ခွင့်ပြုချက်မဲ့ အဆောက်အအုံများနှင့် ပုဆိန်ဖြင့် ပေါက်နေသူများ

ခွင့်ပြုချက်မဲ့ အဆောက်အအုံများနှင့် ပုဆိန်ဖြင့် ပေါက်နေသူများ
Published 15 June 2015
သစ်ထွဋ်

ရန်ကုန်အိမ်ခြံမြေဈေးကွက် ယိမ်းယိုင်လာပြီးနောက် ရန်ကုန်မြို့က ကန်ထရိုက်စနစ်နဲ့ ဆောက်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်သွားပြီးခဲ့သလို ကန်ထရိုက်အချို့ဟာလည်း တိုက်ခန်းများကို ဆက်လက်ဆောက်လုပ်ခြင်းမရှိဘဲ ထွက်ပြေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
 
ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများမှာ ၂၀၁၃ ခုနှစ်ခန့်က စတင်ပြီး တွင်ကျယ်လာခဲ့တဲ့ အခန်းပေးအခန်းယူ ကန်ထရိုက်စနစ်ဖြင့် အထပ်မြင့်တိုက်များ ဆောက်လုပ်မှုများဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး အရောင်းအဝယ်အေးစက်သွားခဲ့တဲ့ အိမ်ခြံမြေဈေးကွက်နဲ့အတူ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့တာပါ။ လက်ရှိမှာ ရန်ကုန်မြို့ဆင်ခြေဖုံးဒေသတွေမှာ ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတချို့ လုံးဝရပ်တန့်သွားခဲ့ပြီး ကန်ထရိုက်အချို့ဟာ ပြီးစီးအောင်ဆက်မဆောက်တော့ဘဲ ထွက်ပြေးမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။  တိုက်များကို ပြီးစီးအောင် ဆောက်လုပ်ခြင်းမရှိဘဲ ကန်ထရိုက်ထွက်ပြေးမှုဖြစ်စဉ်များဟာ သင်္ဃန်းကျွန်း၊ လှိုင် စတဲ့ မြို့နယ်များမှာ အများဆုံးဖြစ်ပေါ်နေပြီး အဲဒီကန်ထရိုက်တွေကို တရားစွဲဆိုမှာဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက မီဒီယာကို ပြောကြားခဲ့ပါတယ်။ ထွက်ပြေးတဲ့ ကန်ထရိုက်အများစုဟာ လိုင်စင်မဲ့ကန်ထရိုက်များဖြစ်ပြီး ထွက်ပြေးနေသည့်ဖြစ်စဉ် ၂၀၊ ၃၀ ခန့်ရှိနေပြီး  မြေရှင်များက အသနားခံစာများ  တင်ပြလာတယ်လို့လည်း စည်ပင်တာဝန်ရှိသူများက ပြောကြားထားခဲ့ပါတယ်။
 
ခွင့်ပြုချက်မဲ့
 
တကယ်တော့ အခုလိုထွက်ပြေးတဲ့ ကန်ထရိုက်များဟာ ခွင့်ပြု ချက်မဲ့အဆောက်အအုံများနဲ့ ဆက်စပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ရန်ကုန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာ အခန်းပေး အခန်းယူ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်တဲ့လုပ်ငန်းများ ခေတ်စားလာပြီးနောက် ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းမှာ အခြားနယ်ပယ်က ဝင်ရောက်လုပ်ကိုင်သူများ ပြားလာခဲ့ပါတယ်။ တိုက်ခန်းအရောင်းအဝယ်များ ဖြစ်ထွန်းလာခဲ့တာကြောင့် တစ်ပိုင်တစ်နိုင် ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းငယ်များ အလျှိုလျှိုပေါ်ထွက်လာခဲ့ပြီး ကန်ထရိုက် လိုင်စင်မရှိဘဲ ဝင်ရောက်လုပ်ကိုင်သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ တိုက်ခန်းဈေးကွက် ကောင်းမွန်နေတာကြောင့် ဆင်ခြေဖုံးဒေသတွေမှာ တိုက်ခန်းတွေ ပေါပေါများများ ဆောက်လုပ်လာကြပါတယ်။ ဆောက်လုပ်တဲ့နေရာမှာတော့ ခွင့်ပြုချက်နဲ့  ဆောက်လုပ်တဲ့ အဆောက်အအုံတွေပါသလို ထောင်နဲ့ချီတဲ့ ခွင့်ပြုချက်မဲ့ အဆောက်အဦများလည်း နေရာအနှံမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုချက်မဲ့အဆောက်အအုံတွေကိုတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ အများဆုံးတွေ့ရပြီး လှိုင်၊ မရမ်းကုန်းနဲ့ အင်းစိန်မြို့နယ်တွေမှာလည်း ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
 
