသော ရွှေဖလားရောင် ဗန်ကောက်လုံချည်နှင့် သနပ်ခါးရောင် မန္တလေးပိုးတိုက်ပုံကို အကျအနဝတ်ကာ လေယာဉ်ပျံတံဆိပ် ကတ္တီပါဖိနပ်ကိုစီးပြီး အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ ထို့နောက် ခြံဝင်းထဲမှာ အသင့်စောင့်ကြိုနေသည့် RA /၂၈၇၄ နံပါတ်တပ်ထားသည့် ကားနက်ပေါ်သို့ လှမ်းတက်လိုက်သည်။ အဆိုပါ ကားနက်လေးသည် မိုးတဖွဲဖွဲရွာနေသည့် ကတ္တရာလမ်းအတိုင်း အတွင်းဝန်ရုံးရှိရာသို့ မောင်းနှင်လာခဲ့လေသည်။
 
အတွင်းဝန်ရုံး၏ အလယ်ဗဟိုရှိ လှေကားခြေရင်းကို ကားထိုးရပ်လိုက်ချိန်မှာ ၁၀ နာရီ ၁၀ မိနစ်ခန့်ရှိပြီ။ ဗိုလ်ချုပ်သည် သူ့အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အစည်းအဝေးခန်းမထဲမှာတော့ ဝန်ကြီးတွေ စုံသလောက်ဖြစ်နေတာကို တွေ့ရသည်။ “ဂ” ပုံစံစားပွဲ၏ ထိပ် အလယ်တည့်တည့်မှာ ဗိုလ်ချုပ် ဝင်ထိုင်လိုက်သည်။ ဗိုလ်ထွန်းလှက ဖိုင်တွဲနှင့်မှတ်တမ်းမှတ်ရာတွေကို ဗိုလ်ချုပ်စားပွဲရှေ့မှာ လာချပေးသည်။ ဗိုလ်ချုပ်၏ လက်ယာဘက်မှာ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း နှင့် မန်းဘခိုင်။ လက်ဝဲဘက်မှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနှင့် မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတို့ အသီးသီးထိုင်နေကြပါသည်။ ထို့အပြင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရှာပေးဖို့အတွက် ဝန်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်လည်း ဗိုလ်ချုပ်၏ လက်ဝဲဘက်မှာ အသင့်စောင့်လျက်ရှိနေသည်။
 
၁၀ နာရီ ၁၅ မိနစ်မှာ ဝန်ကြီးများအစည်းအဝေးကို စတင်လိုက်သည်။ ဝန်ကြီးဌာနအသီးသီး၏ အရေးကြီးကိစ္စရပ်များကို ပြောဆိုဆွေးနွေးကြပါသည်။ ထိုကဲ့သို့ အစည်းအဝေးကျင်းပလာရာ ၁၅ မိနစ်ခန့်ကြာသောအခါ အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင် အခန်းထဲဝင်လာပြီး သခင်မြဘေးမှာ ထိုင်လိုက်သည်။ ဦးအုန်းမောင်က လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များကို တင်ပြရန် ရောက်လာခြင်းဖြစ်သည်။ ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အချိန်အားဖြင့် ၁၀ နာရီ ၃၇ မိနစ်သို့ ရောက်ရှိလာခဲ့ပါသည်။
ထိုအချိန်မှာပင်....။
 
(၂)
 
ထိုနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ အင်းလျားကန်ဘေးရှိ ခြံဝင်းတစ်ခုထဲမှာ RC/ ၁၈၁၄ နံပါတ်တပ် ဂျစ်ကားအစိမ်းတစ်စီး မောင်းထွက်လာခဲ့ပါသည်။ ထိုဂျစ်ကားလေးသည် မိုးဖွဲဖွဲလေးကျနေသည့် ပြည်လမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။ ကားအရှိန်ကြောင့် တစ်ချက်တစ်ချက် လမ်းဘေးသို့ ရေတွေဖွားခနဲ လွင့်စင်သွားကြသည်။ ကားမောင်းနေသော တောသားပုံစံ မျက်နှာပေါက်နှင့် လူသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူမှအပ ကျန်လေးယောက် မှာ စစ်ယူနီဖောင်းဝတ်ထားပြီး နံပါတ် ၁၂ တပ်မ၊ ခြင်္သေ့တံဆိပ်ကို အသီးသီး တပ်ဆင်ထားကြသည်။ ဒရိုင်ဘာနာမည်မှာ သုခဖြစ် ပြီး ထိုင်လိုက်လာသူများမှာ စိန်ကြီး၊ မောင်စိုး၊ သက်နှင်းနှင့် ရန်ကြီးအောင် တို့ဖြစ်ကြ သည်။ သူတို့တစ်ယောက်မှ စကားမပြောဖြစ်ကြ။ အတွေးကိုယ်စီနှင့် လိုက်ပါလာခဲ့ကြသည်။
 
