ဓားကိုင်ရွာမှ ကလောင်ကိုင်ရွာသို့

ဓားကိုင်ရွာမှ ကလောင်ကိုင်ရွာသို့
Published 16 June 2015
ကိုနော် (ပုဂံ)

 
ထိုနေ့က ကျွန်တော်ရောက်သွားခဲ့သည့်နေရာမှာ လွန်ခဲ့သော ဆယ့်လေးငါးနှစ် အချိန်ကာလက ရွာဟုခေါ်ဆိုခဲ့ကြသော်လည်း မျက်မှောက်မြင်တွေ့ရသည့်အခြေအနေမှာ ရွာမဟုတ်တော့။
 
ငါ့သရောက်မြို့
 
မြောက်ကုန်း၊ ဈေးကုန်း၊ ပျဉ်းပင်၊ ထန်းငယ်တော၊ နှောတွင်း၊ ရွှေလက်ပျံ၊ တောင်ကုန်း၊ သိမ်တော် စသည့် ရွာများကို ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ် ဖွဲ့စည်းလိုက်သည့် ၂၀၀၃ ခုနှစ်မှစတင်၍ ရွာဆိုသော   အမည်နာမအစား၊  
တိုက်နယ်ဆိုသော အမည်နာမအစား  ငါ့သရောက်မြို့နယ်ခွဲဟု ပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့ကြသည်။
 
နယ်ချဲ့အင်္ဂလိပ်တို့အား ရရာလက်နက် စွဲကိုင်ကာ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ခိုက်ခဲ့သည့် သူရဲကောင်း ပုဂံဗိုလ်ချို၏ မွေးဖွားရာဇာတိတောရွာလေးသည် ယခုမူ မြို့အဆင့်သို့ ဇွတ်အတင်း ချဉ်းကပ်ဝင်ရောက်နေလေပြီ။
 
“အနော်ရထာမင်းကြီးလက်ထက်မှာ ရှင်အရဟံက ပုဂံကနေ တစ်ယူဇနာအကွာရောက်တိုင်း သိမ်တစ်ခုစီ တည်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေရှိတယ်။ တစ်ယူဇနာဆိုတာ ၁၂ မိုင်နဲ့ ၆ ဖာလုံလောက်ရှိတာဆိုတော့ ညောင်ဦးနဲ့ ငါ့သရောက်ကလည်း အဲ့ဒီလောက်ပဲဝေးတယ်။ ဟိုဘက် ဇဂျမ်းနယ်ထဲမှာ ရှင်အရဟံသိမ်တစ်ခု ရှိသေးတယ်”
 
သိမ်ရှိသည့်နေရာကို ယခင်က သိမ်တော်ရွာဟု ခေါ်ဆိုခဲ့ကြသော်လည်း ယခုမူ သိမ်တော်ရပ်ကွက်ဟု ခေါ်ဆိုနေကြပြီ။
 
နယ်ချဲ့အင်္ဂလိပ်တို့သည် ပုဂံသူရဲကောင်းဗိုလ်ချိုကို ဈေးကုန်းရပ်ကွက်အနီး မြနန္ဒာကန်နားတွင် ကြိုးပေးစီရင်ခဲ့ကြောင်း သိရသည်။ မြနန္ဒာကန်အနီး ကျောက်ထီးဘုရားသည် ပုဂံသူရဲကောင်းဗိုလ်ချိုတို့သားအဖ သုံးဦးအား ကွပ်မျက်ခဲ့သောနေရာဖြစ်ကြောင်း သိရသည်။ ဘုရားရှေ့ကွင်းပြင်တွင် ပုဂံသူရဲကောင်း ဗိုလ်ချိုကြေးရုပ်တုသည် ဓားကိုကိုင်စွဲကာ မားမားမတ်မတ် ရပ်တည်လျက် ငါ့သရောက်၏ ဖြစ်တည်ပြောင်းလဲပုံကို စိတ်ဝင်တစား စောင့်ကြည့်နေသည့်အလား ထင်မှတ်ရ၏။
 
ကျွန်တော်သွားရမည့်ခရီးသည် ထိုနေ့က ငါ့သရောက်တစ်ရွာတည်းနှင့် ရပ်မသွားဘဲ တောင်သာနယ်ဇဂျမ်းရွာထိအောင် ခရီးဆက်ဖို့ အကြောင်းဖန်လာခဲ့သည်။
 
“ငါ့သရောက်ကနေ ဇဂျမ်းကို အရင်ခေတ်ကတည်းက ဖောက်ထားခဲ့တဲ့ Disctric Council  လမ်းရှိတယ်။ ဗိုလ်ချိုခေတ်က တော်လှန်ရေးအတွက် အရေးပါခဲ့တဲ့ လမ်းတစ်လမ်းပေါ့။ အခု ဖောက်ထားတဲ့လမ်းက အဲဒီလမ်းကို ပြန်ပြီးပြုပြင်ထားတာ”
 

 
ပန်းရည်ဘဏ်တိုက် စာကြည့်တိုက်အပြင်ဘက်ရှိ ကဗျာဆရာတင်မိုး ရုပ်တုနှင့် ဂီတစာဆို ကန်မြဲအေးကျော်ရုပ်တုကို တွေ့ရစဉ်
 
