အခေါက်ရွှေဈေး ကျပ် တစ်သောင်းကျော် မြင့်တက်လာပြီး တစ်ကျပ်သားလျှင် ကျပ် ၇၅၀၀၀၀ ကျော်သို့ ရောက်ရှိ

အခေါက်ရွှေဈေး ကျပ် တစ်သောင်းကျော် မြင့်တက်လာပြီး တစ်ကျပ်သားလျှင် ကျပ် ၇၅၀၀၀၀ ကျော်သို့ ရောက်ရှိ
Published 15 July 2015
ချမ်းမြေ့သူ

ပြည်တွင်းဈေးကွက်အတွင်း၌ အခေါက်ရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်တက်လာပြီး တစ်ကျပ်သားလျှင် ကျပ် ၇၅၀၀၀၀ ကျော် ဖြစ်လာကြောင်း သိရသည်။ရွှေဈေးနှုန်းမှာ ဇူလိုင် ပထမပတ်အတွင်းက တစ်ကျပ်သားလျှင် ကျပ် ၇၄၀၀၀၀ ကျော်ရှိပြီး ဇူလိုင် ၁၃ ရက်တွင် အနည်းငယ် တက်ရိပ်ရှိလာပြီးနောက် ဇူလိုင် ၁၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၇၅၀၀၀၀ ကျော်အထိ ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။“ဇူလိုင် ၁၅ ရက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇၅၆၀၀၀ နဲ့ ဈေးစဖွင့်ပြီး လတ်တလော ဈေးကွက်ထဲမှာတော့ ကျပ် ၇၅၃၅၀၀ ဝန်းကျင် ရှိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။အခေါက်ရွှေဈေးမှာ မေလနှင့် ဇွန်လအတွင်း၌ ဆက်တိုက်နီးပါး မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ် ၇၆၀၀၀၀ ကျော် ကျပ် ၇၈၀၀၀၀ အထိ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဈေးပြန်လည် ကျဆင်းခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ် ၇၄၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းချလျက် ရှိရာမှ ယခု ဇူလိုင် ၁၅ ရက်တွင် ကျပ် ၇၅၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။နိုင်ငံတကာ ဈေးကွက်၌ ရွှေဈေးနှုန်း သိသာစွာ မြင့်တက်ခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်၌ ဒေါ်လာလဲနှုန်း မြင့်တက်နေခြင်းနှင့် ဈေးကွက်အခြေအနေပေါ် မူတည်၍ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ပြည်တွင်းအခေါက်ရွှေဈေးမှာ ၂၀၁၄ ခုနှစ်အတွင်းက နိုင်ငံတကာရွှေဈေး ကျဆင်းမှုကြောင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းထက်မပိုသည့်ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ ဈေးကွက်၌ ရွှေဈေးသိသာစွာ မြင့်တက်လာခြင်း မရှိသော်လည်း ပြည်တွင်းအခေါက်ရွှေဈေးမှာ မြင့်တက်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ဇူလိုင် ၁၅ ရက် နိုင်ငံတကာဈေးကွက်၌ ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၁၅၄ ကျော်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၃၅၀၀ နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၁၀၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Most Read

Most Recent