ထောင်ချီတဲ့ တရားစွဲဆိုမှုများ
 
သိရသလောက် ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်တဲ့ ကန်ထရိုက်အချို့ဟာ မြေရှင်များကို ဆွဲဆောင်စည်းရုံးပြီး တည်ဆောက်လေ့ရှိတာ သိရပါတယ်။ သက်ဆိုင်ရာကို ဆောက်လုပ်ခွင့် ခွင့်ပြုချက် လျှောက်နေတုန်း ကြိုပြီး ဆောက်လုပ်လို့ရကြောင်း ဆွဲဆောင်စည်းရုံးကြသလို မြင့်တက်လာနေတဲ့ တိုက်ခန်းဈေးနှုန်းများကို မက်လုံးပေးပြီး မြေရှင်တွေကို ဆွဲဆောင်လေ့ရှိကြပါတယ်။ အဲဒီနောက်မှာတော့ ဌာနဆိုင်ရာလုပ်ငန်းတွေနဲ့ အကျွမ်းတဝင်မရှိသူ မြေရှင်အများစုဟာ ကန်ထရိုက်စကားနားယောင်ပြီး ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေကို ဆောက်လုပ်မိကြတာ ဖြစ်ပါတယ်။ တချို့က ခွင့်ပြုချက်လုံးဝမတင်ဘဲ ဆောက်တာတွေရှိသလို တချို့ကဌာနကို ခွင့် ပြုချက်တင်ထားပေမယ့် ခွင့်ပြုချက်မကျခင်မှာ ကြိုဆောက်တာမျိုးရှိ သလို ခွင့်ပြုထားတဲ့ အထပ်အမြင့်ထက်ပိုပြီး ဆောက်လုပ်ကြတာတွေ လည်းရှိခဲ့ပါတယ်။ ခွင့်ပြုချက်မဲ့အဆောက်အအုံတွေကို အများအပြား ဆောက်လုပ်လာကြပြီး နောက်ပိုင်းမှာတော့ ဒဏ်ကြေးပေးဆောင်ပြီး ဆောက်လုပ်တာတွေကလည်း ခေတ်စားလာခဲ့ပါတယ်။ တစ်ရက်ဒဏ်ကြေး ကျပ်သောင်းဂဏန်းပေးပြီး ဆောက်လုပ်မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ကြေးကို တိုးမြှင့်ခဲ့သလို ခွင့်ပြု ချက်မဲ့ဆောက်လုပ်မှုတွေကို တရားစွဲဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း မီဒီယာတွေမှာ ဖော်ပြချက်အတွေအရ  ဒီလိုတရားစွဲဆိုတဲ့အမှုတွေဟာ ၂၀၀၀ ကျော်ရှိနေပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ အမှုပေါင်း ၅၀၀ ကျော်၊ လှိုင်မြို့နယ်မှာ ၃၀၀ ကျော်၊ မရမ်းကုန်းမြို့နယ်မှာ ၃၀၀ နီးပါးနဲ့ အင်းစိန်မြို့နယ်မှာတော့ ၁၀၀ ကျော်အထိရှိခဲ့ပါတယ်။ ဒီလို တရားစွဲဆိုခံရသူတွေ အများစုမှာတော့ မြေရှင်တွေဟာ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုမှုတွေအပြင် ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေကို ဖြိုဖျက်တဲ့အထိ အရေးယူဆောက်ရွက်မှုတွေလည်း နောက်ပိုင်းမှာ ရှိလာခဲ့ပါတယ်။
 
