‘နှစ် (၇၀၀) ပြည့် စစ်ကိုင်း’

‘နှစ် (၇၀၀) ပြည့် စစ်ကိုင်း’
Published 6 July 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
လွန်ခဲ့သည့်လပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ဖြစ်သွားသည်။ ထိုင်းကို ရောက်သွားတော့ ဘန်ကောက်ကိုလည်း ရောက်ရသည်။ ဘန်ကောက်သည် နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့ဖြစ်ကြောင်း အထူးပြောဖို့ လိုမည်မထင်ပါ။
သို့သော် အနှီဘန်ကောက်သည် မိမိ၏ ရင်နှလုံးကို ထူးထူးခြားခြား မလှုပ်ခတ်စေနိုင်ခဲ့။ အကြောင်းသော်ကား ဘန်ကောက်၏ မူရာသွင်ပြင်တို့ကို ဓာတ်ပုံ၊ ဗီဒီယိုတို့မှတစ်ဆင့် မြင်တွေ့ဖူးပြီး ဖြစ်သောကြောင့် ဖြစ်သည်။ တစ်နည်းဆိုရသော် မိမိက ဘန်ကောက်ကို ကြိုသိပြီး ဖြစ်နေသောကြောင့်ဖြစ်သည်။ ဘဝ၌ မိမိ၏ရင်နှလုံးကို သိမ်းပိုက်ခဲ့သော၊ သို့မဟုတ် မိမိကို တအံ့တသြဖြစ်စေခဲ့သောမြို့က ‘စစ်ကိုင်း’ ဖြစ်သည်။
(၂)
မိမိတို့ရွာသည် စစ်ကိုင်း၏ မြောက်စူးစူး ခြောက်မိုင်အကွာလောက်၌ တည်ရှိပါ၏။ နှမ်း၊ မြေပဲ၊ ခရမ်းချဉ်၊ ထောပတ်ပဲ စသောကုန်းသီးနှံတို့ကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းရာ ဒေသဖြစ်သည်။ ‘‘မနက်ဖြန် စစ်ကိုင်းဈေးရောင်းသွားရင် ကလေးကိုလည်း ခေါ်သွားရအောင်လား’’ ဟု အမေက အဖေ့ကိုပြောသံ ကြားရကတည်းက ‘‘စစ်ကိုင်းကို ရောက်ရတော့မှာ’’ ဟူသော အတွေးဖြင့် အိပ်လို့ပင် မဖြောင့်နိုင်ခဲ့။
မိမိတို့အရပ်က သန်းခေါင်ကျော်ဟု ဆိုကြသော အချိန်လောက်၌ ‘‘လူလေးထထ’’ ဟု အမေကနှိုးသည်။ ဖျတ်လတ်နိုးကြားနေသော မိမိကိုကြည့်ပြီး အမေက အံ့သြနေဟန်တူသည်။ သို့ဖြင့် ခရမ်းချဉ်သီး တောင်းများအကြား ထိုင်နေသော အမေ့ပေါင်ပေါ် ခေါင်းအုံးအိပ်ရင်း၊ ‘စစ်ကိုင်းဆိုတာ ဘယ်လိုဟာပါလိမ့်’ ဟုတွေးရင်း တကျွီကျွီ မြည်သံပေးနေသော လှည်းကြမ်းကြီးထက်၌ အိပ်စက်လိုက်ပါ လာခဲ့သည်။ အိပ်ကောင်းနေဆဲ၌ပင် အမေကနှိုးပြန်သည်။ ‘‘လူလေး ထထ၊ ဟိုမှာမီးတွေ’’ ဟု ဆိုသည်။
စစ်ကိုင်းတောင်တန်းပေါ်ရှိ စေတီပုထိုးများ၌ ထွန်းညှိထားသော လျှပ်စစ်မီးများကို မြင်ရချိန်၌ စိတ်ထဲ တအံ့တသြ ဖြစ်ခဲ့ရသည်။ ‘‘ဟား မီးတွေကလည်းထိန်လို့၊ တို့ရွာနဲ့များတော့ ကွာပါ့ကွာ’’ ဟု စိတ်၌ဖြစ်သည်။ ‘‘စစ်ကိုင်းကိုဝင်ရင် ကျုပ်ကိုနှိုးဦးနော်’’ ဟုအမေ့ကိုပြောတော့ အမေက ‘‘အေး အေး’’ ဟုဆိုသည်။ အမေနှိုးလို့ ခေါင်းထောင်ကြည့်မိချိန်၌ လှည်းကရပ်နေသည်။ ‘‘အမေ၊ ခုဟာ စစ်ကိုင်းကို ရောက်နေတာလား’’ မေးတော့ ‘‘မရောက်သေးဘူး၊ ဒါ ကန္နီကွေ့’’ ဟု အမေကဆိုသည်။ ကန္နီကွေ့က အကြော်ဆိုင်မှာ လူကြီးတွေက အကြော်စားကြသည်။ မိမိကလှည်းပေါ်မှ မဆင်း၊ မိမိစားဖို့ အကြော်ကို အမေက ယူလာပေးသည်။
ယခုအခေါ် ‘ကိုးပေတံတား’ ၏တောင်ဘက်က မီးရထားသံလမ်းကြီး ဖြတ်သန်းသွားရာ အုတ်နံရံနီနီကြီးကို မိမိတို့အရပ်က ‘‘ပြွန်ပေါက်ကြီး’’ ဟု ခေါ်ကြသည်။ နောက်တစ်ခါ၊ အမေနှိုးတော့ ပြွန်ပေါက်ကြီးနားကို ရောက်ပြီ။ လူကြီးတစ်ယောက်က အမေးအမြန်းလုပ်ပြီး စက္ကူအနီလေးကို လှည်းဦးက ထမ်းပိုးတုံးမှာ ကော်ဖြင့်ကပ်ပေးသည်။ အဖေက ဆယ့်ငါးပြားလား၊ တစ်မတ်လားမသိ ပေးလိုက်သည်။ ထိုအခါကျမှ လှည်းက မြို့ထဲကို ဝင်ခွင့်ရသည်။ ‘‘ဟား စစ်ကိုင်းဆိုတာ ပိုက်ဆံပေးမှ ဝင်ခွင့်ရတဲ့ မြို့ပါလား’’ ဟု ကလေးတွေး တွေးမိခဲ့ဖူးသည်။ အမေသွားရာနောက်ကို တကောက်ကောက် လိုက်ပါရင်း ‘‘မြို့ဆိုတာ ဒီလိုပါလား’’ ဟု မြင်မြင်သမျှ အရာခပ်သိမ်းကို တအံ့တသြ ဖြစ်ခဲ့ရဖူး၏။ ထိုမြို့က စစ်ကိုင်းဖြစ်ပါသည်။
(၃)
ကိုရင်ဝတ်ပြီးနောက် စစ်ကိုင်းတောင်ရိုးကို ရောက်သွားတော့ စစ်ကိုင်းနှင့်မိမိက ပိုလို့ရင်းနှီးသွားရသည်။ ဆွမ်းဦးပုညရှင်ကို ပိုသိလာသည်။ သုံးထပ်ကန်ကို ပိုသိလာသည်။ ကောင်းမှုတော်ကို ပိုသိလာသည်။ ငါးထပ်ကြီးကို ပိုသိလာသည်။ ဆေးရုံကြီး၊ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းကို ပိုသိလာသည်။ နောက်တော့၊  ‘‘စစ်ကိုင်းဦးဘိုးသင်း၊ မဟာဆွေ၊ စစ်ကိုင်းလှရွှေ၊ စစ်ကိုင်းဟန်တင်၊ မှူးသမိန်၊ စစ်ကိုင်းအေးလွင်’’ စသည်ဖြင့် စစ်ကိုင်းထွက် အနုပညာရှင်ကြီး များ၏ အမည်နာမတို့ကိုပါ တရင်းတနှီး ရှိလာရသည်။