တစ်ခါတစ်ရံ လမ်းကြောင်းမကျွမ်းသည့် သုခကို စိန်ကြီးက “ဘယ်ကွေ့ညာချိုး” ဟု လမ်းညွှန်သံမှအပ တစ်ကားလုံး တိတ်ဆိတ်နေသည်။ သူတို့စီးလာသော ကားသည် ပြည်လမ်းမှ ကော်မရှင်နာလမ်း၊ ထိုမှ မောင့်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပေါ်သို့ ချိုး ကွေ့လိုက်သည်။ ထိုမှတစ်ဆင့် ပန်းဆိုးတန်းထိပ်ရှိ နာရီစင်ကိုဖြတ်လာသည်။ စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) အတိုင်း ဆက်မောင်းလာပြီး ဖရေဇာလမ်း (ယခု အနော်ရထာလမ်း) ကို ဖြတ်ကျော်လာခဲ့သည်။ ထို့နောက် အတွင်းဝန်ရုံး စာတိုက်ကလေးအနီးရှိ ပထမဂိတ်ပေါက်အတွင်းသို့ ဝင်လာခဲ့သည်။ သို့သော် ရုံးတက်ချိန်ဖြစ်နေသောကြောင့် ကားကြီးကားငယ်တွေ တစ်စီးပြီးတစ်စီး ဝင်လာနေကြသည်။ သူတို့ကားကို ခဏရပ်စောင့်ပြီးမှ အရှိန်လျှော့ကာ တဖြည်းဖြည်း ဘီးလှိမ့်ပြီး အနောက်ဆင်ဝင်အောက်မှ ကာကွယ်ရေးဌာနဘက်သို့ ချိုးကွေ့ဝင်လိုက်ရသည်။ ကားရပ်ရပ်ချင်းမှာပင် စိန်ကြီး၊ မောင်စိုး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့ ခုန်ဆင်းလိုက်သည်။ ကားနောက်ခန်းမှ စတင်းဂမ်းတစ်လက်နှင့် တော်မီဂမ်း သုံးလက်ကို ဆွဲကာ အတွင်းဝန်ရုံးထဲသို့ ပြေးဝင်လာခဲ့ကြသည်။ ပြေးနေရင်း စိန်ကြီးက “ကားစက်မရပ်နဲ့” ဟု သုခကို လှမ်းအော်သွားသေးသည်။ သူတို့ လေးယောက် အပေါ်ထပ်တက်သည့် လှေကားမကြီးအတိုင်း ခပ်သုတ်သုတ်  ပြေးတက်သွားကြသည်။
ထို့နောက်မှာတော့...။
 

 
(၃)
 
ရှေ့ဆုံးမှဝင်လာသော သက်နှင်းက တံခါးကို တွန်းဖွင့်လိုက်သည်။ ထို့နောက် “ဟိတ်” လို့ လှမ်းအော်ကာ သူ့လက်ထဲမှ တော်မီဂမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းကို ဦးတည်ကာ တရစပ် ပစ်ခတ်ပါတော့သည်။ ရုတ်တရက်မို့ ဗိုလ်ချုပ်လည်း ထိုင်ရာမှထပြီး လက်ကာ တားလိုက်သည်။ တစ်ခုခုပြောမလို့ ဟန်ပြင်လိုက်သော်လည်း အချိန်မမီတော့။ အဆက်မပြတ် တိုးဝင်လာသည့် ကျည်ဆန်တို့၏ အရှိန်ကြောင့် လူရောထိုင်ခုံပါ အနောက်ဘက်သို့လန့်ကျသွားသည်။
 
သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာသည်။ တစ်ခန်းလုံးကို မွှေ့ယမ်းပစ်ခတ်နေသောကြောင့် ကျန်ဝန်ကြီးအသီးသီးလည်း ဒဏ်ရာကိုယ်စီနှင့် လဲပြိုကျကုန်တော့သည်။ ဝန်ကြီးဦးဘဂျမ်းသည် သေနတ်တွေကိုမြင်မြင်ချင်း အနားရှိ ဦးအောင်ဇံဝေ၏ လက်ကို ဆွဲကာကြမ်းပြင်ပေါ် လှဲချလိုက်သောကြောင့် လွတ်သွားသည်။ ထို့အတူ ပျော်ဘွယ်ဦးမြနှင့် အတွင်းဝန်ဦးရွှေဘော်တို့လည်း နောက်ကျောဘက်ရှိ ပြတင်းပေါက်ပေါ်မှ ခုန်ချလိုက်သောကြောင့် ကံသီကာ လွတ်မြောက်သွားသည်။ စိန်ကြီးတို့အုပ်စုသည် မတ်တတ်ရပ်ကာ ပစ်နေရာမှ ဒူးထောက်ထိုင်ချလိုက်ပြီး ဆက်လက်ပစ်ခတ်နေကြသည်။ တစ်ခန်းလုံး ယမ်းငွေ့တွေ မွှန်သွားသည်။ စားပွဲပေါ်မှ စက္ကူအပိုင်းအစများလည်း လေထဲမှာလွင့်ပျံသွားကြသည်။ ကြမ်းပြင်ပေါ်မှာတော့ သွေးစက်များ.....။ သူတို့ အပစ်ရပ်ပြီး ပြန်ထွက်လာရာ အခန်းတစ်ခန်းထဲမှ ထွက်လာသော သက်တော်စောင့် ကိုထွေးနှင့် လှေကားထိပ်မှာ ပက်ပင်းတိုးမိသည်။ တစ်ယောက်က လှမ်းပစ်လိုက်သောကြောင့် ကိုထွေးလည်း ပုံရက်သား လဲကျသွားသည်။
 
သူတို့လေးယောက် လှေကားမကြီးအတိုင်းပြေးဆင်းပြီး ကားပေါ်ခုန်တက်လိုက်သည်။ သို့သော် ကားက စက်ရပ်သွားသည်။ ပြန်နှိုးသော်လည်း မနိုး။ စိန်ကြီးအတင်းဝင်နှိုမှ နိုးသွားသည်။ ထိုကျမှ ကားကဝူးခနဲ ဆောင့်ထွက်သွား၏။ ထိုစဉ် ခေါင်မိုးပေါ်မှ ကျီးတစ်အုပ် ရုတ်တရက် ထပျံသွားကြသည်။
 
နောက် အတွင်းဝန်ရုံးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ရစ်ခဲ့သည်။
 
(၄)
 
မိုးစိုနေသည့် လမ်းပေါ်မှာ ဝီစီမှုတ်သံ၊ ကားဟွန်းသံတို့ အဆက်မပြတ် ပေါ်ထွက်နေသည်။ ထိုစဉ် လူနာတွေ တင်လာသော ဆေးရုံကားတစ်စီး ဥသြသံပေးကာ ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်ဌာနရှေ့သို့ ဝေါခနဲ ထိုးဆိုက်လာသည်။ ထို့နောက် ဆေးရုံဝင်းတစ်ခုလုံး တွန်းလှည်းရွှေ့သံ၊ အော်ဟစ်သံ၊ ပြေးလွှားသံ၊ ဖိနပ်သံတို့ဖြင့် ဆူညံသွားကြသည်။
 
ဆေးရုံကြီးရှေ့မှာတော့ လူတွေ ရုတ်ရုတ်သဲသဲ။ အားလုံးထိတ်လန့်တုန်လှုပ်နေကြသည်။ စိုးရိမ်စိတ် ပူပန်စိတ် ဒေါသစိတ်တို့ဖြင့် မျက်နှာမသာမယာဖြစ်နေကြသည်။ “ဖြစ်မှဖြစ်ရလေ” “ဘုရား..ဘုရား..ဗိုလ်ချုပ်တို့ မသေပါစေနဲ့” “ကြည့်စမ်း အကြံပက်စက်လိုက်တာ”“ တောက် လူမဆန်လိုက်တာကွာ” “တီးတိုးရေရွတ်သံတွေ အဆက်မပြတ် ထွက်ပေါ်နေသည်။
 
ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြည်ကြည်လင်လင် မရှိ။ မိုးမှုန်တို့ဖြင့် အရာအားလုံး ေ၀ဝါးနေကြသည်။ ဇူလိုင်မိုးကား တဖြောက်ဖြောက်ရွာနေဆဲ။
 
ကျမ်းကိုး ။  ။ (၁) ဒဂုန်တာရာ -ဦးအောင်ဆန်း၏ နောက်ဆုံးနေ့။ (၂) လူထုဦးလှ-ထောင်နှင့် လူသား။ (၃) ထိန်အောင်-အာဇာနည်နေ့ (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး (အင်တာနက်ဆောင်းပါး)
 
