ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ

ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ
Published 15 June 2015
မောင်တင်ဦး (မြောင်းမြ)

မြင်ကွင်းနှစ်ခု
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ရွေးချယ်တင်မြှောက်ပွဲမှာ မဲပေးနိုင်မယ့် မဲစာရင်းကို ယခုရက်ပိုင်းအတွင်းမှာ ကြေညာပေးတယ်။ တစ်ချိန်တည်း ဇွန် ၆ ရက်က တက္ကသိုလ်ဝင်တန်း အောင်စာရင်းကိုလည်း ကြေညာပေးတာ တွေ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကိုတော့ နံနက် ၆ နာရီ ကြေညာမှာ ဆိုပေမယ့် ည ၉ နာရီကတည်းက ကြေညာမယ့် ကျောင်းတွေမှာ လူတွေ၊ ကျောင်းသားတွေ၊ မိဘတွေနဲ့ စတင်စည်ကားနေတယ်။ နံနက် ၈ နာရီလောက် စာမေးပွဲအောင် စာရင်းကြေညာပေးတဲ့ ကျောင်းရှေ့ရောက်သွားတော့ ကျောင်းစောင့်နဲ့ တွေ့တယ်။ “ဘယ်လိုလဲ။ ညက တော်တော်ပင်ပန်းသွားလား” “ဆရာရယ်။ ဖိနပ်တွေ လိုက်ကောက်ရတာ မောနေတာပဲ။ ဟိုမှာကြည့်ပါလား။” ကျန်ခဲ့တဲ့ဖိနပ်တွေ သူပြတဲ့နေရာ လှမ်းကြည့်လိုက်တော့ ဖိနပ်ရောင်စုံ၊ တောင်လိုပုံနေတယ်။ ကိုယ့်ဖိနပ်ကိုယ်တောင် ဂရုမစိုက်နိုင်လောက်အောင် စိတ်ဝင်စားမှုက မြင့်တက်နေမှန်း သိသာစေတယ်။
ဒီလိုနဲ့ ၉ နာရီကျော်ကျော် လောက် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘက် ဆက်လျှောက်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးရုံးက ရုံးစာရေးက ရုံးရှေ့မှာ မတ်တတ်ရပ်။ ဆေးလိပ်သောက်နေတယ်။ “ဟာ၊ ဆရာပါလား။ လမ်းလျှောက်ထွက်လာတာလား။” “အေးကွ၊ ဒါနဲ့နေပါဦး။ မင်းတို့ရုံးမှာ မဲစာရင်းတွေ ကပ်ထားတယ် မဟုတ်လား” “ဟုတ်တယ် ဆရာ” “ဒါနဲ့ လူရှင်းနေပါလား။” “ဟုတ်တယ်။ လူတွေမဲစာရင်းကို လာမကြည့်ကြဘူး။ လေး ငါး ဆယ်ယောက်လောက်ပဲ ကြည့်သေးတယ်။ သိပ်စိတ်မဝင်စားကြပါဘူး။” ဘာဖြစ်လို့ ပြည်သူတွေ စိတ်မဝင်စားကြတာလဲ။ ပြည်သူတွေ စိတ်မဝင်စားခြင်းဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာလား။
 
