အဖော်မဲ့သွားတဲ့အခါ

အဖော်မဲ့သွားတဲ့အခါ
Published 25 April 2015
ညီအောင်ညီ

“လောကကြီးဟာ နှစ်ယောက်ရှိမှ ပျော်စရာကောင်းသတဲ့”။ ကျွန်တော် ငယ်ငယ်ကတည်းက  အဲဒီအဆိုကို ကြားခဲ့ဖူးတယ်။ ဆရာတစ်ယောက်က စာသင်ရင်းနဲ့ ထည့်ပြောသွားခဲ့တဲ့ အဆိုလေးပါ။ ဟုတ်ပါတယ်။ အမြွှာပူးတွေကလွဲရင် လူတော်တော်များများဟာ တစ်ယောက်တည်း လောကကို ခြေစချခဲ့ကြတာပါ။ တစ်ယောက်တည်း ကြာကြာမနေနိုင်တဲ့ ကျွန်တော်တို့တွေ အဖော်မိတ်ဆွေ၊ အပေါင်းအသင်း ရှာချင်လာကြပါတယ်။
 
ကစားဖော်၊ ကျောင်းသွားဖော်၊ အတူသွား၊ အတူစားဖော်၊ အလုပ်လုပ်ဖော်၊ အလုပ်သွားဖော်၊ ဘုရားတန်ဆောင်း ကျောင်းကန်သွားဖော်၊ လက်တွဲဖော်၊ တိုင်ပင်ဖော် စသည်ဖြင့် အဖော်တွေများစွာကို ကျွန်တော်တို့ နားလည်တတ်သည့် အချိန်ကစပြီး ရှာဖွေတတ်ခဲ့ကြပါတယ်။ 
ရှာဖွေခဲ့တဲ့အတိုင်း စိတ်သဘောထား တူညီတဲ့အဖော်တွေ၊ စိတ်သဘောထား မတိုက်ဆိုင်တတ်တဲ့ အဖော်တွေ အရောင်အသွေး မတူညီခဲ့မှုတွေ စသည်ဖြင့် ခြားနားမှုတွေကိုလည်း ရရှိခဲ့ပါတယ်။
 
ရရှိခဲ့တဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ကျွန်တော်တို့တွေ ပျော်ခဲ့ကြတယ်။ ပျော်ရွှင်မှုတွေ ရှာခဲ့ကြတယ်။ အားရကျေနပ်စရာတွေ ရှိခဲ့သလို စိတ်ပျက် စိတ်ရှုပ်စရာတွေလည်း ရှိခဲ့ကြပါတယ်။ လောကကြီး ဟာ နှစ်ယောက်ရှိမှ ပျော်စရာကောင်းတယ်ဆိုတဲ့ အဆိုထက် ကျွန်တော်တို့က နှစ်ယောက်ထက်ပိုပြီး အပေါင်းအဖော်တွေ ရှာခဲ့၊ မိတ်ဆွေဖွဲ့ခဲ့ကြတဲ့အတွက် ဘဝရဲ့ အချိန်တော်တော်များများဟာ ပျင်းစရာမကောင်းခဲ့ဘူးလို့ ပြောရမှာပါပဲ။
 
လောကဓံ ရှစ်ပါးထဲမှာ အခြံအရံများခြင်း၊ အပေါင်းအသင်းမိတ်ဆွေများခြင်း “ယသ” လောကဓံဆိုတဲ့ အကောင်းလောကဓံနဲ့ တွေ့ဆုံနေရချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ရေးရာဟာ အနုတ်လက္ခဏာ မပြခဲ့ကြပေမယ့် “ဘယသ” အခြံအရံမဲ့သွားတဲ့အခါ အဖော်မဲ့ အထီးကျန်သွားတဲ့အခါ “အယသ”အခြံအရံမဲ့တဲ့ အဆိုးလောကဓံနဲ့ တွေ့ကြုံလိုက်တဲ့အခါမှာတော့ လူတော်တော်များများဟာ တုန်လှုပ်ချောက်ချားသွားတတ်ကြသလို မနေနိုင်မထိုင်နိုင် ဖြစ်ရလောက်အောင်လည်း စိတ်ဓာတ်တွေ ယိမ်းယိုင်လှုပ်ရှားတာတွေ ဖြစ်တတ်ပါတယ်။
 