 
အာဇာနည်နေ့နှင့် ပြည်သူတို့အသံ
 
 
■ ဦးအာကာစိုးနော် (မြန်မာနိုင်ငံ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်)
 
အာဇာနည်နေ့ အထိမ်းအမှတ်လုပ်တာတော့ ကောင်းပါတယ်။ ဗိုလ်ချုပ်လိုလူမျိုး ဆုံးရှုံးရတာ ခေတ်အဆက်ဆက် ဝမ်းနည်းဖို့ကောင်းပါတယ်။တစ်နှစ် တစ်ကြိမ် ဝမ်းနည်းပူဆွေးပြီး အထိမ်းအမှတ်တွေ လုပ်တာထက် အာဇာနည်ခေါင်းဆောင်ကြီးတွေ ရယူပေးသွားတဲ့ လွတ်လပ်ရေးကို ဒီနေ့ခေတ်လူငယ်တွေ ဗိုလ်ချုပ်လိုခိုင်မာတဲ့ ယုံကြည်ချက်နဲ့အနှစ်သာရရှိတဲ့ ဒီမိုကရေစီနိုင်ငံကို တက်လှမ်းနိုင်အောင် ကြိုးပမ်းသွားဖို့လိုတယ်။ သက်ဆိုင်ရာတွေအနေနဲ့လည်း လူငယ်တွေအတွက် မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ပေးဖို့လိုတယ်။ ဗိုလ်ချုပ်တို့ အာဇာနည်ခေါင်းဆောင်ကြီးတွေက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်အောင် ပင်လုံစာချုပ်ကို ချုပ်ဆိုပေးခဲ့တယ်။ အခုက ဗိုလ်ချုပ်တို့ ကြိုးပမ်းခဲ့တဲ့ သမိုင်းကြောင်းကို လက်ရှိအချိန်မှာ မထိန်းသိမ်းနိုင်ဘူး ဖြစ်နေတယ်။ ဒါက လက်ရှိအစိုးရအတွက်ကော၊ တိုင်းရင်းသားလူမျိုးတွေအတွက်ကော၊ ပြည်သူအားလုံးအတွက် ရှက်ဖို့ ကောင်းနေတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကို ချစ်တယ်၊ မြတ်နိုးတန်ဖိုးထားတယ်ဆိုရင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကြိုးပမ်းပြီး ချုပ်ဆိုထားတဲ့ ပင်လုံစာချုပ်အတိုင်း တိုင်းရင်းသားအချင်းချင်း စစ်ပွဲတွေရပ်တန့်ပြီး ချစ်ချစ်ခင်ခင် ဖြစ်စေချင်တယ်။ လူငယ်တွေလည်း ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒ၊ လမ်းစဉ်တွေအတိုင်း လိုက်နာကြိုးပမ်းဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
 
■ ဇွဲရန်နိုင် (အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအသင်း)
 
ဒီနှစ် အာဇာနည်နေ့က ၆၈ ကြိမ် တိုင်ခဲ့ပြီ။ အာဇာနည်နေ့က ကဏန်းတွေ အကြိမ်အရေအတွက်တွေသာ ပြောင်းသွားပေမယ့်လည်း ဗိုလ်ချုပ်တို့လိုချင်တဲ့ အခြေအနေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေဖြစ်စေချင်တဲ့ အခြေအနေအတိုင်း ကျွန်တော်တို့ မဖြစ်သေးပါဘူး။ ကျွန်တော်တို့လို လူငယ်တွေအနေနဲ့ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အလေးထားမှုတွေ၊ လေးနက်မှုတွေ ရှိစေချင်တယ်။ အာဇာနည်နေ့မှ မဟုတ်ပါဘူး။ နေ့တိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီး တွေကို အမှတ်ရပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေ ဖြစ်စေချင်တဲ့အတိုင်း ကြိုးပမ်းသွားသင့်တယ်လို့ ထင်ပါတယ်။
 
 
■ နေဘုန်းလတ် (Pen Myanmar)
 
အာဇာနည်နေ့က နေ့တိုင်းကြုံနေရမှာပဲလေ။ အဓိကပြောချင်တာက အာဇာနည်တွေလိုချင်တဲ့ ဒီမိုကရေစီနောက်ပြီး တကယ့် စည်းလုံးညီညွတ်တဲ့နိုင်ငံ မဖြစ်သေးပါဘူး။ ဒါကြောင့် အာဇာနည်နေ့ကို မမေ့သင့်သလို အာဇာနည်နေ့မှာ အဲဒါတွေကိုလည်း မမေ့စေချင်ပါဘူး။ အားလုံးဝိုင်းပြီး ကြိုးစားကြစေချင်ပါတယ်။
 
