ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၁၀ အထိ မြင့်မားလာ

ဗဟိုဘဏ်၏ သတ်မှတ်နိုင်ငံခြားငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၂၁၀ အထိ မြင့်မားလာ
Published 15 July 2015
အောင်မြတ်ကို

ဇူလိုင် ၁၅ ရက် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ကျပ် ၁၂၁၀ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် ဇွန်တတိယပတ်အတွင်း ၁၅ ရက်မှ ၁၈ ရက်အထိ တစ်ဒေါ်လာ တန်ဖိုးမှာ ၁၁၀၅ ကျပ် ရှိခဲ့သော်လည်း ဇွန် ၁၉ ရက်မှ ဇူလိုင် ၂ ရက်အထိ တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၁၁၀ သတ်မှတ်ခဲ့ပြီး ဇူလိုင် ၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၂၀ အထိ မြင့်တက်ခဲ့သည်။တန်ဖိုးမြင့်တက်နေသော ဒေါ်လာတန်ဖိုးသည် ဇူလိုင် ၃ ရက်မှ ၁၀ ရက်အထိ တစ်ဒေါ်လာတန်ဖိုး ၁၁၂၅ ကျပ်အထိ ရှိခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ သို့ ၇၅ ကျပ် ထပ်မံတိုးမြှင့် သတ်မှတ်ထားသည်။ ဇူလိုင် ၁၄ ရက်တွင် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာတန်ဖိုးမှာ ၁၂၀၅ ကျပ် ရှိလာပြီး ဇူလိုင် ၁၅ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာ ကျပ် ၁၂၁၀ အထိ မြင့်တက်လာသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် ၂၀၁၅ ခုနှစ် ဇွန်နှင့် ဇူလိုင်လဆန်းပိုင်းတွင် တန်ဖိုးတိုးမြှင့် သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့သည်။ဇွန် ၁၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်ပေးထားသော ငွေလဲနှုန်းဖြင့် စားအုန်းဆီနှင့် စက်သုံးဆီသွင်းကုန် လုပ်ငန်းရှင်များ လိုအပ်သော ဒေါ်လာငွေကို MFTB, MICB နှင့် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ရောင်းချမည်ဟု ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူများ ပြောကြားမှုအပြီး ၂၇ ရက်အကြာ ဇူလိုင် ၁၅ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းတစ်ဒေါ်လာ တန်ဖိုးမှာ ကျပ် ၁၂၁၀ အထိ မြင့်တက်လာခဲ့သည်။ဇူလိုင် ၁၅ ရက်တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ကျပ် ၁၂၃၉ ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၃၀ ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၉၆ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၈၈၂ ကျပ်ဝန်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင် ရောင်းဈေး ကျပ် ၁၃၄၀ ဝန်းကျင်၊ ဝယ်ဈေး ၁၃၃၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် ဇူလိုင် ၃ ရက်မှစ၍ ဇူလိုင် ၁၀ ရက်အထိ ရောင်းဈေး ၁၁၃၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၃၄ ကျပ်ဝန်းကျင်သို့ မြင့်တက်လာခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ရောင်းဈေး ၁၂၀၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၉၈ ကျပ်ဝန်းကျင်သို့ တိုးမြှင့်သတ်မှတ်ထားသည်။ ဇူလိုင် ၁၅ ရက်တွင် ရောင်းဈေး ကျပ် ၁၂၂၀ ဝန်းကျင်၊ ဝယ်ဈေး ၁၂၁၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent