ပြည်သူတို့အသံ

ပြည်သူတို့အသံ
Published 18 June 2015

၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပရန် လေးလကျော်ခန့်သာ လိုတော့သည်။ ရွေးကောက်ပွဲကြီးတွင် ဒိုင်လူကြီးကဲ့သို့ ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ဂရုတစိုက် ရှိကြရတော့မည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်း အချို့တွင်လည်း ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ စာရင်းများကို ရပ်ကွက်ရုံး၌ ကပ်ထားမှုများ၊ အသိပေးကြေညာမှုများ ပြုလုပ်နေသည်ကို တွေ့ရပေလိမ့်မည်။ အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားများ အနေဖြင့် မိမိတို့၏ အခွင့်အရေးဖြစ်သည့် မဲပေးခွင့်အတွက် မဲစာရင်းများကို ကြည့်ရှုစစ်ဆေးမှု ကြိုတင်ပြုလုပ်သင့်ပေသည်။ ထို့ပြင် ရွေးကောက်ပွဲမစတင်မီ ကြားကာလများ၌ တာဝန်ရှိသူများ အနေဖြင့်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ပေါ်စေရန် အလွဲအမှားများ ချို့ယွင်းချက်များ မဖြစ်ပေါ်စေရေး တိတိကျကျ ဆောင်ရွက်ရန် သင့်ပေသည်။ မဲစာရင်းများ၌ မိသားစုလိုက် ပြုတ်ကျန်နေသော ဖြစ်စဉ်များ၊ ရွှေ့ပြောင်းသွားသူများ၏ အမည်စာရင်းများ ပါဝင်နေသည့် ပြဿနာများ စသည်ကဲ့သို့သော လွဲမှားမှုများ ရှိခဲ့လျှင် ပွင့်လင်းမြင်သာစွာဖြင့် ပူးပေါင်းပြင်ဆင် ဆောင်ရွက်သင့်ပေသည်။ ရွေးကောက်ပွဲအပေါ် လူထု၏ စိတ်ဝင်စားမှု မြင့်တက်ခြင်းနှင့်အတူ မဲစာရင်းကြေညာမှုများနှင့် ပြည်သူအချို့၏ စကားသံများကို ဖော်ပြအပ်ပါသည်။
 
မပုလဲသွယ်(မင်္ဂလာဒုံ)   
“မဲဆန္ဒရှင်စာရင်း ကြေညာကပ်တော့ ကျွန်မတို့ မိသားစုတစ်စုလုံးရဲ့ မွေးနေ့၊ မွေးလတွေက အကုန်တူနေတယ်။ ခုနှစ်တစ်ခု တည်းမှန်တယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာ လည်း မေးကြည့်တော့ အရင်သန်းခေါင် စာရင်းအဟောင်းတွေက ခုနှစ်သက္ကရာဇ် တွေပဲရေးထားတော့ အခုလို မဲဆန္ဒရှင်စာ ရင်းပြန်ရေးတဲ့အခါမှာ လဝက ကနေပြီး အကုန်လုံးကို ရက်စွဲနဲ့လကို အကုန်တူအောင် ရေးလိုက်ကြတာလို့ ပြောတယ်။ ပြောရမယ် ဆိုရင် အချက်အလက်တွေ မှားနေတာပေါ့။ နောက်တော့ တာဝန်ရှိတဲ့သူပြောပြတော့ ပုံစံလေးနဲ့ ပြန်ပြင်ရတယ်။ မှတ်ပုံတင်မိတ္တူ ပေးထားရတယ်။ အလုပ်တော့ နည်းနည်းရှုပ်သွားတာပေါ့။ ရွေးကောက်ပွဲ မတိုင်ခင်တော့ သူတို့တွေထပ်ကပ်ရင် မှန်၊ မမှန် ပြန်ကြည့်ရမှာပေါ့။ ထပ်မှားတယ်ဆိုရင် ဒါကတော့ မရိုးသားဘူးလို့ ထင်မိမှာပဲ”
 
ဦးနိုင်ငွေသိန်း (မွန်အမျိုးသားပါတီ၊ ဒုဥက္ကဋ္ဌ ၂)
“အခုလိုအမှားတွေကို အမှန်အတိုင်း ပြင်ဖို့လိုအပ်တာတော့ အမှန်ပဲ။ နောက်ပြီး သောင်းနဲ့ချီပြီး မှတ်ပုံတင်မရသေးတဲ့သူတွေက မြန်မာနိုင်ငံမှာက တစ်ပုံတစ်ပင်ကြီး။ ဒီလူတွေ အနေနဲ့ကလည်း အမှန်တကယ် မဲထည့်နိုင်ဖို့လည်း လိုအပ်တယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာဆိုရင် နိုင်ငံခြားကိုရောက်နေတဲ့ မွန်တိုင်းရင်းသားတွေက ငါးသိန်းနီးပါးလောက်ရှိတယ်။ ဒီလိုလူတွေကို မဲထည့်နိုင်အောင် လုပ်ဆောင်သင့်တယ်လို့ ထင်တယ်။ အစိုးရအနေနဲ့ သံရုံးတွေနဲ့ချိတ်ဆက် ပြီးတော့လုပ်မှာ။ အခုလက်ရှိ အနေအထားအရဆို ဒီလူတွေအနေနဲ့ မဲပေးခွင့်ရနိုင်ဖို့ ဆိုတာကလည်း မလွယ်ကူဘူး ဖြစ်နေတယ်။ နောက်ပြီး အခုလိုအစုလိုက်အပြုံလိုက်ကြီး မှားယွင်းမှုကျတော့လည်း မမှန်မကန် လုပ်လားဆိုပြီး သံသယတော့ ဝင်မိပါတယ်။ မဲဆန္ဒရှင်စာရင်း ဆိုတာကလည်း မှန်ကန်ဖို့ လိုအပ်တယ်လေ။ ဒါမှ နိုင်ငံကိုတကယ် အကျိုးပြုပြီး ပြည်သူတွေ အမှန်တကယ် အလိုရှိတဲ့သူတွေအတွက် နစ်နာမှုမရှိမှာပေါ့”
 