ငါ့သရောက်-ဇဂျမ်းလမ်းသည် ကျောက်ခင်းလမ်း။ ငါ့သရောက်သည် ညောင်ဦးမြို့နယ်အတွင်း တည်ရှိပြီး ဇဂျမ်းသည် တောင်သာနယ်အတွင်း၌ တည်ရှိသည်။ အတက်အဆင်း အကွေ့အဝိုက်များသာမရှိလျှင် ၁၂ မိုင်မျှသာရှိသော ခရီးသည် ဆိုင်ကယ်ဖြင့်ဆိုပါက ကွမ်းတစ်ရာညက်ပင် မကြာ။
 
ကျွန်တော် ငါ့သရောက်မှ ထွက်လာချိန်သည် နေမွန်းတည့်လုနီးနီးအချိန်။ အပူရှိန် တလှပ်လှပ်ထနေချိန်။ တစ်နေ့က မိုးလေးတစ်ပြိုက်နှစ်ပြိုက် ကျထားသည်မို့  လမ်းတစ်လျှောက် ယာခင်းများတွင် တောင်သူများ လုပ်ငန်းခွင်ဝင်နေကြသော်လည်း နောက်မိုး လိုက် မလိုက်စိတ်မချရသေးသည့် အခြေအနေ။ ကမ္မရွာလေးကိုဖြတ်သန်းပြီးနောက် ချောင်းရိုးတစ်ခုကိုဖြတ်လိုက်စဉ် ငါ့သရောက်နယ်ဆုံးကာ တောင်သာနယ်ထဲ ရောက်လာပြီဖြစ်ကြောင်း လမ်းဘေးဆိုင်းဘုတ်လေးအရ သိလိုက်ရသည်။
 
အပူဒဏ်ကိုမခံနိုင်သည့်အဆုံး လမ်းဘေးထနောင်းပင်အိုကြီး၏ အရိပ်အောက် ခေတ္တဝင်ရောက်ခိုနားလိုက်စဉ် ခံတွင်းတွေ့ခဲ့သော ကဗျာလိုလို စကားပြေလိုလို စာပိုဒ်လေးတစ်ခု ရွတ်ဆိုမိသည်။
 
“ရွက်သစ်ကလေးတို့သည် ထနောင်းပင်အိုကြီး၏ အနာဂတ်ကို မသိကြသလော။ မိမိတို့တည်ရာမှီရာ သစ်ပင်ကြီး၏ ရင့်ရော်ခြင်းကို မမြင်ကြသလော”
 
မည်သူရေးခဲ့တာပါလိမ့်ဟု စိတ်ထဲမှာစဉ်းစားရင်း ထိုစာထဲမှ နောက်ထပ်စာပိုဒ်လေးတစ်ပိုဒ်ကို သတိရရေရွတ်မိပြန်သည်။
 
“အမှန်စင်စစ်ကား ပျက်စီးချိန်သည် အရေးမကြီး။ မပျက်စီးမီ မိမိတို့အစွမ်းကုန် အကျိုးဆောင်နိုင်သည်သာ အရေးကြီးပေသည်။”
 
စာပိုဒ်ဆုံးတော့ စာဆိုရှင်ကို သတိရသွားသည်။ ဆရာတင်မိုး။ ဟုတ်ပါသည်။ ဆရာတင်မိုး၏ စာ။ ဆရာ၏စာမှန်း သိလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်တော့်ပတ်ဝန်းကျင်ရှိ အပူရှိန်သည် ရုတ်ခြည်းထိုးဆင်းသွားသလို ခံစားလိုက်ရသည်။
 

 
ဇဂျမ်း၊ ကန်မြဲရွာလယ်လမ်း
 
ဖျာတစ်ချပ်သာသာ ထနောင်းပင်ရိပ်အောက်မှသည် ခြောက်တောကုန်းများအထက် မြင်တွေ့နေရသော တိမ်စိုင်တိမ်လိပ်များသည် ပြာ၊ နီ၊ ခရမ်း ရောစွက်ကာ အလှတရားပိုလာသည် ထင်မိသည်။ ဆရာ့စာကို သတိရ၍ ပျော်ရွှင်စိတ်ဖြစ်ပေါ်လာခြင်းထက် ကျွန်တော်သွားမည့်ရွာသည် ဆရာဇာတိရွာဖြစ်နေခြင်းကြောင့်ပင်။
 
ဇဂျမ်းရွာအဝင်လမ်းသည် ကျောက်ခင်းလမ်းလေးဖြစ်သည်။ လမ်းလေးတွင် လျှပ်စစ်မီးတိုင်များ တုံးလုံးပက်လက်အနေအထားဖြင့်တွေ့ခဲ့ရာ လျှပ်စစ်မီး မကြာမီရတော့မည့် အနေအထား ဖြစ်သည်။
 