ရဟန်းဖြစ်စနှစ်က မန္တလေးသွားပြီး တံဆိပ်တုံးလေးတစ်ခု လုပ်ဖြစ်ခဲ့သည်ကို သတိရမိသည်။ ဝင်းလိုက်ရုပ်ရှင်ရုံ အနီးရှိ ‘ဆရာခင် တံဆိပ်တုံးနှင့် ဘလောက်ဌာန’ ဟု ဆိုင်းဘုတ်တင်ထားသော ဆိုင်ထဲဝင်ပြီး အပ်နှံခဲ့ခြင်း ဖြစ်သည်။ မိမိအပ်နှံခဲ့သော တံဆိပ်တုံးက စာကြောင်းရေ တစ်ကြောင်းတည်းပဲရှိ၏။ ထိုစာကြောင်းက ‘‘အရှင်သုမင်္ဂလ (စစ်ကိုင်း)’’ ဖြစ်သည်။ တံဆိပ်တုံးကလေး လက်ထဲရောက်လာတော့ ကိုယ်ပိုင်ဆိုင်သမျှ စာအုပ်တွေမှာ ထိုတံဆိပ်တုံးကလေး နှိပ်နှိပ်နေရသည်ကိုက အရသာ။ ‘‘အော်- စစ်ကိုင်းကို အတော်ရူးခဲ့တဲ့ ငါပါလား’’ ဟု အရွယ်ရလာချိန်၌ ဆင်ခြင်မိသည်။
တစ်နေ့ ဧည့်သည်များကို ဘုရားဖူးလိုက်ပို့ရင်း ပုညရှင် ဘုရားမြောက်ဘက်က ထမင်းဆိုင်တစ်ဆိုင်ထဲ ခေတ္တဝင်နားသည်။ ထိုစဉ်က ထိုနေရာ၌ ထမင်းဆိုင်၊ အအေးဆိုင်နှင့် ဓာတ်ပုံဆိုင်များရှိသည်။ မိမိဆိုင်ထဲ ရောက်ချိန်၌ ထိုဆိုင်မှညီအစ်ကိုများက သီချင်းတွေ ကူးထားသော စာအုပ်တစ်အုပ်ကို ကြည့်နေကြသည်။ သူတို့နှင့် ခင်မင်ရင်းစွဲရှိသည်မို့ မိမိကလည်း ထိုစာအုပ်ကို ငုံ့ကြည့်မိသည်။ ကူးထားသော စာပိုဒ်များ၏ အောက်ခြေ၌ ‘‘ခင်မောင်ညို၊ စောယွန်းမြေ’’ ဟုရေးထားသည်ကို တွေ့ရ၏။ ထိုကာလအထိ စစ်ကိုင်းမြို့ကို တည်ခဲ့သောမင်းက ‘‘အသင်္ခယာစောယွမ်း’’ ဆိုသည်ကို မိမိမသိသေး။ ထိုအဖြစ်ကို သိပြီးသည့်နောက်၌   ‘‘အသင်္ခယာစောယွမ်း’’ ဟူသော အမည်က မိမိစိတ်ကို လွှမ်းမိုးသွားသည်။ ငယ်စဉ်က ကိုယ်ပိုင်ဗလာစာအုပ်ထဲ၌ မှတ်တမ်း တစ်စုံတစ်ရာ ရေးပြီးလေတိုင်း အောက်ခြေ၌ ‘‘စောယွမ်းသိုက်’’ ဟု လက်မှတ်ထိုးမိသည်အထိ မိမိအပေါ် လွှမ်းမိုးခဲ့လေ၏။ မိမိက သိုက်ဖွားဖြစ်ပါသည်။
နောင်တစ်ချိန် စာတိုပေစလေးများ ရေးဖြစ်သည့်ကာလ၌ ကလောင်အမည်ကို အထွေအထူး စဉ်းစားမနေတော့ဘဲ ‘‘အရှင်သုမင်္ဂလ (စစ်ကိုင်း)’’ ဟူသော အမည်ကိုပဲ အလွယ်တကူ သုံးလိုက်မိသည်။ ရတု၊ တေးထပ် စသည်ကို ရေးစပ်သည့် အခါမျိုး၌ ‘‘အသင်္ခယာသျှင်ထွေး’’ အမည်ကိုသုံးသည်။ ‘‘အသင်္ခယာ စောယွမ်း’’ ၏ အမည်ကို ရှေ့တစ်ခြမ်းယူသုံးလိုက်၊ နောက်တစ်ခြမ်း ယူသုံးလိုက် လုပ်ခဲ့သူပါတကားဟု ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရသည်။

အသင်္ခယာစောယွမ်းမင်း ရုပ်တုကို တွေ့ရစဉ် (ဓာတ်ပုံ - သူရထွန်း၊ စစ်ကိုင်း)
(၄)
