အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုလျက်ရှိ

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုလျက်ရှိ
Published 17 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုလျက်ရှိပြီး လက်ရှိအထိ ကျောင်းသားကိုယ်စားလှယ်များ တောင်းဆိုထားသည့် အချက်များကို မဖြည့်ဆည်းနိုင်သေးကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက မီဒီယာများကို ပြောကြားသည်။လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဇွန် ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုခဲ့ရာ သဘောကွဲလွဲချက် ၅၁ ချက်အနက် ၁၃ ချက် ဆွေးနွေးအတည်ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။“ကျောင်းသားတွေရဲ့ တောင်းဆိုချက် ဖြည့်ဆည်းနိုင်သလားဆိုတော့ အဖြေကတော့ ရှင်းပါတယ်။ မရပါဘူး။ အန်ကယ်တို့တင်တဲ့ ၂၁ ချက်ထဲမှာ အခုထက်ထိပြီးတာ ဘယ်လောက်မှ မပြီးသေးဘူး။ ဒါပေမဲ့ အကုန်လုံး ရှုံးတာပဲလေ။ သမဂ္ဂကိုယ်စားလှယ်ဆိုတာပါရင် အကုန်ရှုံးတယ်။ ဟုတ်တယ်မဟုတ်လား။ ဒါတော့ အဲဒီလို ရှိတာပေါ့။ အခုထက်ထိ တစ်ချက်မှ မရဘူးပေါ့” ဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောကြားသည်။“၅၁ ချက်ကွဲလွဲတယ်။ ၅၁ ချက်ထဲမှာ ခြောက်ချက်ကို အမျိုးသားလွှတ်တော်အတိုင်းပဲ ပေးထားတယ်။ နုတ်လိုက်လို့ရှိရင် ၄၅ မှာ ၂၁ ချက်ကို လိုက်လျောနိုင်တယ်။ ၂၄ ချက်က လိုက်လျောလို့ မရဘူး။ အမျိုးသားလွှတ်တော်ဘက်က ပဋိပက္ခ ဖြေလျှော့ဖို့အတွက် အတန်တန် ကြိုးစားပြီး ညှိနှိုင်းကြတယ်ဆိုတာ အားလုံးအသိပဲ။ ဒါကြောင့်မိုလို့ အန်ကယ်တို့ကတော့ မူလရပ်တည်ချက်ကို ပြင်လို့မရဘူး။ အန်ကယ်တို့ရဲ့ ကတိကဝတ်က ကျောင်းသားပေါ်မှာရော၊ နိုင်ငံတော်ပေါ်မှာရော ရှိသွားပြီ။ တစ်နိုင်ငံကြားတာက Live လွှင့်ထားတာကို။ အန်ကယ်တို့လွှတ်တော်ရဲ့ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီကတော့ မူလဆုံးဖြတ်ချက်နဲ့ မူလအတည်ပြုချက်ကို ဘယ်ပြင်လို့ရမလဲ။ ဟုတ်တယ်မဟုတ်လား။ လွှတ်တော်သိက္ခာ ရှိတယ်လေ။ ဥပဒေကြမ်းကော်မတီကိစ္စ မဟုတ်ဘူး။ လွှတ်တော်ကိစ္စ။ ရှင်းပါတယ်နော်” ဟု ဦးခင်မောင်ရီက ပြောကြားသည်။“ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ကို အန်ကယ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဒါဘာလုပ်လို့ ရမလဲ။ မရဘူးလေ။ အခြေခံဥပဒေမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတာဟာ ဥပဒေဖြစ်သွားပြီ။ ဥပဒေပြုပြီးသွားရင် ဒီဥပဒေပဲ ကျင့်သုံးမယ်။ ဒီဥပဒေအရ နောက်မှာ ရှိတာပေါ့။ တစ်ခုတော့ မျှော်လင့်လို့ ရတာပေါ့။ ဒါက ပင်မဥပဒေကြီး။ ပင်မဥပဒေကြီးအောက်မှာ ဘာရှိသေးလဲဆိုတော့ အဆင့်မြင့်ပညာ ဥပဒေတို့၊ အခြေခံပညာ ဥပဒေတွေ ရှိမယ်။ အဲဒါတွေ ပေါ်လာရင်တော့ အဆင့်မြင့်ပညာ ဥပဒေမှာ ပါဝင်အောင် ကြိုးစားကြရမှာပေါ့။ နောက်တစ်ဆင့်ကျတော့ တက္ကသိုလ်လိုက် ပဋိညာဉ်စာတမ်းတွေ ဆွဲဦးမယ်။ သမဂ္ဂ ဘယ်လိုဖွဲ့မယ်။ အဲဒီမှာလည်း ထပ်ဆွဲကြဦးမယ်။ အဲဒီမှာတော့ အဆင့်လေးတွေ ကျန်ပါတယ်။ ဥပဒေအရ ရပိုင်ခွင့်လေးတွေတော့ ရှိပါသေးတယ်” ဟု ဦးခင်မောင်ရီက ဆက်လက်ပြောကြားသည်။“အန်ကယ်ဆွေးနွေးတာ ကြားတယ်နော်။ တစ်ယောက်တည်းနဲ့ ရှုံးမယ်ဆိုတာ သိရက်သားနဲ့ ဆွေးနွေးနေတာလေ။ အန်ကယ့်ကတိအပေါ်မှာ အန်ကယ်တည်ပါတယ်။ အန်ကယ်တစ်ယောက်တည်း ကတိမဟုတ်ပါဘူး။ အမျိုးသားလွှတ်တော်ရဲ့ကတိ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ကတိအတိုင်း ရှုံးမယ်ဆိုတာ သိရက်သားနဲ့ တင်ပြနေတာလေ” ဟု ဦးခင်မောင်ရီက ပြောကြားသည်။အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဠ) တွင် တက္ကသိုလ်ကောင်စီ ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော်က သက်ဆိုင်ရာတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ၎င်းတို့နှင့် အဆင့်တူညီသော ပုဂ္ဂိုလ်များ၊ မဟာဌာနမှူးများ၊ ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာများက ရွေးချယ်သော ကိုယ်စားလှယ်များ၊ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်များ၊ အများယုံကြည် လေးစားသည့် ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်ပညာရှင်များ အပါအဝင် သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းအရ ဖွဲ့စည်းသည့် ကောင်စီကို ဆိုသည်ဟု ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် တက္ကသိုလ်ဆရာသမဂ္ဂ၏ ကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂမှ အမည်စာရင်း တင်သွင်းသော ယင်းတက္ကသိုလ်မှ ဘွဲ့ရပုဂ္ဂိုလ်များ အပါအဝင်ဟု အတည်ပြုထားချက်မှာ ရှုံးနိမ့်ခဲ့သည်။ထို့ပြင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်းစာမေးပွဲ ရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်း မဟုတ်ဘဲ လက်ခံမည့် တက္ကသိုလ်၏ လိုအပ်ချက်အရ စိစစ်ရွေးချယ်သည့်စနစ် ထားရှိရေးဟု ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ကြောင်း သိရသည်။