ကောင်းကင်တံတိုင်း (သို့မဟုတ်) အဖေ

ကောင်းကင်တံတိုင်း (သို့မဟုတ်) အဖေ
Published 21 June 2015
သဲသီရိကျော်

ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်များအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ ‘အဖေများနေ့’ ကို ရောက်ရှိခဲ့ပြန်ပါပြီ။
 
‘အဖေများနေ့’ ကို အမေရိကန်နိုင်ငံသူ Sonora Smart Dodd က ၁၉၁၀ ပြည့်နှစ်မှာ ဝါရှင်တန်မြို့မှာ ပြုလုပ်တဲ့ အမေများနေ့ ဟောပြောပွဲ အခမ်းအနားတစ်ခုကို တက်ရောက်နားထောင်ဖြစ်ရာကနေ သူမရဲ့ဖခင် William Jackson Smart အတွက် ရည်ရွယ်ပြီး ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ဖခင်တွေအားလုံးကို ဂုဏ်ပြုပေးနိုင်မယ့် ‘အဖေများနေ့’ ကို သတ်မှတ်နိုင်ဖို့ စိတ်ကူးရခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ဖခင် William Jackson Smart က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြို့ပြစစ်ပွဲတွေမှာ စွမ်းစွမ်းတမံ ပါဝင်ခဲ့သူဖြစ်ပြီး သူမရဲ့မိခင် မရှိတော့တဲ့ နောက်ပိုင်းမှာ သားသမီးခြောက်ယောက်စလုံးကို ဖခင်ပီသစွာ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖခင်ရဲ့ ကျေးဇူးနဲ့ဂုဏ်ကို အထူးသိတတ်စွာနဲ့ သူမဖခင်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်ကို အဖေများနေ့အဖြစ် သတ်မှတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာ အဖေနေ့ ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၂ ခုနှစ်မှာတော့ နှစ်တစ်နှစ်ရဲ့ ဇွန်လတတိယပတ်၊ တနင်္ဂနွေနေ့ကို အဖေများနေ့’ အဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။
 
မြန်မာ၊ အမေရိကန်၊ ပြင်သစ်၊ စင်ကာပူ၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ တခြားသောနိုင်ငံ အများစုတို့ကတော့ ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့ကို ‘အဖေများနေ့’ အဖြစ် သတ်မှတ်ကြပြီး၊ တောင်ကိုရီးယားနိုင်ငံမှာတော့ မေ ၈ ရက်၊ ဂျာမနီမှာတော့ မေ ၉ ရက်၊ ထိုင်းနိုင်ငံမှာတော့ ဒီဇင်ဘာ ၅ ရက် စသဖြင့် အသီးသီးသတ်မှတ် ကျင်းပကြပါတယ်။ ဒါပေမဲ့လည်း ‘အမေများနေ့’ နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ‘အဖေများနေ့’ ကို အခမ်းအနားနဲ့ တခုတ်တရ၊ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြတာမျိုးက အလွန်တရာမှ နည်းပါးလွန်းလှပါတယ်။
 
ကျွန်မတို့ နိုင်ငံမှာလည်း အခုနောက်ပိုင်းမှသာ ‘အမေများနေ့’ ကို သိရှိသူတွေ များပြားလာပြီး အမေများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေ၊ ပြိုင်ပွဲတွေ၊ ဓာတ်ပုံပြိုင်ပွဲ၊ အမေ့မေတ္တာကို ဂုဏ်ပြုဖွဲ့ဆိုထားတဲ့ စာမူပြိုင်ပွဲတွေ၊ ရှော့ပင်းစင်တာတွေမှာ အမေများနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်တွေ၊ အထူးအစီအစဉ်တွေ စသဖြင့် ပြုလုပ်လာကြပါတယ်။ သို့သော်လည်း ‘အဖေများနေ့’ နဲ့ ပတ်သက်ပြီး ဒီလိုပွဲတွေလုပ်တာက အတော်လေး ရှားပါးလွန်းနေတာကို တွေ့ရပြီး ဇွန်လတတိယပတ် တနင်္ဂနွေနေ့က ‘အဖေများနေ့’ ဆိုတာကိုတောင် မသိတဲ့သူတွေလည်း များစွာရှိနေပါတယ်။
 
