ရွေးချယ်မှုလေးများ မမှားစေလို

ရွေးချယ်မှုလေးများ မမှားစေလို
Published 14 June 2015
သဲသီရိကျော်

ကျောင်းသားကျောင်းသူတစ်ယောက်ရဲ့ ရှေ့ဆက်လျှောက်မယ့် အနာဂတ်မှာ ကိုယ့်ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော် လုပ်ကိုင်လျှောက်လှမ်းခွင့်ရနိုင်မယ့် အခွင့်အလမ်းတွေထဲက တစ်ခုဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေလည်း ထွက်ရှိခဲ့ပြီးပါပြီ။
 
တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၅ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ  ၅၉၇၉၄၆ ဦး ရှိတဲ့အနက် ၂၂၄၇၄၈ ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၆၀ အထိ ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 
ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်တဲ့သူတွေလည်းများခဲ့သလို ၂၀၁၅ ခုနှစ်အတွက် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ခြောက်ဘာသာဂုဏ်ထူးရှင် ၈၂၉ ဦးအထိ ထွက်ပေါ်လာခဲ့တာကလည်း အထူးပဲဝမ်းမြောက်စရာကောင်းလှတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။
 
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသားဘဝမှာ တကယ်ပဲ ကျောင်းစာတွေကို အခြေခံကျကျ လေ့လာကျေညက်မှု ရှိ မရှိ၊ တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသားဘဝမှာ တကယ်ပဲ ကိုယ်ဘယ်လောက်အတိုင်းအတာထိ စာကြိုးစားခဲ့သလဲ ဆိုတာရဲ့အဆုံးအဖြတ်တစ်ခုကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းက ဆုံးဖြတ်ပေးခဲ့ပြီးပါပြီ။အောင်စာရင်းထွက်လာမှ ကိုယ်ရည်မှန်းထားတဲ့အတိုင်း ဖြစ်မလာလို့ ငိုတဲ့သူက ငို၊ ကိုယ့်ကြိုးစားမှုအတိုင်း အရာထင်လာခဲ့လို့ ပျော်သူတွေက ပျော်။ တကယ်တော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု အတိုင်းအတာအရ ကိုယ်ပြန်ရရှိခဲ့တာပါပဲ။ ဒီအောင်စာရင်းကနေ ရရှိလာတဲ့ အမှတ်စာရင်းကနေမှ တစ်ဆင့် ကိုယ့်ဝါသနာ၊ ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့  ပညာရပ်တစ်ခုကို ထပ်မံသင်ယူခွင့် ရရှိမှာလည်း ဖြစ်တာကြောင့် အခုလို အောင်စာရင်းရမှတ်တွေကို သိရှိပြီးချိန်မှာ ကိုယ်သွားမယ့်လမ်းကြောင်းတစ်ခုကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိတဲ့သူ တစ်ယောက်က အခုမှ ဆေးအမှတ်မမီလို့ ထိုင်ငိုနေလည်း ဘာမှထူးတော့မှာ မဟုတ်ပါဘူး။ အစကတည်းက ဆေးကျောင်းတက်ချင်တဲ့သူက ဆေးကျောင်းအမှတ်မီအောင် အစွမ်းကုန်ကြိုးစားခဲ့ရမှာပါ။ ကိုယ့်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေ ရှိခဲ့လို့ ရလဒ်တစ်ခု ထွက်လာချိန်မှ ကိုယ်မျှော်မှန်းသလို မဖြစ်လာတာကို နောင်တရနေမယ့်အစား ကိုယ်ရတဲ့အမှတ်စာရင်းနဲ့ ကိုယ့်ရဲ့ နောက်ထပ် စိတ်ဝင်စားတဲ့ပညာရပ်ကို မှန်ကန်စွာ ရွေးချယ်တက်ရောက်နိုင်ဖို့ လိုပါတယ်။
 
သူငယ်ချင်းအပေါင်းအသင်းတွေတက်တဲ့ တက္ကသိုလ်ကို လိုက်တက်မယ်ဆိုတာမျိုး၊ မိဘက တက်ခိုင်းတဲ့ တက္ကသိုလ်ကို တက်မယ်ဆိုတာမျိုးထက် ကိုယ် တကယ်စိတ်ဝင်စားတဲ့ တက္ကသိုလ်ကိုတက်ပြီး ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်မှပဲ အောင်မြင်ပျော်ရွှင်တဲ့ဘဝလမ်းကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အမှတ်စာရင်းတွေ ထွက်လာချိန်မှာ ကိုယ့်ရဲ့အမှတ်က အရမ်းကိုမြင့်နေတယ်ဆိုပြီး မိဘတွေ က ဆရာဝန်ဖြစ်စေချင်လို့၊ အင်ဂျင်နီယာဖြစ်စေချင်လို့ဆိုတာမျိုး၊ အမှတ်ကောင်းတာပဲ ရေကြောင်းတက္ကသိုလ် တက်လိုက်ပါလားဆိုတာမျိုး စသဖြင့် ပြောလာတဲ့အခါ  ကိုယ်က အဲ့ဒီအလုပ်တွေကို နည်းနည်းလေးမှ စိတ်ဝင်စားမှုမရှိဘဲ မိဘရဲ့ တိုက်တွန်းမှုကြောင့်သက်သက် လက်ခံတက်ရောက်ခဲ့မယ်ဆိုရင် ကိုယ့်အနာဂတ်မှာ ပြ ဿနာရှိလာနိုင်ပါတယ်။ စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်ပြီးတဲ့အချိန်မှာ သူ့အမှတ်က ဆေးကျောင်းတက်ဖို့မီနေသလို သူ့မိဘတွေကလည်း ဆေးကျောင်းတက်ဖို့ကိုသာ တိုက်တွန်းနေတဲ့အတွက် သူတကယ် စိတ်မဝင်စားပါဘဲ ဆေးကျောင်းတက်ခဲ့ပါတယ်။သူ့ရဲ့ရည်မှန်းချက်အစစ်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မိဘတွေကလည်း ဆရာဝန်အလုပ်ကိုပဲ လုပ်ဖို့ ဖိအားပေး တိုက်တွန်းနေတော့ နောက်ဆုံးမိဘတွေ စိတ်တိုင်းကျပဲနေဖို့ သူဆုံးဖြတ်ခဲ့တယ်။ဆေးကျောင်း က စာတွေက သူ့ကို အပြင်က တခြားစီးပွားရေးဘာသာရပ်တွေကို လေ့လာဖို့ အချိန်မပေးနိုင်လောက်အောင် ဖိစီးခဲ့ပါတယ်။သူ စိတ်မဝင်စားတဲ့ ဘာသာရပ်တွေကို သင်ယူနေရတဲ့အတွက် နေ့စဉ် တက္ကသိုလ်သွားရတာကိုတောင် သူ အရမ်းစိတ်ပျက်တယ်လို့ ဆိုပါတယ်။နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး သူ ဆေးကျောင်း ဒုတိယနှစ်မှာပဲ ကျောင်းထွက်ခဲ့တယ်။ 
 
