ပဉ္စမအကြိမ်မြောက် NLD ဗဟိုကော်မတီအစည်းအဝေး ရန်ကုန်မြို့၌ ယနေ့စတင်မည်

ပဉ္စမအကြိမ်မြောက် NLD ဗဟိုကော်မတီအစည်းအဝေး ရန်ကုန်မြို့၌ ယနေ့စတင်မည်
Published 19 June 2015
ဇာလီမြင့်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပထမအကြိမ် ဗဟိုကော်မတီ၊ ပဉ္စမမြောက်အစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ဇွန်၂၀ ရက် (ယနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။အစည်းအဝေးကို ဇွန် ၂၁ ရက်အထိ နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ကာ လက်ရှိနိုင်ငံရေးအခြေအနေ၊ ပါတီ၏ စည်းရုံးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်မှုအခြေအနေနှင့် ရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများ စိစစ်နေမှုအခြေအနေတို့ကို အဓိကဆွေးနွေးသွားရန်ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က The Daily Eleven သို့ပြောကြားထားသည်။"တခြားကြားထဲကဖြစ်စဉ်တွေကတော့၊ ဘာတွေထပ်ချဲ့ဆွေးနွေးကြမယ်ဆိုတာတော့ အဲဒီရောက်မှပဲသိရပါလိမ့်မယ်" ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားထားသည်။ ဗဟိုကော်မတီအစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဗဟိုကော်မတီဝင် ၁၂၀ ဦးတက်ရောက်ရန်ရှိကြောင်း သိရသည်။ထို့ပြင် ယခုပြုလုပ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီအစည်းအဝေးတွင် သက်ဆိုင်ရာကော်မတီအသီးသီး၏ တင်သွင်းချက်များကို ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဗဟိုကော်မတီအစည်းအဝေးများကို ခြောက်လတွင် တစ်ကြိမ်ပုံမှန်ပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၄ ဒီဇင်ဘာကပြုလုပ်ခဲ့ကာ ဗဟိုကော်မတီက ၂၀၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ်သတ်မှတ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲနှင့် အမျိုးသားရင်ကြားစေ့ရေးမူကို အပြည့်အဝထောက်ခံကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်ရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရွေးကောက်ပွဲ ဝင်၊ မဝင်ကိစ္စကို တရားဝင်ကြေညာမည်ဟု မေ ၂၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က မီဒီယာများအား ပြောကြားထားသည်။ထို့ပြင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်းအပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပလှုပ်ရှားမှုများဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၂၇ ရက်က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့် ပူးတွဲထုတ်ပြန်သည့် နိုင်ငံရေးကြေညာစာတမ်းတွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့်အနိုင်ရမည်ဟု ခန့်မှန်းမှုအချို့ရှိနေပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုင်ရာဖြစ်စဉ်များအရ ပထမအကြိမ်၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲထက် ဒုတိယအကြိမ် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားသည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Most Read

Most Recent