ကျွန်မတို့တွေက မိခင်ဖြစ်သူရဲ့ဝမ်းက ကျွတ်တဲ့ အချိန်ကတည်းက အမေဖြစ်သူနဲ့သာ အနီးကပ် နေလာခဲ့ရတဲ့အတွက် အမေရဲ့ ပြုစုစောင့်ရှောက်မှုတွေ၊ ကိုယ့်အမေအိမ်မှုကိစ္စတွေ လုပ်နေ၊ ကိုယ့်ကိုထိန်းကျောင်းပြုပြင်ပေးမှုတွေကိုပဲ မြင်တွေ့ရတဲ့အတွက် အဖေတွေထက် အမေတွေရဲ့ မေတ္တာကိုပဲ ပိုမိုမြင်တွေ့နေကြပါတယ်။ ဒီလို မိခင်ဖြစ်သူက ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့အတွက် ဖခင်ဖြစ်သူတွေက အိမ်ပြင်ထွက်ပြီး ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်နေတာကိုတော့ မမြင်နိုင်တဲ့အတွက် ဖခင်ရဲ့ မေတ္တာတွေကိုတော့ မမြင်မိကြ၊ သတိမမူမိကြတော့ဘူး ဖြစ်နေပါတယ်။ မိခင်ဖြစ်သူက သားသမီးတွေကို ကိုယ့်အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ အသက်ရှင်သန်မှု တစ်ခု၊ လူဖြစ်တည်လာမှု တစ်ခုမှာ အဖေဖြစ်သူက တစ်ထောင့်တစ်နေရာကနေ ပါဝင်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ လူတစ်ယောက်အဖြစ် အသက်ရှင်သန်လာပြီးတဲ့ နောက်မှာလည်း ကျွေးတဲ့အမေရဲ့ မေတ္တာတစ်ခုကိုပဲမြင်ပြီး အဲ့လို အမေက ကျွေးနိုင်ဖို့ သူ့ရဲ့ချွေးစက်တွေနဲ့ရင်းပြီး နေပူမိုးရွာမရှောင် အပြင်မှာ လူပေါင်းစုံနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံပြီး အလုပ်တွေကို ကုန်းရုန်းလုပ် ငွေရှာနေရတဲ့ အဖေဖြစ်သူရဲ့ ချွေးစက်တွေကိုတော့ လျစ်လျူရှုထားတာမျိုး မဖြစ်သင့်ပါဘူး။
 