တိုင်းပြည်အတွက် အရေးကြီးတယ်
ဖော်ပြပါ မြင်ကွင်းနှစ်ခုမှာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို နှိုင်းယှဉ်ကြည့်လိုက်ရင် အတော်ကွာခြားနေတာ တွေ့ရတယ်။ စင်စစ်အောင် စာရင်းရော မဲစာရင်းရော နှစ်ခုစလုံးဟာ တစ်နည်းနည်းနဲ့ မိမိဘဝတွေမှာ အရေးကြီးနေတယ်။ အောင်စာရင်းဟာ ကျောင်းသား တစ်ယောက်အတွက် အရေးကြီးသလို မဲစာရင်းက ပြည်သူတစ်ယောက်အတွက်၊ တိုင်းပြည်အတွက် အရေးကြီးနေတယ်။
အရေးကြီးပုံ မတူပေမယ့် အရေးကြီးတာချင်း အတူတူပဲ။ မဲဆန္ဒရှင်တွေက ဘာဖြစ်လို့ မဲစာရင်းမှာ ပါမပါ။ ပါရင်မှား၊ မမှား။ သိဖို့လိုတယ်။ နိုင်ငံ့အရေးကိစ္စကို ပြည်သူတွေဘာကြောင့် တက်တက်ကြွကြွ မကြည့်ရှု၊ မလေ့လာကြသလဲ။
မော်လမြိုင်မြို့တွင် မဲစာရင်းကြည့်ရှုရန် နှိုးဆော်ထားစဉ် (ဓာတ်ပုံ - မောင်မောင်ရွှေမြိုင်)
သတိပြုမိတဲ့အချက်က ပြည်သူတွေ နားလည်မှုရောထွေးနေတဲ့ ပုံရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ကို ခွဲခြားနားမလည်ဘူး။ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် ဆိုင်းဘုတ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းထဲမှာ ထောင်ထားတယ်။ ဒါဆိုကော်မရှင်နဲ့ အုပ်ချုပ်ရေးမှူးတို့က တစ်စုတည်းလား။ လူအတော်များများက ကိစ္စမရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မသွားချင်ဘူး။ ဒါက မြန်မာတွေရဲ့ အရိုးစွဲနေတဲ့ အလေ့အထ။ ရုံးပြင်ကနားဆို ကြောက်တတ်တဲ့စိတ်။ လူတော မတိုးတဲ့စိတ်။ ဒီအားနည်းချက် အချို့ကသိတယ်။ ဒီအားနည်းချက်ကို အသုံးချကြတယ်။
စင်စစ် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဆင့်ကဲဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်အဖွဲ့ခွဲ တစ်ခုဖြစ်တယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပုဒ်မ ၃၉၈ (က) ရဲ့ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးတာ ဖြစ်တယ်။ ပုဒ်မ ၃၉၉ (ခ) အရ လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း (ဂ)အရ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း (ဃ) အရ မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း စတဲ့တာဝန်တွေကို ကော်မရှင်က ထမ်းဆောင်ရမှာဖြစ်တယ်။
ခုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဆင့်ကဲထုတ်ပြန်လိုက်တဲ့ မဲစာရင်းဖြစ်တယ်။ မဲစာရင်းမှားတာ၊ မပါတာ၊ သေပြီးမဲစာရင်းမှာ ပါလာတာတွေဟာ ပုဒ်မ ၃၉၉ အရ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ရှင်းနေတယ်။
လတ်တလော မဲစာရင်းကြေညာတဲ့အခါ အစဉ်အဆက် နေထိုင်ခဲ့တဲ့ အိမ်ထောင်စုဝင်တွေမပါတာ တွေ့ရတယ်။ သန်းခေါင်စာရင်းထဲမှာ ဇနီးအမည်ပါပြီး ယောကျ်ားအမည် မပါဘူး။ ကြေညာတဲ့စာရင်းဟာ လမ်းအလိုက် မဟုတ်ဘူး။ အိမ်နံပါတ်အလိုက် မဟုတ်ဘူး။ မဲစာရင်းကြည့်သူအတွက် အလွယ်တကူ မဖြစ်အောင် လုပ်ထားသလို ဖြစ်နေတယ်။ လူတစ်ယောက်ရဲ့အမည်ကို တွေ့ရဖို့ ကပ်ထားတဲ့စာရွက်ကို အကုန်လိုက်ဖတ် နေရတယ်။ အပေါ်စာရွက်တွေကို မမီလို့ ကုလားထိုင်ပေါ်တက် မတ်တတ်ရပ်ဖတ်ရသူ ရှိသလို အောက်ဆုံးစာရွက်ကို ဖတ်ဖို့ ကုန်းကုန်းကွကွ လုပ်ရပြန်ရော။
ဒါ့ပြင် မပါလို့ လျှောက်ထားရမယ့် ပုံစံ(၃) က ကုန်နေတယ်။ နောက်တစ်နေ့မှ လာပါဆိုကာ မဲဆန္ဒရှင်တွေကို စိတ်ကသိကအောက် ဖြစ်စေတယ်။ ဒီနည်းဟာ ကြိုးနီစနစ်နည်းနဲ့ မဲပေးချင်စိတ်ကို သွယ်ဝိုက်ဟန့်တား လိုက်တာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်ပြည်ထောင်စု ရွေးကောက်ပွဲရဲ့ ပုံရိပ်ဟာ နောက်ဆုံးအခြေခံကျတဲ့ ရပ်ကွက်ကော်မရှင်ရဲ့ လုပ်ရပ်အပေါ် ထင်ဟပ်လာမှာဖြစ်တယ်။ ပြည်ထောင်စု အဆင့်မှာတော့ ကတိတွေပေး၊ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ သင်တန်းတွေပေး စတဲ့လုပ်ရပ်တွေဟာ အမှန်တကယ် စိတ်ရင်းနဲ့ လုပ်နေတာလား။ လူမြင်ကောင်းရုံ လုပ်နေတာလား။ မေးစရာဖြစ်လာတယ်။
 
လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်
ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ နိုင်ငံတော်သမ္မတရဲ့ ကွပ်ကဲအုပ်ချုပ်မှုအောက်မှာရှိတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံတော်သမ္မတက ခန့်ပေမယ့် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ဖို့ ကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ရပ်အဖြစ် လုပ်ပိုင်ခွင့်ရှိစေရမယ်။
ဒါကြောင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့အစည်းနဲ့ လုပ်ဆောင်ချက်လည်း မတူ။ တာဝန်ဝတ္တရားလည်း မတူဘူး။ ထို့အတူ ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မဖြစ်ရဘူး။ ဒါကိုမဲဆန္ဒရှင် ပြည်သူတွေ ခွဲခြားနားလည်း သိရှိသင့်တယ်။
မန္တလေးဒေသခံများ မဲစာရင်းတွင် အမည် ပါ၊ မပါ ကြည့်ရှုနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်နေစေတာက ရပ်ကွက်ကော်မရှင်ရုံးရဲ့ ဆိုင်းဘုတ်ဟာ ရပ်ကွက်အုပ်ချုပ်ရေး ရုံးဝင်းထဲမှာ စိုက်ထူထားတယ်။ ထို့အတူ ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌရဲ့အမည်နဲ့ အဖွဲ့ဝင်များရဲ့ အမည်များကို မြင်သာထင်သာဖြစ်အောင် ကြေညာမထားဘူး။ အချို့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဝင်းအတွင်းမှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်၊ ဓမ္မာရုံဆိုင်းဘုတ်၊ မီးသတ်တပ်ဖွဲ့ ဆိုင်းဘုတ်တွေပါ ထူထားတာကို တွေ့ရတယ်။ ဒီမိုကရေစီ ကျင့်သုံးမယ်ဆိုရင် ပုဂ္ဂလိကလုပ်ငန်း၊ လူမှုရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေနဲ့ အစိုးရလုပ်ငန်းတွေဟာ ကွဲကွဲပြားပြား လုပ်ရတော့မှာ ဖြစ်တယ်။ ပြည်သူတွေမျက်စိလည်အောင် မလုပ်သင့်သလို ပြည်သူတွေ အမြင်ရှင်းလာအောင် လုပ်ရတော့မယ်။
အဲဒါရဲ့ အကျိုးဆက်က ကော်မရှင်ဆိုတာလည်း အစိုးရပဲ။ ဒီအစိုးရပဲ ဆက်နိုင်အောင်လုပ်မှာပေါ့ ... ဆိုတဲ့ စိုးရိမ်မှုတွေဟာ ပြည်သူတွေရဲ့ ရင်ထဲမှာရှိနေတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ရုံးကို အစိုးရရုံးနဲ့ ကင်းလွတ်တဲ့ ပုဂ္ဂလိကအဆောက်အဦးတွေမှာ ပြောင်းရွှေ့ဖွင့်သင့်တယ်။ ကော်မရှင် လူကြီးမင်းများဟာ ပြည်သူတွေ လေးစားကြည်ညိုသူ ဖြစ်သင့်သလို ထိုလူကြီးမင်းများရဲ့ အမည်နဲ့တကွ ကိုယ်ရေးအကျဉ်းကို ထင်သာ မြင်သာ ချပြထားသင့်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၈ (ခ) (၄) မှာလည်း “သိက္ခာ၊ သမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်....” တဲ့။ ထို့အတူ ပုဒ်မ  ၃၉၈ (ခ) (၆) မှာလည်း “နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်” တဲ့။ ဒါတွေဟာ ပြည်သူရဲ့ ယုံကြည်မှုကို ယူရမယ့် အဖွဲ့အစည်း ဖြစ်တာကြောင့် ဒီလိုပုဒ်မတွေ ထည့်သွင်းပေးထားတာ ဖြစ်တယ်။ ဒိုင်လူကြီးနေရာမှာ နေရမယ့် လူပုဂ္ဂိုလ်တွေ ဖြစ်တာကြောင့် အဖွဲ့အစည်းစုံရဲ့ ယုံကြည်မှုကိုရော၊ ပြည်သူအားလုံး ယုံကြည်မှု သာမက ကမ္ဘာတစ်ဝန်းလုံးကပါ ယုံကြည်ခံရသူဖြစ်ဖို့ လိုအပ်တယ်။
 
ဒိုင်လူကြီးဖြစ်တယ်
ကော်မရှင် လူကြီးမင်းဆိုတာ ကြားနေသူ၊ သမာသမတ်ရှိသူ၊ အမှန်တရားကို လက်ကိုင်ထားသူ၊ မတရားပြုသူကို လိုအပ်သလို ဟန့်တားအရေးယူသူ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈ (ခ) (၄) မှာဖော်ပြခဲ့သလို သိက္ခာ၊ သမာဓိနှင့်ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူ စတဲ့ဂုဏ်တွေ ပြည့်စုံရမယ်။ ဘောလုံးပွဲလို ဥပမာပေးရရင် ဒိုင်လူကြီးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘောလုံးနှစ်သင်းကြားမှာ တရားမျှတတဲ့ ဆုံးဖြတ်ချက်ကို အမှန်တရားကလွဲပြီး ဘယ်သူ့ကိုမှ မငဲ့ကွက်ဘဲ ချမှတ်နိုင်သူဖြစ်ရမယ်။ ဟိုဘက်အသင်းရဲ့မျက်နှာ၊ ဒီဘက်အသင်းရဲ့ မျက်နှာငဲ့နေရရင် မျက်နှာလိုက်တဲ့ ဒိုင်လူကြီး ဖြစ်သွားမှာပဲ။ ဒီပွဲမှာ ဘယ်သူကဒိုင်လူကြီး တာဝန်ယူသလဲဆိုတာ ပရိသတ်ကို ကြိုတင်အသိပေး ထားရတယ်။ ဒိုင်လူကြီး အမည်သိရုံနဲ့ ဝါရင့်ပွဲကြည့်ပရိသတ်က မျှတတဲ့ ဒိုင်လူကြီး၊ ဘက်လိုက်တတ်တဲ့ ဒိုင်လူကြီးဆိုတာ ကြိုသိနေကြတယ်။
ခုတော့ဘောလုံးပွဲထက် ပိုအရေးကြီးတဲ့ ရွေးကောက်ပွဲကိစ္စမှာ ကော်မရှင်လူကြီးမင်းများရဲ့ အမည်၊ အရည်အချင်း၊ နေရပ်လိပ်စာ ဘာကိုမှ သာမန်ပြည်သူက သိခွင့်မရဘူး။ တိုင်စရာရှိ ဘယ်သူ့တိုင်ရမလဲ။ ပြောစရာရှိ၊ တင်ပြစရာရှိရင် ဘယ်သူပြောပြ၊ တင်ပြရမလဲ။ အဲဒီလူကြီးတွေက သမာသမတ်ရှိရဲ့လား။ ပြည်သူကို သစ္စာရှိရဲ့လား။ ဘာမှမသိရဘူး။
 