ဘာပဲဖြစ်ဖြစ် ဆေးကျောင်းတက်နေတဲ့အချိန်မှာ သူ့ရဲ့ ကျောင်းတက်စရိတ် ကုန်ကျငွေကြေး၊ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို မလုပ်ရတဲ့ လူတစ်ယောက်ရဲ့ စိတ်ပင်ပန်းမှု၊ သင်ယူနေတဲ့ ဘာသာရပ်အပေါ် အမှန်တကယ် စိတ်ဝင်စား မှုမရှိဘဲ ကုန်ဆုံးသွားတဲ့သူ့ရဲ့ အချိန်တွေအတွက်တော့ သူ အရမ်းနှမြောတယ်လို့ ပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာ  သူ တကယ်စိတ်ဝင်စားတဲ့ စီးပွားရေးဘာသာရပ်ကို ပြန်ပြောင်းလဲ တက်ရောက်ခဲ့တယ်။ စီးပွားရေးဆိုင်ရာ ပြင်ပသင်တန်းတွေကိုလည်း အချိန်ပေး တက်ရောက်လေ့လာခဲ့တယ်။   
သူ  စိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်တဲ့အတွက် အချိန်တွေ ဘယ်လောက်ပေးရပေးရ သူက ပင်ပန်းတယ် မထင်ခဲ့ဘူး။အခုဆိုရင် သူက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးစီးပြီး လုပ်နေပါပြီ။ သူ့ကို တွေ့လိုက်ရင် သူ့အလုပ်ထဲမှာ အာရုံဝင်စားပြီး အလုပ်တွေများနေပေမယ့် အမြဲလန်းဆန်း တက်ကြွပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူ့မိဘတွေ သူစိတ်ဝင်စားတဲ့ဘာသာရပ်ကို သင်ယူပြီး သူလုပ်ချင်တဲ့ အလုပ်တွေကို အောင်မြင်အောင်လုပ်နေတဲ့ သမီးဖြစ်သူ ပုံစံကိုကြည့်ပြီး “ သမီးအငယ်လေး အလှည့်ရောက်ရင်တော့ အန်တီတို့ ကိုယ်ဖြစ်ချင်တာထက် သူ တကယ်စိတ်ဝင်စားပြီး ဝါသနာပါတာကိုပဲ ရွေးချယ်ခိုင်းတော့မယ်။သမီးကြီးကို အစကတည်းက သူဝါသနာပါတာကိုပဲ တက်ခိုင်းခဲ့ရင် အခုဆို ဒီစီးပွားရေးအလုပ်မှာ ဒီထက်ပိုအောင်မြင်နေမှာ။ သူလည်း စိတ်ချမ်းသာနေမှာလေ”လို့ စာရေးသူ သူတို့ အိမ်ကို အလည်သွားတုန်းက ပြောပြခဲ့တယ်။
 
ကိုယ်က တကယ်ပဲ ဆရာဝန်အလုပ်ကို စိတ်ဝင်စားတဲ့သူမို့လို့ ဆေးကျောင်းကို ရွေးချယ်တက်ရောက်တာ  ကောင်းပါတယ်။ ဒါပေမဲ့ အမှတ်တွေ ကောင်းနေတိုင်း ကိုယ်တကယ် စိတ်မဝင်စားဘဲ အများအမြင်မှာ ချီးကျူးခံချင်ရုံသက်သက်၊ မိဘတိုက်တွန်းမှု သက်သက်၊ အပေါင်းအသင်းတွေတက်တာကို လိုက်တက်ချင်စိတ်သက်သက်နဲ့တော့ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ ရွေးချယ်မှုတစ်ခုကို ခပ်ပေါ့ပေါ့လေး မဆုံးဖြတ်လိုက်ဖို့ အကြံပြုချင်ပါတယ်။ ဘဝမှာ ကိုယ်တိုင်သေချာ စဉ်းစားဆုံးဖြတ် ရွေးချယ်ရမယ့်အရာတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ ကိုယ့်ဝါသနာ ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုမှာ အောင်မြင်ပျော်ရွှင်စွာလုပ်နိုင်ဖို့အတွက် အရေးကြီးတဲ့ ပထမဆုံးအဆင့် ရွေးချယ်မှုတစ်ခုမှာ မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.....။