လောကမှာ မိဘမပီသတဲ့ အဖေတွေ၊ အမေတွေ ရှိသလို မိဘပီသပြီး သားသမီးတွေအတွက် တကယ်ကို စေတနာ၊ မေတ္တာတွေနဲ့ ပြည့်ဝတဲ့ မိဘတွေလည်း များစွာရှိနေပါတယ်။ အဖေတစ်ယောက် မကောင်းတာနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တိုင်းကို အပြစ်တင်နေစရာ မလိုဘူးလို့ ထင်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပါ။ ဒါပေမဲ့ အဖေကတော့ အဖေပါပဲ။ ဒါကိုတော့ မေ့ထားလို့ မရပါဘူး။ မိသားစုအပေါ် တာဝန်ယူလိုစိတ်ရှိပြီး ဖခင်ပီသတဲ့ အဖေတွေလည်း ဒီလောကမှာ လက်ချိုးရေတွက်လို့ မရအောင် များစွာရှိနေတာပါပဲ။ အမေက ကိုယ့်ကို ရေချိုးပေးသူဆိုရင် အဲ့ဒီလို အမေက ရေချိုးပေးနိုင်ဖို့ ရေတွေခပ်ထည့်ပေးထားတဲ့ အဖေကိုလည်း မမေ့သင့်ပါဘူး။ အပြင်မှာ အလုပ်တွေ ထွက်လုပ်နေရပေမယ့်လည်း သားသမီးတွေရဲ့ အရေးကိစ္စတိုင်း၊ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်ဖို့ အနီးကပ်နေရတဲ့ အမေတွေကို တိုးတိုးတိတ်တိတ်မေးပြီး သူတတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေတာတွေကိုလည်း ကျွန်မတို့တွေ မြင်နိုင်ပါရဲ့လား။ အလုပ်က ပြန်ရောက်လို့ ရတဲ့အချိန်လေးမှာ ကိုယ့်သားသမီးတွေ လိမ္မာရေးခြားရှိဖို့၊ ရှေ့ဆက်လျှောက်မယ့်ဘဝမှာ စိတ်ဓာတ်ခွန်အားနဲ့ အကောင်းဆုံး ကြိုးစားနိုင်ဖို့ဆိုတဲ့ စိတ်တွေနဲ့ ဆိုဆုံးမစကားပြောတဲ့ ငွေရှာပေးရုံနဲ့ ဖခင်တာဝန်ကျေပြီလို့ သတ်မှတ်မထားတတ်တဲ့ ဖခင်တွေလည်း များစွာရှိနေပါတယ်။  ဒီလောကမှာ နေရာဒေသ အသီးသီးက မတူညီတဲ့ အလွှာပေါင်းစုံကနေ အလုပ်လုပ်ကိုင်ပြီး မိသားစုတာဝန်ကို ပခုံးထမ်းတင် ကြိုးစားနေရတဲ့ ဖခင်တွေ အများကြီးပါပဲ။ ချမ်းသာတဲ့အဖေပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့အဖေပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီပိုင်ရှင်ပဲ ဖြစ်ဖြစ်၊ ဆိုက်ကားနင်းတဲ့သူပဲ ဖြစ်ဖြစ်၊ ဘယ်လိုအလုပ်မျိုးပဲ ဖြစ်ဖြစ် သမ္မာအာဇီဝကျတဲ့ အလုပ်နဲ့ ကိုယ့်မိသားစုကို ရိုးရိုးသားသား တာဝန်ယူ ရှာဖွေကျွေးမွေးနေတဲ့ ဖခင်တိုင်းအတွက် ဂုဏ်ယူတတ်ဖို့ လိုပါတယ်။ သူ့အဖေက ဘာမို့လို့၊ ငါ့အဖေက ဘာဖြစ်လို့ဆိုတဲ့ စိတ်တွေနဲ့ သိမ်ငယ်နေစရာ မလိုသလို ကိုယ့်အဖေဖြစ်သူကို အထင်သေး နှိမ့်ချစရာလည်း မလိုပါဘူး။ အဖေက အဖေပါပဲ။ အမေတွေကို ကျွန်မတို့က သနားလို့၊ အေးချမ်းလို့၊ နွေးထွေးလို့၊ ရိုးသားလို့၊ စေတနာထားလို့ ချစ်ခင်တွယ်တာကြတယ်ဆိုရင် အဖေဆိုတဲ့ စကားလုံးမှာတော့ ‘အားကိုးခြင်း၊ ယုံကြည်လေးစားခြင်း’ ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ လေးနက်သက်ဝင်နေပြီး ဒီလို အချက်တွေကြောင့်ပဲ ကျွန်မတို့အတွက် ချစ်ကြောက်ရိုသေစရာ ဖခင် ဖြစ်ပါတယ်။
 
