အပေါ်ယံပြင်ဆင်မှုများနှင့် ၂၀၁၅ရွေးကောက်ပွဲ

အပေါ်ယံပြင်ဆင်မှုများနှင့် ၂၀၁၅ရွေးကောက်ပွဲ
Published 20 June 2015
ချစ်ဝင်းမောင်

ရွေးကောက်ပွဲကြီးနီးလာလို့လားမသိ လွှတ်တော်ထဲမှာရော၊ အစိုးရအဖွဲ့ထဲမှာပါ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ လွှတ်တော် ကိုယ်စားလှယ်များတည်းခိုသည့် အဆောင်တံခါးပေါက်ဝလာပြီး စာအိတ်ဝေသည့်ကိစ္စ လွှတ်တော်ထဲ သတင်းမီဒီယာများ သတင်းရယူမှုနေရာ ကန့်သတ်ခံရမှုအလယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအတွက် လက်မှတ်ထိုးအဆို တင်ဆွေးနွေးကြတော့မည့် အခြေအနေများအဆုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြသလို အစိုးရအဖွဲ့ဘက်ကလည်း သက်တမ်းမကုန်မီကာလအတွင်း (မိမိတို့ အာဏာရှိနေစဉ်ကာလအတွင်း) ရနိုင်သမျှ အခွင့်အရေးများရယူနေကြတာကိုလည်း သိသိသာသာမြင်တွေ့လာရသည်။
 
မေးခွန်းမှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲလွန်ကာလ အနေအထားများဖြစ်သည်။ ကာလအားဖြင့် လေးလမျှသာ ကျန်တော့သည်။ သေချာသည်မှာ “အပြောင်းအလဲ” တစ်ခုမုချဖြစ်လာတော့မည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ “လူမပြောင်း၊ မူပြောင်း” ဆိုပြီးပြောခဲ့ကြသည်။ လူမပြောင်းသော်လည်း မူကတော့ပြောင်းရုံဟန်ပြမျှသာ ဖြစ်ခဲ့သည်ကို အားလုံးသိကြပြီးဖြစ်သည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲကရော “မူပြောင်း လူပြောင်း” ဖြစ်မှာလား။ ဒီအဖြေကို ယခု အချိန်မှာ တိတိကျကျ မည်သူမျှ ဖြေနိုင်ဦးမည် မဟုတ်။
 
ဒီရက်ပိုင်းအတွင်း လွှတ်တော်ထဲမှာ အဓိကကျသော ဖြေရှင်းမှုတစ်ခုကို လုပ်ဆောင်ကြတော့မည်။ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကိုယ်စားလှယ် ၂၈၉ ဦး၏ လက်မှတ်များကို စုဆောင်းပြီး တင်သွင်းလာခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၅) အရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ရာခိုင်နှုန်း၂၀ ကျော်လျှင် ဆွေးနွေးနိုင်ပြီဖြစ်သော်လည်း ယခု လက်မှတ်အရေအတွက်က ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းပင်ရှိသည်ဟု သိရသည်။ လက်မှတ်ထိုးသည့်အထဲမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဖြင့် လွှတ်တော်ထဲရောက်လာကြသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”လည်းပါသည်။ NLD ၏ အဓိကလွှတ်တော်တွင်း ရည်မှန်းချက်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်သည်။ ထို့ကြောင့် NLD အမတ်များ လက်မှတ်ရေးထိုးပေးလိုက်ကြသည်မှာ မဆန်း။
 