ပြည်သူကိုကိုယ်စားပြုရမယ်
အမှန်တကယ် စိတ်ရင်းသန့်သန့်ရှင်းရှင်းဖြင့် တိုင်းပြည်ကောင်းစားရေးအတွက် လူတော်လူကောင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးစေချင်တယ်ဆိုရင်။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပုဂ္ဂိုလ်၊ နိုင်ငံကောင်းစားရေးကို ကိုယ်ကျိုးမဖက်ဘဲ လုပ်နိုင်တဲ့ပုဂ္ဂိုလ်၊ ပြည်သူအများစုက လိုလားထောက်ခံသူကိုသာ နိုင်ငံတော်သမ္မတ ဖြစ်စေချင်တယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ဖို့လိုအပ်တယ်။ ထိုသို့သော ရွေးကောက်ပွဲ ဖြစ်စေချင်ရင်လည်း မဲပေးခွင့်ရှိတဲ့သူတိုင်း အခက်အခဲမရှိ မှန်မှန်ကန်ကန် အလွယ်တကူ မဲပေးနိုင်ဖို့၊ မဲပေးခွင့်ရဖို့၊ မဲစာရင်းကြေညာတာမှစပြီး မဲစာရင်း အတည်ပြုပြီးသည်အထိ မှန်မှန်ကန်ကန်ဖြစ်ဖို့၊ အလွယ်တကူဖြစ်ဖို့၊ မျှမျှတတဖြစ်ဖို့ လိုအပ်တယ်။
တမင်တကာ ရည်ရွယ်ချက်ရှိရှိ အဆင့်တိုင်းမှာ အခက်အခဲတွေ၊ ဖြေရှင်းရခက်ခဲအောင် လုပ်တာတွေ၊ ပြည်သူတွေ မကြိုက်တဲ့ ရုံးလုပ်ထုံးလုပ်နည်းတွေ၊ ကြိုးနီစနစ်တွေနဲ့ မဲပေးချင်စိတ်ကို ပိတ်ပင်သလိုဖြစ်စေတဲ့ လုပ်ရပ်တွေ ဖယ်ရှားပေးသင့်တယ်။ စိတ်လက်ချမ်းသာ ပြည်သူတစ်ဦးချင်း စိတ်ကြိုက်မဲပေးချင်သူကို လွတ်လွတ်လပ်လပ် စီစဉ်ဆောင်ရွက်ပေးတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဓိကတာဝန်ဖြစ်တယ်။ မှန်တာလုပ်တိုင်း ဘယ်သူ့ကိုမှ ဂရုမစိုက်သလို လုပ်လို့မရဘူး။ မိမိမှန်တာ လုပ်တာကို မိမိမှန်တာ လုပ်ကြောင်း အများပြည်သူကို လက်ခံအောင် သိသာထင်ရှားစွာ သက်သေပြနိုင်ရမယ်။ ဒီလိုရှင်းပြနိုင်တာဟာ အဆင့်မြင့် ယဉ်ကျေးမှုရှိခြင်းကို ပြသရာရောက်တယ်။ ပြည်သူများသာမက ပါဝင်ယှဉ်ပြိုင်မယ့် ပါတီများကပါ ယုံကြည်မှုရအောင် ကျင့်ကြံ၊ ပြောဆို၊ လုပ်ဆောင် ပြရမှာဖြစ်တယ်။ စင်စစ် ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ အနာဂတ်တိုင်းပြည်ကို ပုံရိပ်ကောင်း ပေါ်ပေါက်စေဖို့ ထုဆစ်ပေးတဲ့ ပန်းပုဆရာတစ်ယောက် ဖြစ်သလို၊ မှန်ကန်တဲ့ ပြိုင်ပွဲကောင်း တစ်ပွဲကို ထိန်းကျောင်းပေးတဲ့ ဒိုင်လူကြီးကောင်း တစ်ယောက်အဖြစ် စေတနာရှိရှိ ဆောင်ရွက်ပေးသင့်ပါကြောင်း . . .။
 
 
 
 
 
 
 

Most Read

Most Recent