“လျှပ်စစ်မီးရရှိရေးအတွက် လူကြီးလာမှာမလို့ ၃၉ ရွာက ရွာလူကြီးတွေ ခေါ်ထားတာ။ ဇဂျမ်းမှာက ရဲစခန်းတို့၊ ဆေးရုံတို့လို အစိုးရဌာနတွေပဲ ရသေးတာ”
 
ဇဂျမ်း၊ နန်းတည်၊ အင်းတဲ၊ နတ်စောင့်၊ ကန်မြဲ၊ သီးကုန်းစသည့် ကျေးရွာအုပ်စု များမှလာကြမည်ဖြစ်ကြောင်း သိရသည်။
 
ဇဂျမ်းနှင့်ကန်မြဲသည်တစ်ဆက်တည်း။ စာကြည့်တိုက်နှစ်ခုရှိသည်။ ကန်မြဲရွာမှ ပန်းရည်ဘဏ်တိုက်ဟု အမည်ပေးထားသော စာကြည့်တိုက်လေးတွင် ဆရာတင်မိုး နှင့် ဂီတစာဆို ကန်မြဲအေးကျော်တို့၏ ရုပ်တုများကို တွေ့ရသည်။
 

 
“ကန်မြဲကနေ ဦးအေးကျော်လည်း နိုင်ငံကျော်ရှိတယ်။ ဦးတင်မိုးလည်း နိုင်ငံကျော်ရှိတယ်။ ဒီလိုနေရာမှာ စာကြည့်တိုက်လေးတစ်ခု ထောင်သင့်တယ်လို့ ရွာခံတွေက ယူဆကြတယ်။ ဒီလိုနဲ့ မနှစ်ကရွာခံတွေရယ် မြို့ရောက်နေတဲ့သူတွေရယ် အဆောက်အအုံကတော့ ဒီရွာဇာတိမန္တလေးက ဦးအောင်ရွှေကလှူတယ်။ စာပေဟောပြောပွဲလည်းလုပ်တယ်။ ဆရာတင်မိုးရဲ့ညီမတစ်ယောက်  ရွာထဲမှာရှိပါတယ်။ ဆရာတင်မိုးက ရွာရောက်တဲ့အခါ ရွာကို ပတ်ကြည့်တယ်။ ကန်ကြည့်တယ်။ ဘင်ဂျို၊ တယောတို့ တေးဂီတဝိုင်းလေးနဲ့ နေတတ်တယ်ဗျ”ဟု ကန်မြဲရွာသား အသက် ၅၁ နှစ်အရွယ် ဦးချိုကြီးက ပြောသည်။
 
ယခင်က ကန်ရေကိုသာ အားထားခဲ့သော်လည်း ယခု စက်ရေတွင်းရေရနေပြီဟု ဦးချိုကြီးက ဆိုသည်။ တောင်သူလုပ်ငန်း အားထားသော ဇဂျမ်း၊ ကန်မြဲရွာလေးတွင် လူငယ်အများစုသည် မလေးရှား၊ ထိုင်းစသော ပြည်ပနိုင်ငံများသို့ ရရာအလုပ် သွားလုပ်နေကြသည်များရှိကြောင်း ကွန်ပျူတာ၊ မိတ္တူကူးဆိုင်လေးဖွင့်ထားသော လူငယ်တစ်ဦးက ဆိုသည်။
 
“ကျွန်တော်ကိုယ်တိုင် မလေးရှားမှာ ၁၀ နှစ်လောက် သွားလုပ်ခဲ့သေးတယ်။ အဲဒီတုန်းကတော့ မဆိုးပါဘူး။ ပညာတတ်လူငယ်တွေလည်း ရွာမှာပေါပါတယ်”ဟု အဆိုပါ လူငယ်လေးက ပြောသည်။
 
ကျွန်တော်ရွာမှပြန်ထွက်တော့ တောင်သူလုပ်ငန်းခွင်မှပြန်လာသော ရွာသူရွာသားများ ကိုတွေ့ရသည်။ ကလေးငယ်အချို့ တုံးလုံးလဲနေသော လျှပ်စစ်မီးတိုင်ကြီးများပေါ် တက်လိုက်ဆင်းလိုက် ဆော့ကစားနေသည်။
 

 
ငါ့သရောက်မြို့ ပုဂံသူရဲကောင်း ဗိုလ်ချိုရုပ်တုထားရှိရာ စေတီ
 
နယ်ခဲျ့ကို ဓားကိုင်ကာ မကြောက်မရွ့ံ့ တွန်းလှန်တိုက်ခိုက်ခဲ့သည့် ပုဂံသူရဲကောင်း ဗိုလ်ချို၏ရွာလေးသည် ယခုမြို့ တစ်မြို့အသွင်သို့ ဇွတ်အတင်း ကူးပြောင်းနေသည်ကို မြင်တွေ့ခဲ့ရသော ကျွန်တော်သည် ကလောင်ကိုင်ခဲ့သော ဆရာတင်မိုး၏ ရွာလေးကိုလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ မြန်နိုင်သမျှမြန်မြန် ဖြစ်ထွန်းစေချင်သည်မှာ  ကျွန်တော့်ဆန္ဒအမှန်ပင် ဖြစ်ပါတော့သည်။