လူသားအချင်းချင်း မဆိုထားနဲ့ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေနဲ့ မတွေ့ရတော့ရင်တောင် ဟာတာတာဖြစ်တတ်ကြတာပါပဲ။ အဲဒီတော့ ကျွန်တော်တို့ လောကီလူသားတွေဟာ “အဖော်မင်”တတ်ကြပါတယ်။ အဖော်မိတ်ဆွေတွေကြောင့် ရရှိခဲ့တဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို လိုလားနှစ်သက်တတ်ကြပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မစဉ်းစားခဲ့တာ တစ်ခုရှိပါတယ်။ “အဖော်မဲ့သွားတဲ့အခါ” ဘယ်လိုပြင်ဆင်နေထိုင်ကြမလဲဆိုတာပါပဲ။
 
အဖော်မဲ့ အထီးကျန်တယ်ဆိုတာကလည်း ကိုယ်က စွန့်ခွာမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ စွန့်ခွာခဲ့လို့ အဖော်မဲ့အထီးကျန်ခဲ့တာရှိသလို အကြောင်းတစ်ခုခုကြောင့် ဒါမှမဟုတ် အကြောင်းမရှိဘဲနဲ့ တစ်ဖက်မိတ်ဆွေ၊ ချစ်သူရည်းစား၊ အပေါင်းအဖော် မိတ်ဆွေတွေက စွန့်ခွာသွားခဲ့လို့ အဖော်မဲ့ အထီးကျန်တာဆိုပြီး အဖော်မဲ့ခြင်းနှစ်မျိုးရှိတတ်တာပါပဲ။ ဘယ်လိုအကြောင်းတရားကြောင့်ပဲ ဖြစ်ဖြစ် “အစိုးမရတဲ့ လောကကြီးမှာ” ကျွန်တော်တို့ဟာ အဖော်မဲ့နိုင်တဲ့အခါတွေ ရှိလာမှာ အမှန်ပါပဲ။
 
တကယ်တော့ အဖော်မဲ့တယ်၊ အခြံအရံနည်းသွားတယ်ဆိုတာ လောကဓံတစ်ခုပါပဲ။ လောကဓံဆိုတာ ဘုရားရဟန္တာတွေတောင် မလွတ်ဘူးဆိုမှတော့ ကျွန်တော်တို့ ပုထုဇဉ်တွေအတွက်တော့ အထူးပြောစရာကို မလိုတော့ပါဘူး။ တစ်ခါတလေ မိသားစုကြားထဲမှာ အဖွဲ့အစည်းကြားထဲမှာ နေနေရင်းကနေ စိတ်သဘောထား မတိုက်ဆိုင်မှုတွေ၊ မတူညီမှုတွေကြောင့် အဖော်မဲ့ အထီးကျန်တဲ့အခြေအနေတွေလည်း ရှိခဲ့ကြတာပါပဲ။
 
ဒီဆောင်းပါးရဲ့ အနှစ်ချုပ်ပြောချင်တာက အဖော်မဲ့ အထီးကျန်တဲ့အခါမှာ အဆိုးတွေ မလုပ်မိစေဖို့ပါ။ အဆိုးတွေကို လုပ်မိမယ်ဆိုရင် ပိုပြီး အဖော်မဲ့ အထီးကျန်တတ်သလို ကိုယ့်ရဲ့ဘဝဟာလည်း ပိုပြီး ခြောက်ခန်းသွားတတ်ပါတယ်။ လူတချို့ဟာ အဖော်မဲ့ အထီးကျန်တဲ့အခါမှာ အားငယ်စိတ်နဲ့အတူ တောင်တွေး၊ မြောက်တွေး အတွေးအမျိုးမျိုး နဲ့ ကြံမိကြံရာ ကြံတတ်ကြသလို လုပ်မိလုပ်ရာ လုပ်တတ်ကြပါတယ်။ ကိုယ့် ကိုယ်ကိုယ် ဆင်ခြင်တတ်ဖို့၊ တည်ငြိမ်အောင်နေတတ်ဖို့ သတိလွတ်နေတတ်ကြပါတယ်။ အဲဒါမျိုးမဖြစ်အောင် စိတ်ကို တည်ငြိမ်စေတဲ့ ဘာသာရေးအဆုံးအမတွေ၊ စိတ်ခွန်အားတိုးစေတဲ့ စာပေတွေကို အဖော်ပြုသင့်ပါတယ်။ ကိုယ့်ကိုယ် စိတ်ခွန်အားပေးနိုင်တဲ့ မိတ်ဆွေတွေဆီ ချဉ်းကပ်သင့်၊ အကြံဉာဏ် ယူသင့်ပါတယ်။
 
