ရိုးသားကြိုးစား ဗိုလ်ချုပ်၏ အမှာစကား

ရိုးသားကြိုးစား ဗိုလ်ချုပ်၏ အမှာစကား
Published 17 June 2015
နီငြိမ်း

ဦးဖေသိန်း၏ ပြောဆိုချက်ဆရာကြီး ဦးဖေသိန်းဟာ ဗိုလ်ချုပ်နဲ့ စပ်လျဉ်းပြီး အတော်မှတ်မှတ်သားသား ရှိပါတယ်။ ဗိုလ်ချုပ်ဟာ ဟန်ဆောင်တတ်သူ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်ပုံကို“ကျုပ်နိုင်ငံရေးလုပ်တာဟာ အာဏာလိုချင်လို့လုပ်တာ ဖြစ်တယ်။ သို့ပေမဲ့ ပြည်သူပေးတဲ့ အာဏာနဲ့ ပြည်သူကို အလုပ်အကျွေးပြုချင်တာ ဖြစ်တယ်။ ကျုပ်ပွင့်ပွင့်လင်းလင်း ရှင်ရှင်းပဲ ပြောမယ်။ ကျွန်တော် အာဏာလိုချင်တာက တခြားလူတွေ လိုချင်တာနဲ့ ခြားနားတယ်။ သူတို့က အာဏာကို သူတို့ကျော်ကြားဖို့၊ အကျိုးအမြတ်ရဖို့၊ အခွင့်အရေးရဖို့ လိုချင်ကြတာ။ ကျွန်တော်လိုချင်တာက တစ်နိုင်ငံ လုံးစည်းရုံးမှု၊ လွတ်လပ်မှု၊ ကြွယ်ဝချမ်းသာမှု၊ လူမှုရေးတရားမျှတမှုတွေ ပြည့်စုံစေတဲ့ နည်းလမ်းတစ်ခုနဲ့ လိုချင်တာဖြစ်တယ်။ ပိုလည်းမပို၊ လိုလည်းမလိုဘူး။ ကျုပ်လိပ်ပြာသန့်တယ်။ ဒါကြောင့် အာဏာမလိုချင်ဘူးလို့ ဟန်မဆောင်ဘူး” လို့ ပွင့်လင်းစွာ ပြောခဲ့ပါတယ်။သမ္မတ ဖြစ်လိုသူတွေဟာ တစ်နိုင်ငံလုံး စည်းလုံးကြွယ်၀ ချမ်းသာလာအောင် လူမှုရေး၊ တရားမျှတမှုတွေ ပြည့်ပြည့်၀၀ လုပ်ရမှာ ဖြစ်တယ်။ ဒါကိုမြင်တဲ့ ဦးဖေသိန်းက (ကိုအောင်ဆန်းဟာ အမြဲတမ်း၊ ပြောတဲ့အတိုင်း လုပ်တတ်ပါတယ်။ ခေါင်းဆောင်ခြင်းနဲ့ ပတ်သက်တာတစ်ခု ပြောဖူးတယ်။ လူအားလုံး ကျေနပ်အောင် လုပ်ဖို့ဆိုတာ လုံးဝဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ အဲဒီလိုလုပ်ရင် တစ်ယောက်မှ မကျေနပ်ဘဲ ဖြစ်သွားနိုင်တယ်။ ဒါဟာ ဖြစ်နေကျသဘာဝပဲ၊ ပြဿနာတစ်ခုဖြစ်လာရင် အချက်အလက် အကုန်စုပါ။ အဓိက ပြဿ နာပေါ် မူတည်ပြီး ကြောက်လည်းမကြောက် မျက်နှာလည်း မလိုက်ဘဲ ဆုံးဖြတ်ပါ။ အရေးအကြီးဆုံးက အများအကျိုးအတွက် အများက သဘောတူဖို့ပဲ၊ အဲဒီလိုလုပ်ရင် အနည်းစုက ကျေနပ်ချင်မှ ကျေနပ်မှာပါ။ အဲဒါဟာ လူသားသဘာဝပဲ။သူတို့ရဲ့စိတ်ထဲမှာ ဒါဟာလူနည်းစု အကျိုးနဲ့ ဆန့်ကျင်နေတယ်။ မုန်းစရာကောင်းတယ်လို့ တွေးနေလိမ့်မယ်။ ဒါပေမဲ့ တစ်နေ့တစ်ချိန် ထောက်ခံလာကြမှာပဲ။ စာရေးဆရာ စနေဒေါင်း ရေးခဲ့တာက မြန်မာခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းစာအုပ်မှာ ဗိုလ်ချုပ်ဟာ တကယ့်ခေါင်းဆောင်) လို့ ရေးတယ်။ဗိုလ်ချုပ်လွတ်လပ်ရေးအတွက် အောက်ဘက်ကို ခရီးထွက်တုန်းက သံဖြူဇရပ် စရောက်ပြီး တရားဟောတယ်။ သံဖြူဇရပ်ကအပြန် ဒီဇင်ဘာလထဲမှာ လှိုင်းဘွဲ့မြို့နယ် ကပ္ပလီရွာကို ရောက်တယ်။ အဲဒီရွာ သွားရတာက ခရစ်ယာန်ဘုန်းတော်ကြီး ဘစ်ရှော့ဗက်စ်က ဖိတ်ကြားလို့ဖြစ်တယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဗိုလ်ချုပ်ဟာ ကပ္ပလီရွာမှာ တရားဟောသေးတယ်။ တရားပွဲကို သာသနာပြုများ၊ ခရိုင်ဝန်၊ သထုံအရေးပိုင် ဦးဘဆန်းတို့ တက်တယ်။ အားလုံး ဗိုလ်ချုပ်စကားပြောတာ သဘောကျပြီး ဝိုင်းဝန်းချီးကျူးကြပါတယ်။ 