ရှေးဟောင်းစာပေတို့၌ ‘စ ကိုင်း’ ဟုလည်းကောင်း၊ ‘စစ်ကိုင်း’ ဟုလည်းကောင်း ရေးထုံးနှစ်မျိုး သုံးထားသည်ကို တွေ့ရသည်။ စစ်ကိုင်းမင်း ခုနှစ်ဆက် အကြောင်းကို ပြဆိုရာဖြစ်သော ‘နောင်လာမှတ်စေ’ ချီ ‘မင်းစဉ်စာ’ ၌ ‘‘တန်ဆောင်ပြိုင်ခိုင်း၊ နှင်းပန်းနှိုင်းသား၊ စကိုင်းမှာမူ၊ ဆင်ဖြူယာဉ်ညင်၊ တစီးရှင်သား၊ တရားရန်အောင်၊ စောယွမ်းထောင်၏’’ စသည်ဖြင့်ဆိုသည်။ ထို၌ ‘စကိုင်း’ ရေးထုံးကိုတွေ့ရသည်။ ‘‘ပုံပြုခိုင်ဖြီး၊ စကိုင်းကြီးဝယ်၊ တစီးသနင်း၊ မင်းမှစေ့ဖြိုး၊ ခြောက်ဆက်စိုးမှ’’ စသော ရှင်မဟာသီလဝံသ၏ ‘တံတားဦး တည်မော်ကွန်း’ ၌လည်း ‘စကိုင်း’ ရေး ထုံးကိုတွေ့ရသည်။
စန္ဒမုခီဘီလူူးမ စောင့်နေသော စစ်ပင်ကိုင်းကိုစွဲ၍၊ ‘‘ဤအရပ်၌ ‘စစ်ကိုင်း’ မည်သောပြည်ကြီး ဖြစ်လတ္တံ့’’ ဟူ၍ ဘုရားသခင် ဗျာဒိတ်ကြားတော် မူခဲ့သည်ဟု သူကောင်းတို့ဆိုစကုန်၏။ ထိုစကားနှင့်အညီ စာဆို ‘ပယ် သူငယ်စား’ လည်း ‘‘စစ်ပင်ကိုင်း ကြောင့်၊ စစ်ကိုင်းတွင်သည်၊ ပြည်လျှင် မြတ်ဌာနတည့်သခင်’’ ဟူ၍ ‘သခင်ကြီးဧချင်း’ တွင် စပ်ဆိုလေသည်ဟု တွင်းသင်းမြန်မာရာဇဝင်သစ်၌ ဆိုသည်။ ထို၌ ‘စစ်ကိုင်း’ ရေးထုံးကို တွေ့ရသည်။
‘‘စစ်ကိုင်းမှာကား ပင်းယမြို့တည် တစ်စီးရှင် သီဟသူမင်းကြီးလက်ထက် သာသနာတော် ၁၈၅၉ ခုနှစ်၊ သက္ကရာဇ် ၆၇၇ ခုနှစ်တွင် တစ်စီးရှင်သားတော် မင်းစောယွမ်းသည် မြို့တည်ပြီးလျှင် ‘သီရိအသင်္ခယာ’ ဟူသောအမည်ကိုခံ၍ မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူ၏။ အသင်္ခယာစောယွမ်းကား ဘုန်း၊ လက်ရုံး၊ အာဏာနှင့် ပြည့်စုံတော်မူ၏။
ပြည်သူ၊ လူ၊ ရဟန်းတို့အားလည်း ဝမ်းထွက်သားကဲ့သို့ သနားကြင်နာတော်မူ၏။ အိမ်နိမ့် (၁၄)နှစ်၊ စည်းစိမ် (၈) နှစ်၊ သက်တော် (၂၂)နှစ်သော် အနိစ္စရောက်တော်မူ၏’’ ဟု တွင်းသင်းနှင့် မှန်နန်းရာဇဝင်တို့၌ဆိုသည်။ ‘‘အိမ်နိမ့် အနှစ် (၂၀)၊ စည်းစိမ် (၈)နှစ်၊ သက်တော် (၂၈) သော် အနိစ္စရောက်တော်မူ၏’’ ဟု ဦးကုလားရာဇဝင်၌ ဆိုသည်။
‘‘စစ်ကိုင်းမြို့တည်သည်မှ စ၍ သက္ကရာဇ်၊ နေ့၊ လ၊ စည်းစိမ်၊ အသက်တို့ကား မမှန်မကန်၊ ယုတ်လွန် ယုတ်တက် ရာဇဝင် အစောင်စောင် ရေးသားကြလေသည်။ စစ်ကိုင်းပျက်သည့်နှစ် သက္ကရာဇ်တစ်ခုသာ ညီညွတ်သတည်း၊ စစ်ကိုင်းကား မြို့သက် (၄၉)နှစ်၊ မင်းဆက် (၇)ဆက်’’ ဟု တွင်းသင်းရာဇဝင်သစ်၌ ဆိုသည်။