ဆန်းကြယ်နေသည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အာဏာရကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က ဦးဆောင်တင်သွင်းလာခြင်းဖြစ်ပြီး ပြည်သူများလိုလားသည့် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသည့်ပြင်ဆင်မှုမဟုတ်ဘဲ “အပေါ်ယံ” ပြင်ဆင်မှုမျိုးသာဖြစ်နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံသားအားလုံး မျှော်လင့်နေကြသည်မှာ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဖြစ်သည်။ ထိုပြင်ဆင်ရေးတွင် အဓိကကျသော ပုဒ်မ (၄၃၆) ကို ပြင်ဆင်နိုင်ဖို့လိုသည်။ ပုဒ်မ (၄၃၆) သည် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၇၅ ရာ ခိုင်နှုန်းကျော် ထောက်ခံမှုရရန် လိုအပ်သလို ပြည်သူလူထုထံမှ ထောက်ခံဆန္ဒ မဲရာခိုင်နှုန်း ၅၀ ရရှိရန် ဆန္ဒခံယူပွဲ ကျင်းပရဦးမည် ဖြစ်သည်။ ဤအချက်ကြောင့် ပြင်နိုင်၊ မပြင်နိုင် အခက်အခဲတွေရှိနေသည်။ 
 
ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရန်အတွက်  လက်ရှိလွှတ်တော်ကိုယ်စားလှယ် ၆၃၄ ဦး အနက် ၄၇၆ ဦးထက်ပိုသည့် ထောက်ခံမဲ ရရှိရန်လိုအပ်နေသည်။ ယခုရက်ပိုင်းအတွင်း ကျင်းပနေသော လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်သည့်အခါ ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းခဲ့သလို လွှတ်တော်နာယကဖြစ်သူကလည်း ကိုယ်စားလှယ် ၆၃၄ ဦး ဆန္ဒမဲပေးသည့်အခါ စက်ခလုတ်နှိပ်စနစ်အသုံးပြုလျှင် သံသယရှိဖွယ်ရာများ ပေါ်ပေါက်လာနိုင်သည့်အတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ထပ်လောင်းပြောကြားခဲ့သည်။ အဓိပ္ပာယ်ကတော့ “စက်ခလုတ်နှိပ် မဲဆန္ဒပြုသည့်စနစ်” ကို ကျင့်သုံးမည်မဟုတ်ဟု ဆိုလိုရင်းဖြစ်သည်။
 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ကာလကြာမြင့်စွာ တောင်းဆိုနေခဲ့သော ကိစ္စတစ်ရပ်ဖြစ်သည်။ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများက ပြည်သူလူထု၏ လက်မှတ် ငါးသန်းကျော်ကို စုဆောင်းကာ လွှတ်တော်တွင်းသို့ တင်သွင်းခဲ့သည်။ လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း တင်သွင်းမှုကိုမူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တင်သွင်းလာသည်။ သမ္မတအရည်အချင်း သတ်မှတ်ထားသည့် ပုဒ်မ ၅၉ လည်းပါသည်။ အများက ပြောဆိုနေကြသည့် ပုဒ် မ (၅၉) (စ) ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းလာသည့် ဥပဒေကြမ်းထဲမှာ ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။
 
ဒါဆိုလျှင် လွှတ်တော်ထဲမှာ ၂၀၀၈ ခု နှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကြတော့မည်ဟု နားလည်ရသည်။ ဒီနေရာမှာ မေးစရာမေးခွန်းတွေ များစွာရှိလာသည်။ ယခုလွှတ်တော်တွင် တင်သွင်းလာသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု” သည် ပြည်သူလူထုလက်မှတ် ငါးသန်းကျော် ရေးထိုးတောင်းဆိုထားသည့် ဆန္ဒများနှင့်ကိုက်ညီပါရဲ့လား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစိုက်မတ်မတ် တောင်းဆိုခဲ့သည့် ပြင်ဆင်လိုမှုများနှင့် ကိုက်ညီပါရဲ့လား။
 
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တင်သွင်းလာသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းမှ ပြင်ဆင်လိုသည့် ဥပဒေပုဒ်မများနှင့် ပြင်ဆင်ထားသည့် ဥပဒေပုဒ်မများကို အစိုးရထုတ် သတင်းစာများမှာ ဖော်ပြလာသည်ကို တွေ့လိုက်ရသည်။ အံ့အားသင့်စရာမဟုတ်သော်လည်း ပြင်ဆင်ရန် တင်သွင်းလာသည့် ဥပဒေပုဒ်မများသည် ပြည်သူတစ်ရပ်လုံးက လိုလားနေသည့် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသည့် “အနှစ်သာရ” ပြင်ဆင်မှုမျိုး မဟုတ်ဘဲ “အပေါ်ယံ” ပြင်ဆင်မှုများသာ ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
 
အခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ထားရာတွင် “ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း” ဆိုသည့် စာကြောင်းသာ ဖြုတ်ပယ်ထားပြီး ကျန်စာသားများ ယခင်အတိုင်းထားရှိသည်ကို တွေ့ရသည်။ ဤပြင်ဆင်မှုမှာ ကိုယ်ကျိုးအခွင့်အရေးအတွက်သာ ရည်ရွယ်ပြီး ဒီမိုကရေစီနည်းကျသည့် ပြင်ဆင်မှုမဟုတ်ခဲ့ပေ။
 
အလားတူ ထူးခြားသည့်ပြင်ဆင်မှုတစ်ရပ်မှာ သီးခြားစွာ ကင်းလွတ်နေသည့် မဏ္ဍိုင်ကြီးသုံးရပ်ကို ပြန်လည်ချိတ်ဆက်လိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အစိုးရအဖွဲ့၏ သြဇာအာဏာနှင့် လုပ်ပိုင်ခွင့်ကို လွှတ်တော်ကပြန်လည်ထိန်းချုပ်လိုက်သလို တရားစီရင်ရေးမဏ္ဍိုင်၏ အခွင့်အာဏာကိုလည်း အတိုင်းအတာတစ်ခုထိ ပြန်လည်ကန့်သတ်လိုက်သည်ကို တွေ့ရသည်။ ရေးဆွဲခဲ့သော မူလဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဏ္ဍိုင်ကြီးသုံးရပ် သီးခြားကင်းလွတ်စွာ ရပ်တည်၍ တစ်ခုနှင့် တစ်ခု အပြန်အလှန်ထိန်းကျောင်းသည့် (Check and Balance) စနစ်ဖြစ်သော်လည်း ပြင်ဆင်လိုက်သည့် ဥပဒေပုဒ်မများအရ ထိုစနစ်မရှိတော့ပေ။ လွယ်လွယ်ပြောရလျှင် ယခုတင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းမှာ “လွှတ်တော်” ၏ သြဇာနယ်ပယ်ကို အတော်လေးချဲ့ထွင်ထားတာပဲဖြစ်သည်။ ဤဥပဒေပုဒ်မများ  အမှန်တကယ်ပြင်ဖြစ် မပြင်ဖြစ်၊ ပြင်ရန် သင့် မသင့်ဆိုတာကတော့ လွှတ်တော်ထဲမှာ ဆက်ပြီး ဆွေးနွေးကြရုံပဲရှိသည်။
 
ဒီလိုပြင်ဆင်နိုင်ဖို့ဆိုသည်က အခြေခံဥပဒေပုဒ်မ ၄၃၆ ကို အဦးဆုံး ပြင်ဆင်ရဦးမည်။ လွှတ်တော်ကိုယ်စားလှယ် ၆၄၃ ဦးအနက်၊ ၄၇၆ ဦးကျော်က ထောက်ခံရမည့်အပြင် ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုကိုလည်း ပြုလုပ်ရဦးမည်။ ယခုအချိန်မှာ ရွေးကောက်ပွဲကျင်းပရန် တရွေ့ရွေ့နီးကပ်လာချိန်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ အစီအစဉ်တကျပြင်ဆင်နိုင်ပါ့မလားဆိုတာ သံသယရှိနေကြသည်။
 
လက်ရှိ အခင်းအကျင်းများအရကတော့ ဒီမိုကရေစီစံနှုန်းများနှင့်ပြည့်စုံသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖြစ်မလာသေးသလို “အပေါ်ယံ” ပြင်ဆင်မှုများနှင့် ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းနိုင်မည်လား စောင့်ကြည့်ကြရုံသာ ရှိတော့သည်။