ဦးကျော် (သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ကျွန်တော်တောင် ဒီမဲဆန္ဒရှင်စာရင်းမှာ အမည်မပါဘူး။ ဒါကမဖြစ်သင့်ဘူး ထင်တယ်။ ကျွန်တော်လွှတ်တော်အမတ် မဖြစ်ခင်ကတည်းက မြန်မာနိုင်ငံမှာလုပ်တဲ့ ရွေးကောင်ပွဲတွေမှာ  ဧည့်စာရင်းနဲ့တောင် မဲထည့်ဖူးတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအနေနဲ့ အခုလာမယ့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ဆောင်သွားမယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌကြီး ပြောကြားချက်နဲ့ လက်အောက်တွေမှာ လုပ်ဆောင်တာတွေနဲ့က တခြားစီဖြစ်နေတယ်။ မဲက အသက် ၁၈ နှစ်ပြည့်မှ မဲပေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်အသိ ခုနစ်နှစ် အရွယ်ကလေးက မဲဆန္ဒရှင်စာရင်းမှာ ပါနေတယ်။ ဒါတွေက မဖြစ်သင့်တဲ့ မှားယွင်းမှုတွေပါ။ ဒီလိုမှားယွင်းသွားရင်လည်း သူတို့ ရဲ့ ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်တွေကြောင့် ပြည်သူတွေက ပိုအလုပ်ရှုပ်ရတယ်။ ပြည်သူတွေက မှားနေတာ မဟုတ်ဘူးလေ။ တာဝန်ယူတဲ့သူတွေက မှားခဲ့တာ။ မှားတာတွေ ရှိတယ်ဆိုရင်တောင် ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး”
 
ဦးသက်အောင် (မွန်ပြည်နယ်၊ လမိုင်းမြို့နယ်)
“အခုလိုမဲဆန္ဒရှင်စာရင်း မှားယွင်းမှုတွေက အမှန်ဆိုရင်တော့ မဖြစ်သင့်ဘူး။ ဒီလဝက ကနေပဲ ယူတာပဲလေ။ ရှင်တဲ့သူက မပါ။ သေတဲ့သူပါဆိုတာ မဖြစ်သင့်ဘူး။ သေစာရင်း မသွင်းရသေးလို့ သေတဲ့သူပါတာ  လက်ခံလို့ရပေမယ့် သက်ရှိထင်ရှား ရှိနေတဲ့သူတောင် ပါမလားဘူးဆိုတော့ မဖြစ်သင့်ဘူး။ နယ်ဘက်တွေမှာဆိုရင် နာမည်မပါရင်လည်း မပါတဲ့အတိုင်းဘဲ။ သွားလည်း ပြောကြမှာမဟုတ်ဘူး။ အဲဒီတော့ ပြည်သူတွေရဲ့ သဘောထားအမှန်ကို ဘယ်လိုသိတော့မှာလဲ။ ဒါကြောင့် သေသေချာချာ လုပ်ဆောင်ပေးဖို့ပဲ ဆိုချင်တယ်”
 
ကိုဟန်ထွန်းလင်း (မြစ်ကြီးနား)
“ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့  အခုလိုဖြစ်ပျက်နေတဲ့ မှားယွင်းမှုတွေကို မှန်ကန်အောင် လျင်လျင်မြန်မြန် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တိုင်းပြည်ကောင်းစားဖို့ အတွက် အမှန်တကယ် ဦးဆောင်နိုင်မယ့်သူမျိုးကို လိုချင်တယ်။ မဲပေးချင်တယ်။ အဲဒါကြောင့် အခုလို မှားယွင်းမှုများကို လက်မခံနိုင်ပါဘူး။ ပေါ့ပေါ့တန်တန် အဖြစ်သဘောနဲ့ မလုပ်ကိုင်ဖို့ဘဲ ပြောချင်ပါတယ်”
 