တကယ်တော့ အဖေဆိုတာက မိသားစု တစ်စုရဲ့ အခရာပါ။ သားသမီးတွေဆိုတဲ့ ကြယ်ပွင့်လေးတွေ လင်းလက်တောက်ပနေဖို့ အမေက ကောင်းကင်ကြီးတစ်ခုလို့ ဆိုရင် အဖေကတော့ အဲဒီကောင်းကင်ကြီး မပြိုလဲစေဖို့ ကာကွယ်ပေးထားတဲ့ ကောင်းကင်တံတိုင်းကြီး တစ်ခုပါ။ ကျွန်မတို့တွေက ကြယ်ပွင့်လေးတွေ လင်းလက်စေဖို့ တည်ရှိနေတဲ့ ကောင်းကင်ကြီးရဲ့ ကျေးဇူးတွေကိုပဲ တသသပြောနေပြီး အဲ့ဒီကောင်းကင်ကြီးကို အမှီသဟဲပြုပြီး လင်းလက်နေတဲ့ ကြယ်ပွင့်လေးတွေအတွက် ကောင်းကင်ကြီးတစ်ခုလုံး မပြိုပျက်ဖို့ ကာရံပေးထားတဲ့ ကောင်းကင်တံတိုင်းကြီးရဲ့ ကျေးဇူးတွေကိုတော့ မေ့လျော့နေမယ်၊ လျစ်လျူရှုနေမယ်ဆိုရင် ဒါဟာ တရားမျှတပါရဲ့လား။ ဒီလိုပါပဲ အမေတွေအတွက် ဂုဏ်ပြုသတ်မှတ်ထားတဲ့ ‘အမေများနေ့’ မှာ တွင်တွင်ကျယ်ကျယ် တခမ်းတနား ဂုဏ်ပြုကျင်းပ ပေးကြသလိုမျိုး ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်ပီသသော အဖေတွေအားလုံးအတွက် ရည်ရွယ်သတ်မှတ်ထားတဲ့ ‘အဖေများနေ့’ မှာလည်း အဲ့လိုမျိုး သတိတရ ဂုဏ်ပြုကျင်းပပေးမှုတွေ များစွာရှိလာစေချင်ပါတယ်။ ဒီလိုနေ့မျိုးမှာ ကိုယ့်အဖေအတွက်လည်း ကိုယ်တိုင်က တစ်ခုခု ဂုဏ်ပြုဆောင်ရွက်ပေးသင့်တယ် မဟုတ်လား။ အနည်းဆုံးတော့ တခြားနေ့တွေမှာ အဖေ့ကို လက်ဆောင်မပေးဖြစ်ရင်တောင် အဖေ့အတွက် အမှတ်တရ လက်ဆောင်လေး ဖြစ်ဖြစ်၊ အဖေနဲ့အတူ မိသားစုတွေ အပြင်ထွက်ပြီး ညစာစားတာမျိုး ဖြစ်ဖြစ်၊ အဖေ့ကို ကန်တော့တာမျိုး စသဖြင့် ဒီလိုနေ့မျိုးမှာ အဖေနဲ့ ကိုယ့်ရဲ့ကြားမှာ အမှတ်တရလေး တစ်ခုခုဖြစ်အောင် ဖန်တီးလုပ်ဆောင်သင့်ပါတယ်။ အခုချိန်မှာ အဖေနဲ့အတူ ရှိနေခွင့်မရတဲ့ သားသမီးတွေအတွက်လည်း ကိုယ့်အဖေဖြစ်သူရဲ့ ဂုဏ်ကျေးဇူးတွေကို ရည်ရွယ်ပြီး စိတ်ထဲက ဂုဏ်ပြုဆုတောင်းပေးနိုင်ပါတယ်။ တတ်နိုင်ရင် အဖေ့အတွက်ရည်ရွယ်ပြီး ကိုယ်နိုင်သလောက် အလှူအတန်းတွေလည်း ပြုလုပ်ပေးနိုင်တာပါပဲ။
 
တကယ်တော့ ဒီနေ့မှ မဟုတ်ပါဘူး။ အဖေကို ချစ်တဲ့သူတိုင်း အတွက်တော့ နေ့တိုင်းက ‘အဖေများနေ့’ ပါပဲ။ နေ့တိုင်း အဖေကို ချစ်နေဖို့၊ အဖေ့ကျေးဇူးကို သိတတ်ပြီး အဖေကို တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်ဆိုတာ ပြောကြားရင်း ... ကမ္ဘာပေါ်မှာရှိတဲ့ အဖေပီသသော အဖေများအားလုံးကို ဂုဏ်ပြုရေးသားလိုက်ပါတယ်။