ကပ္ပလီရွာလေးသမိုင်းအစက အိမ်ခြေငါးလုံးပဲရှိတဲ့ ရွာကလေးပါ။ ဘစ်ရှော့ဗက်စ်ရောက်လာတော့ စုစည်းပြီး သာသနာပြုတယ်။ (၇) နှစ်တိုင် သာသနာရေးလုပ်လိုက်မှ စာသင်ကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေ ပေါ်လာတယ်။ အားကစားကွင်းတွေလည်းရှိလို့ သာယာလာတာပေါ့။ အဲဒီ ကပ္ပလီရွာက ဗိုလ်ချုပ်ကို အတီးအမှုတ် အကအခုန်တွေနဲ့ ဝိုင်းကြိုကြတယ်ဗျာ။ ဒါကြောင့် အဲဒီရွာမှာ ဗိုလ်ချုပ် သိပ်ပျော်သွားတယ်။ကရင်အမျိုးသား တစ်ထောင်ကျော်ကလည်း သီချင်းတွေဆိုပြီး ကြိုဆိုတယ်။ ကရင်ဗမာ ချစ်ကြည်ရေး သီချင်းပေါင်းစုံ ဆိုကြတယ်။ ကရင်ဆရာ တာရ်ပေါ၊ ဦးတောမွှားတို့က ဗိုလ်ချုပ်ရဲ့ ဂုဏ်ပုဒ်တွေ ထုတ်ဖာ်ပြောပြကြပါတယ်။“ကျုပ်တို့ ဗိုလ်ချုပ်ကို အကြွင်းမဲ့ ယုံကြည်တယ်။ အားလည်းကိုးတယ်။ ဗိုလ်ချုပ်ရှေ့ဆောင်ရင် ဗိုလ်ချုပ်နောက်ကို လိုက်မယ်” စသဖြင့် ထုတ်ဖော်ပြောဆိုသည်ကို ဗိုလ်ချုပ်က လွန်စွာအားရခဲ့ပြီး အဲဒီနောက် ဗိုလ်ချုပ်တရားဟောလိုက်တာ အကြာကြီးပါပဲ။(အခုဒီမှာ လာရောက်ခြင်းက ဧည့်သည်သဘောမျိုး မဟုတ်ဘူး။ ဆွေမျိုးအနေနဲ့ လာတာပါ။ မိသားစုအနေနဲ့ လာတွေ့တာပါ။ တိုင်းသူပြည်သားတွေဟာ ကြောက်ရွံ့တာမရှိဘဲ လွတ်လပ်ရေးတရား ဆင်ခြင်တုံတရားတွေ ရှိကြဖို့ပဲ။ လွတ်လပ်စွာ ပြောဆိုဆက်ဆံခွင့်၊ စည်းရုံးဆွေးနွေးခွင့်တွေအပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရအောင် ဆောင်ရွက်ရမယ်။ ကရင် ဗမာ မွန် မခွဲခြားဘဲ တညီတညွတ်တည်း လုပ်ရမယ်။) လို့ ဗိုလ်ချုပ်က ပြောခဲ့တယ်။ ဒါကြောင့် ဘစ်ရှော့ဗက်စ်က ဗိုလ်ချုပ်အပေါ် လေးစားအထင်ကြီးခဲ့ပါတယ်။ ဗိုလ်ချုပ်က ထင်ထာထက် ပိုတော်တယ်။ ခေါင်းဆောင်ဖြစ်ထိုက်တယ်။ သူ့နောက်လိုက်ကြရမယ်လို့လည်း သာသနာရေးဝန်းထမ်းတွေကပါ ပြောလာရတယ်။ဗိုလ်ချုပ်ရဲ့ ရိုးသားကြိုးစားမှုဟာ လက်တွေ့ကျပါတယ်။ မှတ်သားနာယူဖွယ် ဖြစ်ပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ မှန်တာလုပ် ဟုတ်တာပြောမှာ ဗိုလ်ချုပ်အောင်ဆန်းပင်တည်း။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကို နောင်လာနောက်သားများ အတုယူရမယ်။ သူ့လို ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကြရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ဗိုလ်ချုပ်ကို စံထားဆောင်ရွက်သင့်ကြောင်း တင်ပြပါတယ်။မှီငြမ်း - ဦးအောင်ဆန်း၏ အမှာစကား(ဦးဖေသိန်း) စာရေးဆရာ သတင်းစာဆရာကြီး