အချိန်ကို စားသုံးခြင်း

အချိန်ကို စားသုံးခြင်း
Published 17 June 2015
စိုးခိုင်ညိန်း

တစ်နှစ်နဲ့တစ်နှစ် ကျွန်တော်တို့အသက်များ အလိုမတူရပါဘဲလျက် ကြီးကြီးသွားကြသည်။ မေ့မေ့လျော့လျော့ဖြင့် ကျွန်တော်တို့ သုံးပစ်ခဲ့သော အချိန်များကို ပြန်ကြည့်လိုက်တော့ မနည်းမနောပါလား။ ကျွန်တော်တို့ သုံးပစ်ခဲ့သော အချိန်များထက် ဖြုန်းပစ်ခဲ့သော အချိန်များက ပို၍များ များနေလေမလား။ တရစပ်သွားနေသော အချိန်ကို ရပ်တန့်၍ မရနိုင်သလို ကုန်လွန်သွားသော အချိန်များကိုလည်း ဘယ်နည်းနဲ့မျှ အစားထိုး၍ မရနိုင်ပေ။ကျွန်တော်တို့ လူ့သက်တမ်းသည် ပျမ်းမျှအားဖြင့် ၇၅ နှစ်ဆိုလျှင် ကျွန်တော်သည် ယခု ၃၆ နှစ်ပြည့်ပြီးဆိုတော့ လက်ကျန်အချိန်က ထက်ဝက်ကျော်ကျော်လောက်ပဲ ကျန်ပါတော့သည်။ ဒါတောင် အသက်စေ့နေရဦးမှ။ အချိန်သည် မသိမသာ သုံးစွဲနေရင်းဖြင့် လက်ကျန်အချိန်က နည်းနည်းလာတာ သတိမထားမိ။ အသက်ကြီးလာတဲ့ အခါမှာ ရရှိသော အချိန်များကို လိုသလို အသုံးချ၍ မရနိုင်တော့။ အိုမင်းမစွမ်း ဆိုသည့်အတိုင်း ဘာမှမလုပ်နိုင် မကိုင်နိုင်ဘဲ အချိန်ကို ဒီအတိုင်း ထိုင်ကြည့်နေတော့တဲ့ အနေအထား ဖြစ်သွားပါသည်။ ဒီကြားထဲ မသေနိုင်ဟု အာမခံ၍ မရနိုင်။ တစ်ရက်တစ်ရက်တွင် လူတစ်ယောက်မှာ မဖြစ်မနေအိပ်ရမည့် အချိန်များကို နုတ်လိုက်လျှင် တကယ်အကျိုးရှိရှိ အသုံးချရမည့် အချိန်က သိပ်များများစားစား မရှိလှပါ။ ညအိပ်ချိန်များကို နုတ်လိုက်လျှင် အလုပ်လုပ်ရမည့် အချိန်က များများစားစား မရှိပါ။ အဲဒီမများလှတဲ့ အချိန်တွေကိုကော ကျွန်တော်တို့ ပြည့်ပြည့်၀၀ အသုံးချနိုင်ပါရဲ့လား။ကျွန်တော်တို့သည် အချိန်က စောနေသေးလို့၊ အချိန် မကျသေးလို့၊ အချိန်တွေ ပိုနေလို့ဆိုပြီး အချိန်ကို မကြာခဏ စောင့်ခဲ့ကြဖူးပါသည်။ သို့သော် အချိန်ကတော့ ကျွန်တော်တို့ကို ဘယ်တော့မှ စောင့်လေ့မရှိခဲ့ပါ။ တတိတိနဲ့ သွားမြဲသွားနေပါသည်။ အချိန်တွေ စောနေသေးလို့၊ ပိုနေလို့ဆိုတာ တကယ်တော့ မရှိပါဘူး။ အချိန်တွေကို အချိုးကျ ခွဲဝေမသုံးစွဲတတ်လို့ပဲ ပိုသလို ဖြစ်နေတာပါ။ အချိန်တွေပိုနေလို့ အသားလွတ် ထိုင်ဖြုန်းနေသူတွေ ရှိသလို အချိန်မရှိတော့လို့ပါ။တစ်ခါတစ်ရံတွင် ကျွန်တော်တို့သည် ကိုယ့်မှာပိုနေသော အချိန်ကို တစ်ယောက်တည်း ဖြုန်းရုံသာမကဘဲ တခြားသူတစ်ယောက်၏ အချိန်များကိုပါ ယူငင်၍ အသုံးချနေတတ်ပြန်ပါသေးသည်။ ကိုယ့်မှာ အလုပ်မရှိတော့ အလုပ်လုပ်နေသော သူငယ်ချင်းနားသွားပြီး စကားပြောနေတတ်တာမျိုးဖြစ်သည်။ မကြာခဏ ကြုံဖူးပါသည်။ အားနာ၍ လုပ်လက်စ ခဏပစ်ထားပြီး ပြန်ပြောနေရတဲ့ အဖြစ်တွေ မကြာခဏ ရှိခဲ့ဖူးပါသည်။ အချိန်မရလို့ မအားလို့ပါဆိုပြီး ကျွန်တော်တို့ မကြာခဏ လုပ်ရမယ့် ကိစ္စများကို ငြင်းဆန်ဘူးပါသည်။ မအားဘူးဆိုပြီး အကြောင်းပြချက်ပေး၍ ငြင်းဆန်တဲ့အခါ ကိုယ်အသုံးချနေတဲ့ အချိန်က စစ်မှန်တဲ့ အကျိုးရှိတဲ့ အသုံးချခြင်းမျိုးဖြင့် မအားဖို့တော့ လိုပါသည်။ရန်ကုန်မြို့မှာနေရသော လူတစ်ယောက်သည် အခြားမြို့များမှ လူများထက် အချိန်မရ ဖြစ်နေတတ်ပါသည်။ မလိုအပ်ဘဲ အချိန်တွေ အများကြီး သုံးစွဲနေတဲ့ အဖြစ်တွေနဲ့ တကယ်အသုံးပြုရမယ့် အချိန်တွေမှာတော့ မလောက်မင နည်းနေတတ်ပါသည်။ မြို့စွန်က လူတစ်ယောက် မြို့ထဲသွားဖို့ မလိုအပ်ဘဲ အချိန်တွေ အများကြီးပေးရသည်။ အရင်က နာရီဝက်ခရီးဟာ အခုတစ်နာရီနဲ့ မရောက်တော့။ ကိုယ်သွားချင်တဲ့နေရာကို ပုံမှန်ထက်တစ်နာရီလောက် စောထွက်ထားပြီး ထွက်ရသည်။ ကားစောင့်ရမယ့် အချိန်၊ ကားပေါ်ရောက်ပြန်တော့ ကားကျပ်၊ လမ်းပိတ်မယ့် အချိန်တွေကို ကြိုတွက်ရသည်။ တစ်ခါတလေ လိုင်းကားက တော်တော်နဲ့ မလာ။ ကားမလာလို့ ရပ်စောင့်ရတာကိုပဲ ၁၅ မိနစ်လောက် ရှိတတ်သည်။ တစ်ခါတလေ နာရီဝက်၊ အသားလွတ် အချိန်ကို ဘာမှမလုပ်လိုက်ရဘဲ ပေးလိုက်ရတာ ဖြစ်သည်။ရန်ကုန်မြို့သည် အချိန်နဲ့ ပတ်သက်လျှင် ဘာတစ်ခုမှ အပိုင်တွက်ထားလို့ မရ။ မြို့ပတ်ရထား၊ လိုင်းကားအားလုံး အချိန်ပုံသေ မရှိ။ ပေါတဲ့အခါ ပေါပေမယ့် ရှားတဲ့အခါ ရှားသည်။ တစ်နေရာရာ သွားတဲ့အခါ တစ်ယောက်နဲ့ ချိန်းဆိုတဲ့အခါ ဘယ်တော့မှ အချိန်အတိအကျ သတ်မှတ်လို့ မရနိုင်ပါ။ တစ်ခါတလေ ကားပိတ်ကားကျပ်တဲ့ အချိန်တွေကို ကြိုတွက်ပြီး စောထွက်လိုက်တဲ့အခါ ကံကောင်းထောက်မစွာ ကားမစောင့်လိုက်ရဘဲ ကားပိတ်တာမျိုး မကြုံလိုက်ရဘဲ ပုံမှန်အဆင်ပြေပြေ လိုရာအရပ်ကို ရောက်သွားပြန်တော့လည်း ချိန်းထားတဲ့သူကို ပြန်ထိုင်စောင့်၊ ဒါမှမဟုတ် ရုံးမဖွင့်သေးလို့ ထိုင်စောင့်ရနဲ့ အချိန်က ပိုသလိုဖြစ်ပြီး အသားလွတ် ဖြုန်းလိုက်ရပြန်သည်။အချိန်ကို အရမ်းတန်ဖိုးထားပြီး အလေအလွင့် မရှိအောင် အချိန်ကို ဂရုစိုက်သော အချိန်ကို တိတိကျကျ သတ်မှတ်ပြီး လုပ်ဆောင်ကြသူများတွင် ဂျပန်လူမျိုးများသည် အလွန်နာမည်ကြီးသည်တဲ့။ ဂျပန်လူမျိုးတွေဟာ အချိန်အရမ်းအလေးထားသည်ဟု ဆိုပါသည်။ ဂျပန်နိုင်ငံမှာ အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှုဖြစ်တဲ့ ရထားဟာ အင်မတန် အချိန်မှန်တယ်လို့ ဆိုထားပါသည်။ အင်မတန် နောက်ကျခဲတယ် ဆိုသည်။ ဘယ်လောက်တောင် နောက်ကျခဲသလဲဆိုရင် တစ်နှစ်ပတ်လုံးပေါင်းမှ ငါးမိနစ်ထက်ပိုတဲ့ အခါမျိုးတောင် မကြုံဖူးဘူးလို့ ဆိုပါသည်။ ဒါပေမဲ့ အကယ်၍ နောက်ကျခဲ့ပြီ ဆိုရင်လည်း အဲဒီအချိန်က ရထားဝန်ထမ်း၊ ရထားမောင်မယ်များကိုယ်တိုင် တစ်တွဲပြီးတစ်တွဲ ဝင်လို့ ရှိသမျှ ခရီးသည်အားလုံးကို ခါးကုန်းလို့ တောင်းပန်စကား ဆိုပါသည်တဲ့။ ဒါတင်သာမကသေးဘဲ ရထားရဲ့ နောက်ကျခြင်းသာဖြစ်ကြောင်း ထောက်ခံစာရွက်ကိုလည်း ထုတ်ပေးပါသေးသည်တဲ့။ အဲဒီစာရွက်ကို အသုံးပြုပြီး ကျောင်း၊ အလုပ်၊ ရုံးတို့မှာ အသနားခံဖို့အတွက် ထုတ်ပေးတာ ဖြစ်ပါသည်။ အကယ်၍ ကျေနပ်မှု မရှိသေးပါက ခရီးသည်အနေနဲ့ ရထားကုမ္ပဏီကို တရားစွဲဆိုပိုင်ခွင့်ရှိပြီး လျော်ကြေးငွေ ပြန်တောင်းလို့ ရနိုင်ပါသေးသတဲ့။ဂျပန်အစိုးရ ကိုယ်တိုင်ဟာလည်း အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတိုင်းကို