ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့
Published 20 June 2015
စိုးမင်းထိုက်

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ ပုဂ္ဂလိကသတင်းစာ လုပ်ငန်းကိုဖြစ်စေ၊ ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှု လုပ်ငန်းကိုဖြစ်စေ ပူးတွဲပိုင်ဆိုင်ခြင်းအတွက် လုပ်ငန်းတစ်ခုကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားပါက အခြားလုပ်ငန်းတစ်ခုကို ရာခိုင်နှုန်း ၃၀ ထက်ပို၍ ခွင့်မပြုရဟု ပြည်သူ့လွှတ်တော်က ပြင်ဆင်ကာ အမျိုးသားလွှတ်တော် သို့ ပြန်လည်ပေးပို့လာကြောင်း သိရသည်။
 
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေတွင် မူလက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှု ဇုန်တစ်ခုတွင် ပုဂ္ဂလိကသတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ပူးတွဲပိုင်ဆိုင်ခြင်းကို ခွင့်မပြုဟု ပြဋ္ဌာန်းထားပြီး အမျိုးသားလွှတ်တော်ကလည်း ထိုကဲ့သို့ပင် အတည်ပြုထားခဲ့သည်။
 
ထို့ပြင် ပြည်သူ့လွှတ်တော်က အခန်း ၄ တွင် နိုင်ငံတော်အတွင်း ဆောင်ရွက်ခွင့်ပြုမည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ အမျိုးအစားနှင့် နေရာဒေသများကို လည်းကောင်း၊ လုပ်ကိုင်ခွင့်ပြုမည့် ပမာဏကိုလည်းကောင်း သတ်မှတ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းနှင့် ရုပ်သိမ်းခြင်းများဟု အသစ်ဖြည့်စွက်ထားကြောင်း သိရသည်။
 
ဥပဒေကြမ်း၏ အခန်း ၇ အပိုဒ် ၃၃ တွင် ပြည်သူ့လွှတ်တော်က ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းကို ကိုယ်စားပြုသော ပုဂ္ဂိုလ်သည် သက်ဆိုင်ရာလုပ်ငန်းကို စတင်လုပ်ကိုင်ခြင်းမပြုမီ ကောင်စီသို့ လိုင်စင်လျှောက်ထားရမည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။
 
ပြည်သူ့လွှတ်တော်က ကောင်စီသည် အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားဖြစ်မဟုတ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှု လုပ်ငန်းနှင့် ဌာနပိုင်ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းတို့၏ လိုင်စင်ကြေးကို သီးခြားသတ်မှတ်ပေးရမည်ဟု ပြင်ဆင်ထားပြီး မူလပြဋ္ဌာန်းချက်တွင်မူ လိုင်စင်ကြေးပေးဆောင်ရခြင်း မှ ကင်းလွတ်ခွင့်ပြုရမည်ဟု အဆိုပြုပြဋ္ဌာန်းထားကြောင်း သိရသည်။
 
ဥပဒေကြမ်း၏ အခန်း ၈ အပိုဒ် ၅၁ တွင် စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အနေဖြင့်ဖြစ်စေ၊ စီးပွားရေး အဖွဲ့အစည်းတစ်ခုအနေဖြင့်ဖြစ်စေ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထားသည့် ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုအတွင်း ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းနှင့် ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းတစ်ခုစီထက်ပို၍ ပိုင်ဆိုင်ခွင့်မပြု။ သို့ရာတွင် ဤ ပြဋ္ဌာန်းချက်သည် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းအစီအစဉ်များ၊ ဖြန့်ဖြူးရေးဝန်ဆောင်မှု လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်စေရဟု ပြင်ဆင်အတည်ပြုထားကြောင်း သိရသည်။
 
ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပေးပို့လာသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအားဆွေးနွေးမည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ဇွန် ၂၃ ရက် နောက်ဆုံးထားကာ အမည်စာရင်းပေးပို့ရမည်ဖြစ်သည်။         
 

Most Read

Most Recent