အခက်တွေ့သူများ
 
ခွင့်ပြုချက်မဲ့အဆောက်အဦတွေကို အရေးယူမှုတွေမှာ အဓိက အခက်ကြုံရတာက မြေရှင်တွေပဲဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း ရဲ့ သဘောသဘာဝကို မသိဘဲ ကန်ထရိုက်ရဲ့ ဆွဲဆောင်မှုနဲ့ အခန်းပေး အခန်းယူစနစ်က ပြန်ရမယ့် အကျိုးအမြတ် မက်လုံးကိုမျှော်ကိုးပြီး ခွင့်ပြုချက် အဆောက်အအုံဆောက်လုပ်ခဲ့တဲ့နောက် တရားစွဲဆိုခံရသူတွေက မြေရှင်တွေပဲ ဖြစ်ပါတယ်။ ခွင့်ပြု ချက်မဲ့ဆောက်တဲ့ ကန်ထရိုက်တွေကတော့ အရေးယူခံရတဲ့ ကင်းလွတ်မှုရနေပြီးနောက်ပိုင်းမှာတော့ ကန်ထရိုက်တွေကိုပါ တရားစွဲဆိုသွားမယ်လို့ သက်ဆိုင်ရာက ပြောကြားခဲ့ပေမယ့် ကန်ထရိုက်များထက် မြေရှင်တွေသာ အရေးယူမှုတွေ တိုးပွားနေတာဖြစ်ပါတယ်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်တဲ့ ကန်ထရိုက်အများစုမှာ လိုင်စင်မဲ့ကန်ထရိုက်များဖြစ်နေပြီး အချို့မှာလည်း ကန်ထရိုက်လိုင်စင်ကို ငှားရမ်းလုပ်ကိုင်ခဲ့ဖွယ်ရှိခဲ့တာကြောင့် ယင်းတို့ရဲ့ လိပ်စာတွေဟာ စုံစမ်းရခက်ခဲနေတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အိမ်၊ ခြံ၊ မြေဈေးကွက် ရပ်တန့်သွားတဲ့နောက်မှာတော့ ကန်ထရိုက်တွေဟာ တိုက်တွေကို ပြီးစီးအောင် မဆောက်လုပ်တော့ဘဲ ထွက်ပြေးကြတာကြောင့် မြေရှင်တွေအပြင် တိုက်ခန်းကို ကြိုပွိုင့်နဲ့ ဝယ်ထားမိသူတွေပါ အခက်တွေ့နေကြရတာ ဖြစ်ပါ တယ်။
 
ပုဆိန်နဲ့ ပေါက်
 
ဒီနေရာမှာ ထောင်နဲ့ချီတဲ့ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ စပြီး ဆောက်လုပ်စဉ်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကအစပြုပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေ အထူးသဖြင့် မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေ မသိကြဘူးလားဆိုတာ မေးစရာရှိလာပါတယ်။မိမိအိမ်ကို အနည်းငယ်ပြင်မယ်ဆိုရင်တောင် စည်ပင်ခွင့်ပြုချက် ရယူခိုင်းတတ်တဲ့ ရပ်ကွက်တွေအနှံ့ သွားလာနေတဲ့ စည်ပင်ဝန်ထမ်းတွေက ခွင့်ပြုချက်မရှိတဲ့ အထပ်မြင့်အဆောက်အအုံကြီးတွေကို ပေါ်ပေါ်ထင်ထင် ဆောက်နေကြတာကို မတွေ့ခဲ့ကြဘူးလားဆိုတာလည်း မေးခွန်းထုတ်စရာကောင်းလှပါတယ်။ အထပ်မြင့် အဆောက်အအုံဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းတွေ တူးခြင်းကအစပြုလို့ အထပ်မြင့်တွေ တစ်ထပ်ပြီး တစ်ထပ်ဆောက်လုပ်နေစဉ်အတွင်းမှာ ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်နေတာကို တားမြစ်နိုင်ခြင်းမရှိဘဲ အထပ်မြင့်အဆင့်ဆင့်ရောက်မှ တရားစွဲခြင်း၊ ဒဏ်ရိုက်ခြင်းတွေ လုပ်နေတာတွေဟာလည်း အပ်နဲ့ထွင်းလို့ရတဲ့အရာကို ပုဆိန်နဲ့ ပေါက်နေရသလို ဖြစ်နေပါတယ်။ ခွင့်ပြုချက်မရှိတဲ့ အဆောက်အအုံတွေ စဆောက်စဉ်ကတည်းက ကြပ်မတ်ဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီနေ့ကြုံတွေ့ရတဲ့ နောက်ဆက်တွဲပြဿနာများစွာကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ တရားရင်ဆိုင်နေရသူတွေ၊ တိုက်တွေဖြိုဖျက်ခံရသူတွေ၊ ကြို ပွိုင့်နဲ့ တိုက်ခန်းဝယ်ထားမိသူတွေဟာ ခွင့်ပြုချက်မဲ့ အဆောက်အအုံပြဿနာများနဲ့ လူမှုဘဝဒုက္ခတွေကို ကြုံတွေ့နေကြရပေမယ့် ထွက်ပြေးသွားကြတဲ့ ကန်ထရိုက်တွေကတော့ အဲဒီဒုက္ခများက လွှတ်မြောက်နေကြဆဲ ဖြစ်ပါတယ်။ သိရသလောက် အချို့ကန်ထရိုက်အချို့က ယင်းတို့ရဖို့ရှိတဲ့ တိုက်ခန်းတွေအားလုံးကို ကြို ပွိုင့်စနစ်ဖြင့် ရောင်းချပြီး ရောင်းရငွေတွေကို ပိုက်ပြီး တိုက်ခန်းတွေပြီးဆုံးအောင် မဆောက်ဘဲ ထွက်ပြေးကြလို့ အခက်ကြုံနေရသူတွေ အများကြီးရှိနေပါတယ်။ လိုင်စင်မဲ့ ကန်ထရိုက်တွေနဲ့ပတ်သက်ပြီး စည်ပင်အဆောက်အအုံဌာနက တာဝန်ရှိသူတွေကတော့ လိုင်စင်မဲ့ကန်ထရိုက်တွေဟာ ဌာနက လိုင်စင်ထုတ်ပေးမထားတော့ တရားစွဲဆိုဖို့ စုံစမ်းရတာ ခက်ခဲကြောင်းနဲ့ လိုင်စင်ရှိတဲ့ ကန်ထရိုက်က ထွက်ပြေးတယ်ဆိုရင် အဲဒီကန်ထရိုက်ကို အမည်ပျက်စာရင်းသွင်းမှာ ဖြစ်တယ်လို့ မီဒီယာကို ပြောကြားထားခဲ့ပါတယ်။
 