(၅)
မကြာမီ စစ်ကိုင်းမြို့တည် နန်းတည် နှစ်(၇၀၀) ပြည့်ပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပပါတော့မည်။ မြို့တည်နန်းတည် မင်းတရားကြီး ဖြစ်သော အသင်္ခယာစောယွမ်းမင်း၏ ရုပ်တုကြီးကိုလည်း အမှတ်တရ စိုက်ထူကြပါလိမ့်မည်။ အင်တာနက် စာမျက်နှာများမှတစ်ဆင့် မင်းတရားကြီး၏ ပုံတူရုပ်တုကို တွေ့လိုက်ရသည်။ ကျောက်စီဓားလက်ကိုင်ရိုးကို မာန်ပါပါ ကိုင်စွဲထားသော အသင်္ခယာ စောယွမ်းမင်း၏ ဟန်မူရာက ခန့်ညားထည်ဝါ အသရေ တင့်လှပါဘိတောင်း။
စစ်ကိုင်းနှင့် မန္တလေးသည် ဧရာဝတီမြစ်ကြီး ခြားရုံလေးမျှခြား ထားသော မြို့ညီအစ်ကိုဖြစ်သည်။ သူတို့အလယ်က ခြားထားသောမြစ်ကြီးကို တံတားကြီးနှစ်စင်းထိုး၍ တစ်မြို့နှင့်တစ်မြို့ ကူးလူးဆက်ဆံကြသည်။ အထက်မြန်မာပြည်၏ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၌ ထို တံတားကြီးနှစ်စင်းက များစွာအရေးပါသည်။
ခုံးဆယ်ခုံးဖြင့် တည်ဆောက်ခဲ့သော မူလတံတားကို ‘အင်း၀ တံတား’ ခေါ်၍၊ ခုံးသုံးခုံးဖြင့် တည်ဆောက် ထားသော တံတားအသစ်ကိုကား ‘ရတနာပုံတံတား’ ခေါ်ကြသည်။ သို့သော်၊ အဘယ်မည်သော စစ်ကိုင်းသား တစ်ဦးတလေကမျှ အင်းဝတံတား မခေါ်၊ ရတနာပုံတံတား မခေါ်၊ ‘‘စစ်ကိုင်းတံတား’’ ဟုသာ ခေါ်ကြသည်။ ခုနစ်ရက်သားသမီးတို့ သွားရေးလာရေး လွယ်ကူစေရေးအတွက် တံတားကြီးနှစ်စင်း၏ဝန်ကို သူ့ပခုံးစွမ်းအားဖြင့် ကြံ့ကြံ့ခံ ထမ်းရွက်ခဲ့ပါလျက် တံတားအမည် ကမ္ပည်းထိုးတော့ သူ့အမည်ကပါမလာ။ လောကက သူ့ကိုမေ့ထား ခဲ့ကြသည်။
သို့သော် သူကစောဒကမတက်၊ သူကအပြုံးမပျက်၊ သူကမတုန်လှုပ်၊ လောကသားတို့၏ အကျိုးကို စွမ်းအားရှိသမျှ ထမ်းရွက်ခွင့်ရနေရခြင်း၌ ကျေနပ်နေသူဖြစ်သည်။ သူက တောင်ရိုးကြီးဆီမှ လွင့်ပျံလာသော ဓမ္မတေးသံဖြင့် နှလုံးသား တစ်ခုလုံး နူးညံ့နေသည့် မြို့တစ်မြို့ ဖြစ်သည်။ လောကကြီး၏ ကမောက်ကမ ဖြစ်စဉ်များကို တရားသဘောဖြင့် ဆင်ခြင်ခြင်း၌ အလေ့အကျင့် ရှိပြီးသား မြို့တစ်မြို့ဖြစ်သည်။
ထိုမြို့က ‘‘စစ်ကိုင်း’’ ဖြစ်ပါသည်။

Most Read

Most Recent