အချိန်တိကျစေဖို့ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကွပ်ကဲထားတာကြောင့် ဖြစ်သည်။ အကြောင်းကတော့ ဂျပန်လူမျိုးတိုင်းဟာ အချိန်ကိုလေးစားပြီး အလုပ်လုပ်ကြတာ ဖြစ်သောကြောင့် ဖြစ်သည်။ ဒါ့အပြင် ဂျပန်အစိုးရဟာ နိုင်ငံသားတွေအပေါ် လေးစားမှုရှိပြီး သူတို့အတွက် သွားလာရေးအပြင် အခြားသော Infrastructure များ အဆင်ပြေစေမှ တိုင်းပြည်ထုတ်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှာကို ယုံကြည်ထားတာကြောင့်လည်း ပါဝင်သည်ဟု ဆိုထားပါသည်။ဂျပန်နိုင်ငံရဲ့ ရထားအချိန်မှန်မှုနဲ့ ပတ်သက်ပြီး ဖတ်ဖူးတာတစ်ခု ရှိသေးသည်။ မြန်မာနိုင်ငံမှ လူတစ်ယောက် ဂျပန်နိုင်ငံကို သွားလည်တော့ အသိသူငယ်ချင်း တစ်ယောက်ဆီ လာရောက်လည်ပတ်မည့်အကြောင်း ဖုန်းဆက်လေသည်။ ဘယ်လိုလာရမလဲ အဆင်ပြေရင်လည်း လာခေါ်ဖို့ ဖုန်းဆက်တာဖြစ်သည်။ အသိသူငယ်ချင်းက မင်းဘာမှမပူနဲ့ ငါလာခေါ်စရာ မလိုဘူး။ မင်းရောက်နေတဲ့ နေရာက ဘယ်နှနာရီရထားကို တက်စီးခဲ့လိုက် ပြီးရင် ဘယ်နှနာရီ ဘယ်မိနစ်ရောက်ရင် ရောက်တဲ့ဘူတာမှာ ဆင်းလိုက်။ ငါစောင့်နေမယ်ဆိုပြီး ပြန်ပြောတဲ့အတွက် မြန်မာပြည်ကလူမှာ အတော်အံ့သြသွားသည်ဟု ဆိုပါသည်။ ဆင်းရမယ့်ဘူတာကို မပြောဘဲ တက်ရမယ့်အချိန်နဲ့ ဆင်းရမယ့်အချိန်ကို ပြောသွားတာကြောင့်ဖြစ်သည်။ ဥပမာ အဲဒီဘူတာက ၁ နာရီထွက်ခဲ့တဲ့ ရထားဟာ သူနေတဲ့ဘူတာမှာ ၃ နာရီကွက်တိ အပိုအလိုမရှိ ရောက်ရမည့်သဘော ဖြစ်သည်။ သူကတော့ စီးနေကျမို့ အချိန်ကိုတွက်ချက်၍ ပြောတာဖြစ်သည်။ အချိန်အနည်းငယ် နောက်ကျသွားတာနဲ့ ဘူတာလွဲသွားနိုင်တဲ့ အနေအထား ဖြစ်သည်။ သို့သော် ဘယ်တော့မှမမှား ကွက်တိပဲဟု ဆိုပါသည်။အချိန်သည် စောင့်ဆိုင်းသူအတွက် အလွန်နှေးကွေးပါသည်။ ကြောက်လန့်သူအတွက် အလွန်မြန်ဆန်ပါသည်။ ပူဆွေးဝမ်းနည်းသူတွေအတွက် အလွန်ကြာညောင်းပါသည်။ ပျော်ရွှင်နေသူအတွက် အလွန်တို တောင်းပါသည်။ သို့သော် သဘာဝတရားကို သိမြင်သွားသူအတွက် အချိန်သည် အကြောင်းမဟုတ်တော့ပါဟု အတွေးအမြင်တစ်ခုက ဆိုထားလေသည်။