၂၀၁၄ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ သန်းကျော်ရှိပြီး မြို့ပြဒေသများမှာ အိမ်ထောင်စု ၆၆ ရာခိုင်နှုန်းခန့်မှာ အိမ်ရာပိုင်ဆိုင်ကြပြီး ရာခိုင်နှုန်း ၂၀ မှာ အငှားနေထိုင်သူများဖြစ်ကာ ခုနစ်ရာခိုင်နှုန်းမှာ အစိုးရအိမ်များတွင် နေထိုင်ကြသူများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရန်ကုန်မှာတော့ နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၅ ဒသမ ၂ သန်းကျော် နေထိုင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် နယ်ဒေသတွေကနေ စီးပွားရေးအခွင့်အလမ်းရှိတဲ့ ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်မှုတွေဟာလည်း မြင့်တက်နေပါတယ်။ ဒီအတွက် ရန်ကုန်မြို့မှာ နေထိုင်ရေးအတွက် နေအိမ်တိုက်ခန်း လိုအပ်ချက်တွေဟာ မြင့်တက်နေပါတယ်။ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသစ်တွေဟာလည်း အမြဲရှိနေမှာဖြစ်ပါတယ်။အရေးကြီးတာက ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်မှုတွေကို ဘယ်လိုစနစ်ကျအောင် ထိန်းသိမ်းမလဲဆိုတာက အရေးကြီးပါတယ်။ အဓိကပြဿနာတွေဖြစ်မလာအောင် ကြိုတင်ထိန်းသိမ်းဖို့က အရေးကြီးလှပါတယ်။ ဖြစ်လာမှဖြေရှင်းတာထက် ကြိုတင်ကာကွယ်နိုင်ခြင်းက ဘေးထွက်ဆိုးကျိုးတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းအများအပြား လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးကန်ထရိုက်လိုင်စင်ရှိ ကုမ္ပဏီကြီးတစ်ခုမှ ပိုင်ရှင်ကို လိမ်လည်မှုများစွာနဲ့ တရားစွဲဆိုခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဒီအတွက် ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ဆောက်လိုက်၊ အခြေအနေမဟန်တော့ ထွက်ပြေးလိုက် လုပ်နေတဲ့ ဆောက်လုပ်ရေးကန်ထရိုက်တွေကို ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့လိုသလို ဆောက်လုပ်ရေးကန်ထရိုက်တွေနဲ့ပတ်သက်ပြီး  တိကျထိရောက်တဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ၊ ဥပဒေတွေကို ချမှတ်ရေးဆွဲပြီး စနစ်တကျဆောင်ရွက်ဖို့ လိုပါတယ်။ သို့မှသာ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စီးပွားရေးကျင့်ဝတ်တွေနဲ့အညီ မဆောင်ရွက်ကြတဲ့သူတွေကို အရေးယူနိုင်မှာ ဖြစ်ပါကြောင်း ကန်ထရိုက်ထွက်ပြေးလို့ ဒုက္ခရောက်နေသူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။

Most Read

Most Recent