■ မလဲ့နွယ်လှိုင်  (Win Luck Training Co..Ltd) Marketing Manager ၊ တောင်ဥက္ကလာ
 
မြန်မာပြည်မှာရှိတဲ့ သူတွေတိုင်းအတွက် အာဇာနည်နေ့ဆိုတာ မမေ့သင့်တဲ့ နေ့တစ်နေ့ပါ။ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်စွန့်ပြီး ကြိုးပမ်းပေးခဲ့လို့အစ်မတို့ခေတ်မှာ လွတ်လပ်စွာ နေခွင့်ရခဲ့တယ်။ သူတို့နေရာမှာ အခြားသူတွေသာဆိုရင် တော်ရုံတန်ရုံ ဘယ်စွန့်စားရဲပါ့မလဲ။ ကိုယ့်အတွက်မဟုတ်ဘဲ အခြားသူတွေအတွက် စွန့်စွန့်စားစား လုပ်ပေးတယ်ဆိုတာ တော်ရုံစိတ်ဓာတ်နဲ့ လုပ်လို့ရတဲ့အလုပ် မဟုတ်ဘူး။ အားလုံးအတွက် အနစ်နာခံပြီး အသက်စွန့်သွားခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အစဉ်အမြဲလေးစားပါတယ်။ မနက်ဖြန်ကျရင်လည်း အာဇာနည်ကုန်းကိုသွားပြီးတော့ အလေးသွားပြုမှာပါ၊
 
■ မောင်ကျော်ကျော်ဦး  (စီးပွားရေးကျောင်းသား၊ မြောက်ဒဂုံမြို့နယ်)
 
“အာဇာနည်ဆိုတာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို သတ်မှတ်တာပဲဖြစ်တယ်။ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်ခဲ့တဲ့သူတွေ လုပ်ကြံသတ်ဖြတ်ခံရတာ မြန်မာပြည်အတွက် အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။ အာဇာနည်နေ့ကို အရင်ထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်စေချင်တယ်။ ဖြစ်နိုင်ရင် သမ္မတကြီး ဦးသိန်းစိန်ကိုပါ အာဇာနည်နေ့ကို တက်ရောက်ပြီးတော့ အလေးပြုစေချင်ပါတယ်။ ပြီးတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေးအမြတ်ထုတ်လုပ်ရပ်မျိုး ကျတော့ လက်မခံနိုင်ဘူး။ 
ဘာဖြစ်လို့လဲဆိုရင် ခေါင်းဆောင်ကြီးတွေဟာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်လို့ပဲ။ ပြီးတော့နောက်လာမယ့် လူငယ်တွေ အာဇာနည်နေ့ဆိုတာ သိနိုင်အောင် ကျောင်းသင်ခန်းစာတွေမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့အကြောင်းကို ထည့်ပြီးတော့ သင်ကြားပေးစေချင်တယ်။
 
 ■ ကိုဝေဖြိုး (General Manger Excellent Yangon  Distribution Co.Ltd)
 
“အာဇာနည်နေ့ဆိုတာ ဝမ်းနည်းစရာကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းတဲ့ နေ့တစ်နေ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမျိုး တိုင်းပြည်ကိုချစ်ပြီးတော့ အနစ်နာခံ စွန့်လွှတ်ရဲတဲ့ ခေါင်းဆောင်ကောင်းတွေ၊ အာဇာနည်တွေ ပေါ်ထွက်လာခဲ့ပါလားဆိုတာကို အမြဲသတိပေးနေမယ့် နေ့တစ်နေ့ဖြစ်နေလို့ပါပဲ။
 
 ■ ကိုစောနောင်နောင် (ဒုတိယနှစ်ကျောင်းသား အင်္ဂလိပ်စာ၊ ကမာရွတ်မြို့နယ်)
 
“ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိဖြစ်ရပ်တွေကို တမလွန်က သူတို့သာ မြင်ကြမယ်ဆိုရင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အရမ်းအားနာမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းကအစ ရဲဘော်ကိုထွေးအဆုံး အာဇာနည်ခေါင်းဆောင်ကြီးတွေ အားလုံးကို လေးစားပါတယ်။ဆုပ်ကိုင်ထားတဲ့ အာဏာရှင်တွေအတွက် စွန့်လွှတ်သွားခဲ့တဲ့ အာဇာနည်တွေကို အားနာပါတယ်။ 
 

Most Read

Most Recent