ကိုအောင် (စင်ကာပူ)
“မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့သူတောင် ဘယ်ကိုပဲရောက်ရောက် မဲပေးပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုနိုင်ငံခြားကို ရောက်နေတဲ့ မြန်မာနိုင်ငံသား တော်တော်များများက မဲပေးလို့ရနိုင်မယ့် ပုံစံကို မသိရှိသေးဘူး။ ရွေးကောက်ပွဲက ဘယ်လောက်မှ မလိုတော့ဘူး။ အခုလို ပြည်ပရောက်နေတဲ့ သူတွေအတွက် ဘယ်လိုပုံစံမျိုး မဲပေးခွင့်ရနိုင်မလဲ ဆိုတာပဲ သိချင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မတီအနေနဲ့ ကျွန်တော်တို့တွေ လွယ်လွယ်ကူကူ မဲပေးနိုင်ဖို့အတွက် မြန်မြန်နဲ့မှန်မှန် လုပ်ဆောင်ပေးဖို့ပဲ တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်”
 
မယမင်းခင်(ဘားအံ)
“အခုတော့ မှားနေတယ်။ နောက်တစ်ခေါက် ထုတ်ပြန်ရင်တော့ မှန်ကန်ဖို့ပဲ မျှော်လင့်ပါတယ်။ ဘာပဲပြောပြော မှန်မှန်ကန်ကန် လုပ်ပေးဖို့ပဲ တောင်းဆိုတယ်”
 
ကိုချန်လျန်း (Home Bill ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့)
အခုမဲစာရင်းတွေ မှားနေတယ်ဆိုတာ မှန်တယ်။ ဒါကလည်း ထွက်ကိုထွက်ရမယ်။ ဘာကြောင့်လဲဆိုရင် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုတယ်ဆိုတာက ကျွန်တော်တို့တိုင်း ပြည်မှာ အခုမှ ဒီရွေးကောက်ပွဲတို့၊ မဲစာရင်း ကောက်တာတို့က အခုမှလည်း စတင်လုပ်ရတဲ့ သဘောရှိတယ်။ ဒီအခြေခံမဲဆန္ဒရှင် စာရင်းကို လူတွေက တခြားနိုင်ငံတွေမှာလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူတွေက သက်ဆိုင်ရာ ကော်မရှင်ကို သွားပြီးတော့ နာမည်စာရင်းထည့်တဲ့ လုပ်ငန်းစဉ် မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် နောက်ရပ်ကျေးရုံးမှာရှိတဲ့ အိမ်ထောင်စုလူဦးရေ စာရင်းတွေကနေ လုပ်တာဆိုတော့ အမှားအယွင်းတွေ ရှိနိုင်ပါတယ်။ ဆိုတော့ ပြည်သူများအနေနဲ့ ကိုယ့်နာမည်က မှားသလား၊ နာမည်မပါဘူးလား၊ ဒါတွေကိုပြည်သူတွေက ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်။ အခုအချိန်ပြန် လျှောက်ထားပြင်ဆင်ရင် ရပါသေးတယ်။ ဘာပဲပြောပြော မဲပေးခွင့်အတွက် မဲစာရင်းကြည့်ဖို့၊ စိတ်ဝင်စားပေးဖို့လိုပါတယ်”
 
မခင်လေးငယ် (ဖန်တီးအိမ်အဖွဲ့အစည်း)
“အခု မဲစာရင်းတွေ ကပ်ပြီးကြေညာကြတဲ့အခါမှာ လူထုလာရောက်ကြည့်ရှုမှုနှုန်း နည်းတယ်လို့ ပြောကြပါတယ်။ အမှားတွေ များတယ်လို့ ပြောကြတယ်။ ဒီနှစ်ကြိမ်ကြေညာမှုမှာတော့ အမှားတွေရှိနိုင်ကောင်း ရှိပါလိမ့်မယ်။ ပြည်သူအများကတော့ မဲစာရင်းကြည့်ပြီး ဒါတွေထောက်ပြနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါမှလည်း မဲပေးခွင့်တွေ မဆုံးရှုံးမှာပါ။ တကယ်တော့ ပြည်သူတွေက ရွေးကောက်ပွဲ အပေါ်ကို စိတ်ဝင်စားမှု ရှိပါတယ်။ ဒီရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ မဲဆန္ဒရှင်စာရင်း ကြေညာမှုကို စိတ်ဝင်စားမှု နည်းပါးနေကြတာပါ”
 
ဦးထွန်းထွန်းဟိန် (NLD ဗဟိုမဲစာရင်းစိစစ်ရေး အဖွဲ့ခေါင်းဆောင်)
“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုဒီလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နောက်ပြီး ပြည်သူတွေမဲပေးခွင့်တွေ မဆုံးရှုံးရလေအောင် မဲစာရင်းစိစစ်မှုတွေ လုပ်နေတယ်။ အခုတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကနဦး မဲစာရင်းကပ်မှု ကြေညာမှုတွေမှာတော့ အမှားတွေ ပါနေတာတွေ့ရတယ်။ ဒီအတွက်လည်း ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ပြည်သူလူထု၊ အဖွဲ့အစည်းအားလုံးက စိတ်ပါဝင်စားစွာ ပါဝင်ထောက်ပြဖို့ လိုအပ်နေပါတယ်”

Most Read

Most Recent