အပေါင်းအသင်းနဲ့ပတ်သက်လို့ မြတ်စွာဘုရားဟောထားတဲ့ အဆုံးအမလေးတစ်ခုကို ဓမ္မပဒစာအုပ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ သဘောလည်း ကျမိ၊ ကြည်ညိုမိပါတယ်။ “ကိုယ့်မှာ အတူတကွ သွားဖက်လာဖက်၊ ကောင်းကောင်းမွန်မွန် နေတတ်ထိုင်တတ်ပြီး ပညာလည်းတတ်၊ ရင့်ကျက်မှုလည်းရှိတဲ့ အပေါင်းအဖော်မျိုးကို ရခဲ့ရင် သူနဲ့အတူ ဘေးရန်တွေကို ကျော်လွှားပြီး ဝမ်းမြောက်ဝမ်းသာ သတိမကင်းဘဲနဲ့ နေထိုင်လှည့်လည်ပါတဲ့။
 
အဲဒီလို အပေါင်းအသင်းမျိုးကို မရခဲ့ဘူးဆိုရင်လည်း တစ်ယောက်တည်းနေတတ်အောင် ကြိုးစားပါ။ တစ်ယောက်တည်းနေတာလည်း မြတ်ပါတယ်။ လူမိုက်တွေမှာ ကောင်းတဲ့ အကျင့်သီလ၊ ကောင်းတဲ့တရားတွေဆိုတာ  ရှိတာမဟုတ်ဘူး။ အဲဒီတော့ လူမိုက်နဲ့ မပေါင်းဘဲနဲ့ တစ်ယောက်တည်းနေပါတဲ့။ တစ်ယောက်တည်းနေတဲ့အခါမှာလည်း မကောင်းမှုတွေကို မပြုမိပါစေနဲ့တဲ့။
 
တကယ့်ကို ကောင်းမွန်တဲ့ မြတ်ဗုဒ္ဓရဲ့ “အဆုံးအမပါပဲ”။ အဖော်မဲ့တဲ့ လောကဓံကို ကောင်းမွန်စွာ ကျော်ဖြတ်တတ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ တစ်ယောက်တည်းနေတဲ့အခါမှာ  မကောင်းမှုကို မပြုမိပါစေနဲ့ဆိုတဲ့ အဆုံးအမကို ပိုပြီးနှစ်သက်ခဲ့မိပါတယ်။ အဲဒီအဆုံးအမကို နှလုံးသွင်းထားမယ်ဆိုရင် အထီးကျန်မှုကြောင့် အဆုံးစီရင်ကြတာတွေ မိမိလုပ်ချင်ရာကို မျက်စိမှိတ် ဇွတ်လုပ်တတ်တာတွေကို လုပ်မိကြတော့မှာ မဟုတ်ပါဘူး။
 
ကျွန်တော်တို့ဘဝမှာ အဖော်မဲ့တဲ့အချိန်၊ အထီးကျန်တဲ့အချိန်တွေ ရှိလာနိုင်ပါတယ်။ အဲဒီအချိန်တွေကို ရောက်လာခဲ့ရင် ပြန်မရတော့တာတွေအတွက် ယူကျုံးမရ ဖြစ်မနေတော့ဘဲနဲ့ ကိုယ့်ဘဝကို အဆိုးနွံထဲ ထပ်မရောက်စေဘဲနဲ့ အဖော်မဲ့ လောကဓံကို ရင့်ကျက်မှု ရှိရှိ၊ တရားသဘောအမှန်နဲ့နေပြီး ကောင်းရာ ကောင်းကျိုးတွေနဲ့ အချိန်ကုန်သွားမယ်ဆိုရင် ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိသွားမှာ အမှန်ပါပဲ။

Most Read

Most Recent