မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ

မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ
Published 20 June 2015
အောင်ဇော်ထွန်း

အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန်နှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
 
မဲစာရင်းဆိုသည်မှာ ရွေးကောက်ပွဲအလို့ငှာ သတ်မှတ်ထားသော မဲဆန္ဒနယ်များအတွက် ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းဖြစ်ကြောင်း၊ မဲစာရင်းတွင် အမည်ပါမှသာ မဲပေးခွင့်ရမည်ဖြစ်ပြီး မဲစာရင်းတွင် ပါဝင်သူသာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ၏ အတွေ့အကြုံများအရ မဲစာရင်းချို့ယွင်းအားနည်း အငြင်းပွားမှုများရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
 
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး ရည်ရွယ်ချက်ဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခုနှစ် ဇွန်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအခြေခံ မဲဆန္ဒရှင်စာရင်းများကို ၂၀၁၅ ခုနှစ် ဧပြီမှ ဇွန်အထိ အဆင့် ၄ ဆင့်ဖြင့် ကပ်ထားကြေညာလျက်ရှိသည်ဟု ကြေညာချက်တွင် ပါရှိသည်။ 
 
အခြေခံမဲဆန္ဒရှင်စာရင်းအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ လူဦးရေအခြေပြု စာရင်းနှင့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးရှိ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)တို့မှ အသက် ၁၈ နှစ်ပြည့်သူများကို ကူးယူပြုစုထားကြောင်း၊  ပြုစုပြီး အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၁၄ ရက် ကပ်ထားကြေညာကြောင်း၊  မဲဆန္ဒရှင်များမှ ထုတ်ပြန်ကြေညာသည့် အခြေခံမဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှု၍ ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ ပုံစံ (၄) ဖြင့် မဲစာရင်းတွင်ပါရှိသော မဲဆန္ဒရှင်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ခြင်း၊ ပုံစံ (၄-ဂ) ဖြင့် မဲစာရင်းတွင် ပါရှိသော အချက်အလက်များနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရန်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှသာ ပြုပြင်ပြီး အမှန်မဲစာရင်း ရရှိမည်ဖြစ်ကြောင်း၊  ရရှိလာသော အမှန်မဲစာရင်းအား ကွန်ပျူတာစနစ်ဖြင့် ပြုစုထားပြီး Main Server  တွင် ထိန်းသိမ်းထားပါက ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်တွင် မှန်ကန်သော မဲစာရင်းရှိနေပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်နေပါက မှန်ကန်သော မဲစာရင်းများ ဖြစ်နေမည်ဖြစ်ကာ ၎င်းမဲစာရင်းအား  Internet နှင့် Mobile Phone များမှ ကြည့်ရှုနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။