မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကဏ္ဍ၌ လက်ရှိတွင် တစ်ရက် ကုဗပေသန်း ၁၈၀၀ ကျော် ထုတ်လုပ်နေပြီး ဓာတ်ငွေ့သိုက်များ ထပ်မံ မတွေ့ရှိပါက ဓာတ်ငွေ့ထုတ်လုပ်နိုင်မှု လာမည့် ငါးနှစ်အတွင်း ကုဗပေ သန်း ၁၆၀၀ အောက် ကျဆင်းနိုင်ဟု ဆို

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကဏ္ဍ၌ လက်ရှိတွင် တစ်ရက် ကုဗပေသန်း ၁၈၀၀ ကျော် ထုတ်လုပ်နေပြီး ဓာတ်ငွေ့သိုက်များ ထပ်မံ မတွေ့ရှိပါက ဓာတ်ငွေ့ထုတ်လုပ်နိုင်မှု လာမည့် ငါးနှစ်အတွင်း ကုဗပေ သန်း ၁၆၀၀ အောက် ကျဆင်းနိုင်ဟု ဆို
Published 13 July 2015
နီလာ

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကဏ္ဍတွင် လက်ရှိအချိန်၌ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၈၀၀ ကျော်ရှိနေပြီး နောက်ထပ် ဓာတ်ငွေ့သိုက်များ ရှာဖွေ မတွေ့ရှိပါက လာမည့် ငါးနှစ်အတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကုဗပေ သန်း ၁၆၀၀ အောက်သို့ ကျဆင်းသွားနိုင်ကြောင်း ဇူလိုင် ၁၁ ရက်က ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည့် ၂၀၁၅ ခုနှစ် အလွန် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးမှု အလားအလာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲမှ သိရသည်။မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍကို လေ့လာကြည့်ပါက ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တစ်ရက်လျှင် ကုဗပေ သန်း ၁၂၀၀ ဝန်းကျင်သာ ထုတ်လုပ်ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ကုဗပေ သန်း ၁၄၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့် ၂၀၁၅ တွင် ကုဗပေ သန်း ၁၈၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ့ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့သိုက် လေးခုရှိနေကြောင်း၊ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်ရက်လျှင် ကုဗပေ သန်းပေါင်း ၉၁၀ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေသန်းပေါင်း ၁၁၉ ကို ပြည်တွင်းသုံးစွဲရန်အတွက် ပေးထားကြောင်း၊ ယင်းလုပ်ကွက်ကို ၁၉၈၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ယူခဲ့ခြင်း ဖြစ်သည်။တနင်္သာရီကမ်းလွန်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကို ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း၊ ယင်းဓာတ်ငွေ့သိုက်မှ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၃၃၀ ကို တင်ပို့နေကြောင်း၊ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းကို ၁၉၉၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင် တင်ပို့ခဲ့ကြောင်း၊ ဇောတိက ဓာတ်ငွေ့သိုက်မှ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၃၅၃ သန်း ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ ကုဗပေ ၂၇၉ သန်း တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ ၆၄ သန်း ရရှိထားကြောင်း သိရသည်။    ရွှေသဘာဝဓာတ်ငွေ့သိုက်ကိုမူ ၂၀၀၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ ယင်းဓာတ်ငွေ့သိုက်မှ တစ်ရက်လျှင် ကုဗပေသန်း ၃၉၉ သန်း ထုတ်လုပ်နေပြီး ပြည်တွင်းသုံးအတွက် တစ်ရက်လျှင် ကုဗပေ ၁၇ သန်းသာ ရရှိထားပြီး ကျန်သည့် ကုဗပေသန်း ၃၇၉ သန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။သို့သော်လည်း မက်ကင်ဆေး၏ ၂၀၁၃ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် တွေ့ရှိပြီးသော သဘာဝဓာတ်ငွေ့သိုက်များ၏ ပမာဏထက် ရှာဖွေခြင်းမပြုရသေးသည့် ဓာတ်ငွေ့သိုက်ပမာဏ ပိုများနိုင်ကြောင်း၊ တွေ့ရှိပြီးသား သဘာဝဓာတ်ငွေ့ ပမာဏကို တွက်ချက်ကြည့်ပါက ကမ္ဘာပေါ်တွင် အဆင့် ၄၆ တွင် ရှိသော်လည်း ရှာဖွေခြင်း မပြုရသေးသော ဓာတ်ငွေ့သိုက်ပမာဏ များစွာရှိနိုင်ကြောင်း ဖော်ပြထားသည်။စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံရှိ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော် ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတကာမှ ကုမ္ပဏီများကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်းက တင်ဒါခေါ်ယူခဲ့ပြီးဖြစ်ကာ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများ အနေဖြင့် ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ ရှာဖွေတူးဖော်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent