မှောက်ထားသော အိုး

မှောက်ထားသော အိုး
Published 23 April 2015
တင့်ခိုင်

(၁)
ပညာရေးဘဝတွင် ကျောင်းသားကို “မှောက်ထားသောအိုး” တစ်လုံးအဖြစ် ဘယ်သောအခါမှ မသတ်မှတ်သင့်ပါ။ ကျောင်းသားသည် ဘာမှမသိသော၊ ဘာမှမရှိသော လူသားတစ်ဦးမဟုတ်။
ဆရာများပြောသမျှ ထည့်ပေးသမျှသာ ကျောင်းသားတစ်ယောက် ရရှိနိုင်သည်ဟူသော အယူအဆသည် ဆရာကိုလွန်ကဲစွာ အထင်ကြီးသော အယူအဆ ဖြစ်ပါသည်။ ယနေ့ခေတ်ပညာရေးသည် သင်ကြားရေးထက် သင်ယူရေးကိုသာ ဦးစားပေးသည့် ပညာရေးဖြစ်သည်။
မှောက်ထားသော အိုးတစ်လုံးကို လှန်ပြီးထည့်ပေးသော အလုပ်သည် ဆရာများ၏ အလုပ်ဟု ရှေးတုန်းက ယူဆခဲ့ကြပါ၏။ ကလေးတစ်ဦးသည် “သုည” လူသားမဟုတ်ပါ။ ကလေးတစ်ဦး၏ ဖွံ့ဖြိုးရေးဖြစ်စဉ်ကို စနစ်တကျ လေ့လာကြသူများအဖို့ ကလေး၏ ဖွံ့ဖြိုးမှု တိုးတက်လာပုံများကို သိရှိကြပေလိမ့်မည်။ ဆရာသည် ကလေး၏ နှစ်အလိုက် ရုပ်ပိုင်း၊ စိတ်ပိုင်းဖွွံ့ဖြိုးလာမှုကို သိရှိထားသင့်ပါ၏။ ကလေးသည် အချိန်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်နေသော လူသားတစ်ဦးဖြစ်သည်။
အဆိုပါ ဖွံ့ဖြိုးမှုများနှင့်အတူ ကလေးသည် ဦးနှောက်ဖွံ့ဖြိုးလာသည်။ ထို့ကြောင့်ပင် အသိတရား ဆင်ခြင်စဉ်းစားဉာဏ်များရှိသည်။ ကမ္ဘာလောကကြီးထဲတွင် သူမသိရှိသေးသော အရာများ ဒုနှင့်ဒေး ရှိနေသေးသည်။ ထိုအရာများကို သူသိရမည်ဟု နားလည်လာသည်။ ခက်နေသည်က အစဉ်အလာတရားအရ ဆရာကိုကြောက်ရွံ့နေခြင်းပင်ဖြစ်သည်။ ဒါကိုလည်း အပြစ်မဆိုပါ။ ဒါက ကျွန်တော်တို့ ယဉ်ကျေးမှုအစဉ်အလာ ဖြစ်သည်။ ဆရာတစ်ဦးသည် ကျောင်းသား ကြောက်သည်ထက် ကျောင်းသားနှင့် ရင်းနှီးနွေးထွေးစွာနေထိုင်ပြီး ကျောင်းသားများက ချစ်ခင်လေးစားရန်သာ လိုမည်ထင်ပါသည်။ ယခုပြောင်းလဲမည့် စနစ်သစ်ပညာရေးတွင် ကျောင်းသားဗဟိုပြု သင်ကြားရေးကို စတင်မည်ဟု သက်ဆိုင်သူများက ပြောကြ၏။ အလွန်ကောင်းပါ၏။ သို့ရာတွင် ကြိမ်လုံးကိုင်ပြီး ခြိမ်းခြောက်နေသော ဆရာများဖြင့် ကျောင်းသားဗဟိုပြု ပညာသင်ကြားရေးကို မည်သို့ စခန်းသွားကြပါမည်နည်း။
ဤကိစ္စသည် တစ်လသင်တန်းပေး၍ ရမည့်ကိစ္စမဟုတ်။ ကျောင်းသားက သင်ယူသောစနစ်တွင် ကျောင်းသားသည် သူသိလိုသည့် အကြောင်းအရာ သူသင်ကြားလိုသည့် ဘာသာရပ်တို့ကို သင်ယူနိုင်ခွင့် ရှိနေရမည်။ တီထွင်ကြံဆမှု၊ ထိုးထွင်းသိမြင်မှု၊ အမှန်အမှား ခွဲခြားနိုင်မှုတို့သည် လူသားတစ်ဦးတွင် လိုအပ်ပါ၏။ စာသင်ခန်းမှ ယနေ့ကလေးငယ်များသည်ပင် အနာဂတ်တိုင်းပြည်ကို အုပ်ချုပ်ရမည့် သူများဖြစ်သည်။ ထိုးထွင်းသိမြင်မှု (ပညာ) မရှိ၊ ကျောင်းစာလောက်ကိုသာသိပြီး ဘွဲ့ရသွားသူများသည် သူတကာခိုင်းမှ လုပ်တတ်သူများသာ ဖြစ်သည်။ အမှားအမှန်ကို မဝေဖန်နိုင်၍သာ အမှားကိုခိုင်းလျှင်လည်း လိုက်နာလုပ်ဆောင် နေခြင်းဖြစ်၏။
(၂)
လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော် ကျွန်တော်တက္ကသိုလ် ကျောင်းသားဘဝတွင် အစိုးရပိုင် Pilot ဖောင်တိန်ကို လူငယ်တစ်ဦးက “အတု” လုပ်သည်။ အတုသည် အစစ်ထက်ပိုကောင်းပြီး ဈေးနှုန်းလည်း သက်သာနေသည်။ သို့ရာတွင် ပြစ်မှုဆိုင်ရာဥပဒေနှင့် ငြိစွန်းသဖြင့် တံဆိပ်အတုပြုလုပ်မှုဖြင့် ထိုလူငယ်ကို အပြစ်ပေး ထောင်ချလိုက်သည်။ အမှန်ဆိုပါလျှင် ထိုလူငယ်ကို ပိုင်လော့စက်ရုံကခေါ်ယူပြီး ပိုင်လော့စက်ရုံသည် လူငယ်၏ ပိုင်လော့ဖောင်တိန်မျိုး ဖြစ်လာစေရန် ပြင်ဆင်ထုတ်လုပ်သင့်ပါသည်။
လူငယ်တစ်ဦး၏ ထိုးထွင်းသိမှု၊ စူးစမ်းလေ့လာမှု၊ အတတ်ပညာရပ်များကို ကျွန်တော်တို့သည် အသိအမှတ် မပြုရဲခဲ့ကြပါ။ ထို့ကြောင့်လည်း ကျွန်တော်တို့နိုင်ငံ မဖွံ့ဖြိုးခြင်းဖြစ်ပါသည်။
စာသင်ခန်းထဲသို့ ရောက်လာသော ကျောင်းသားများသည် မှောက်ထားသော အိုးများဖြစ်သည်။ ဆရာက ထည့်ပေးရမည် ဟူ၍သာ လက်ခံထားကြပါ၏။ ထိုကိစ္စတွင် ဆရာသည် အလွန်ပညာပြည့်၀ နှလုံးလှသူဖြစ်ရန် လိုလာပါသည်။ ကျောင်းသင်ခန်းစာမှလွဲ၍ တခြားစာပေများကိုပင် ဖတ်ရန်အချိန် မရှိလောက်အောင် မိသားစုစားဝတ်နေရေးအတွက် လုပ်နေရသော ဆရာများ မြန်မာနိုင်ငံတွင် ဒုနှင့်ဒေးရှိသည်။ ထိုသူတို့သည် ကျေးလက်ကျောင်းဆရာ အများစုဖြစ်သည်။ စာဖတ်ချင်၍ ရွာကလေးထဲတွင် စာတစ်အုပ်မှမရှိသော အခြေအနေမျိုးလည်း ရှိနေသေးသည်။ စာကြည့်တိုက်မရှိ။ ယခုစာမျက်နှာများပေါ်တွင် ဖော်ပြနေသော စာကြည့်တိုက်ငါးသောင်းမှာ အရေအတွက်ကို ဖော်ပြလို၍ ဖွင့်ပြထားသော စာကြည့်တိုက်များသာဖြစ်ပါ၏။
ကျွန်တော်ပြောလိုသည်မှာ ဆရာက ကျောင်းသားကို ဖြည့်ပေးရမည်မှာ မှန်သော်လည်း ဆရာရော ပြည့်သောအိုးတစ်လုံး ဖြစ်ပါ၏လော။ ပြဋ္ဌာန်းစာကို ကျွမ်းကျင်စွာ သင်ပေးနိုင်ရုံမျှနှင့်လည်း ကလေးသိချင်သည်များကို ဖြည့်ဆည်းပေးနိုင်ပါမည်လား။ မှောက်ထားသော အိုးကိုလှန်ပြီး သင်ရိုးညွှန်းတမ်းစာများချည်းသာ ထည့်ပေးလိုက်ပါလျှင် ကျောင်းသားတိုင်း အတူတူ ဖြစ်နေမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးတွင် ဒါကိုသင်၊ ဒါကိုကျက်၊ ဒါကိုမေးပြီး ဒါကိုဖြေကာ အမှတ်ကောင်းကောင်းရလျှင် ထူးချွန်သူအဖြစ် သတ်မှတ်နေခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် အလွန်နစ်နာသည်ဟု မြင်ပါသည်။ ကျွန်တော်မကြာခဏ ပြောဖူးပါသည်။ ကျွန်တော့်ကို စာအုပ်ဖွင့် ဖြေခိုင်းလျှင်သော်မှ တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံဂုဏ်ထူး မထွက်နိုင်ပါ။ အချိန်မလောက်၍ဖြစ်သည်။ ထို့ကြောင့်လည်း အဆိုပါကလေးများ၏ မှတ်ဉာဏ်၊ ထူးချွန်မှုများကို ကျွန်တော်လေးစား အသိအမှတ်ပြုပါ၏။
သို့ရာတွင် ထိုကလေးများသည် “စာ” သာတတ်မည် “ပညာ” တတ်မည်မဟုတ်။ ဆင်ခြင်ဉာဏ်ရှိမည်မဟုတ်။ ထို့ကြောင့်လည်း ဆရာဗဟိုပြုမှ ကျောင်းသားဗဟိုပြုသို့ပြောင်းရန် စီစဉ်နေခြင်းဖြစ်ပါသည်။
(၃)
မှောက်ထားသော အိုးတစ်လုံးတွင် ဘာမှမရှိသော်လည်း စာသင်ခန်းထဲသို့ ခိုးဝင်လာသော ကလေးငယ်တွင် နဂိုကတည်းကပင် ပါလာသည့် အရာများရှိသည်။ ထိုအရာများမှာ သင်ချင်စိတ်၊ စူးစမ်းလိုစိတ်၊ တီထွင်လိုစိတ်၊ စွန့်စားလိုစိတ်၊ အမှန်အမှားကို လက်တွေ့စမ်းသပ်လိုစိတ် စသည့်ဖြင့်ဖြစ်သည်။ ထို့ကြောင့် ကလေးသည် မှောက်ထားသော အိုးတစ်လုံးမဟုတ်ပါ။
အဆိုပါစိတ်များသည် ကလေး၏ အသက်အရွယ်၊ ဖွံ့ဖြိုးမှုအလိုက် အနည်းအများ ရှိနေနိုင်ပါ၏။ မိမိထည့်ချင်သည်ကို ထည့်ပေး၍မရ။ သူထည့်ချင်သည်ကိုသာ ဆရာက ထည့်ပေးရန်လိုပါသည်။ ဤသို့ဆို၍ ပြဋ္ဌာန်းစာများကို သင်ကြားဖြည့်ဆည်းရန် မလိုပါဟု ဆိုခြင်းမဟုတ်ပါ။ ကလေးဘဝသည် ယုံကြည်ချက် ခိုင်မာသော ဘဝမဟုတ်။ အကောင်းဘက်ချည်းလည်း ရှိနေမည်မဟုတ်။ ဆရာသည် ကျောင်းသား၏ ဆရာဖြစ်ပါ၏။ ဆရာနှင့်ကျောင်းသား ရင်းနှီးနွေးထွေးပြီး ဆရာသည် ကျောင်းသားကို အနီးကပ်ရှုမြင်နိုင်ပါမှ ကျောင်းသားအကြောင်းကို သိမည်။ ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး တူမည်မဟုတ်။ ဝါသနာမတူ၊ ရည်ရွက်ချက်မတူ၊ ဆရာဝန်၊ အင်ဂျင်နီယာ လုပ်လိုသူများရှိသလို လေယာဉ်မောင်းလို သူများလည်းရှိမည်။ သူနာပြုဆရာမ လုပ်လိုသူများလည်းရှိမည်။ ပန်းချီဆွဲလိုသူများလည်းရှိမည်။
အားလုံးအနာဂတ် တိုင်းပြည်အတွက် လိုအပ်နေသူများ ဖြစ်ပါသည်။ ကျွန်တော်တို့ ကျောင်းနေစဉ်က ပန်းချီသင်တန်း၊ ကာယပညာ၊ ကင်းထောက်တို့သည် ကျောင်း၌ရှိသည်။ စာရိတ္တဖွံ့ဖြိုးမှုအတွက်လည်း သင်ကြားချိန်ပေးသည်။ ပညာတံခွန်နေ့ကို ခရိုင်မြို့တွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပသည်။ ကျွန်တော် ဆိုလျှင် ငါးတန်းကတည်းက စကားရည်လုပွဲများ၌ ပါဝင်သည်။ ဆရာသည် ကျွန်တော့်ကိုခေါ်ပြီး သူ့အိမ်ရှိ ကိုယ်လုံးပေါ်မှန်ရှေ့တွင် စနစ်တကျသင်သည်။ ဒါရိုက်တာတစ်ယောက်က ဇာတ်ဝင်ခန်းတစ်ခုအတွက် မင်းသားကို သင်ကြားနေပုံမျိုးဖြစ်သည်။ ထို့ကြောင့်လည်း တက္ကသိုလ်ရောက်သည်အထိ ကျွန်တော်သည် ပရိသတ်ကိုမကြောက်။ စင်ပေါ်၌ စကားပြောရဲလာသည်။
ကဲကျောင်းသား တစ်ယောက်တွင် ထိုနှုတ်မှုပညာရော မလိုအပ်ပေဘူးလား။ လိုအပ်ပါမည်။ သို့ရာတွင် ကျောင်းက စနစ်တကျ သင်ကြားပေးမှုမျိုးကမူ မရှိခဲ့။ ကာလတစ်ခုတွင် ပြည်သူ့နီတိပညာကိုပင် မသင်ကြားဘဲ ဖျောက်ထားခဲ့သည်။ ပြည်သူ့နီတိသည် ကျောင်းသားတိုင်းသိရမည့် ပညာဖြစ်သည်။ မှောက်ထားသောအိုးထဲသို့ မလွဲမသွေ၊ သွန်းလောင်းပေးရမည့် ပညာဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ပြည်သူတစ်ယောက် သိရမည့်အရာ ဖြစ်သဖြင့်ပင်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ဥပဒေ၊ နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်နှင့် တာဝန်များကိုလည်း သိထားရမည်ဖြစ်၍ ထိုအိုးထဲသို့ ထည့်ပေးရမည်။
ထို့ကြောင့်လည်း စနစ်သစ်ပညာရေးတွင် ပြဋ္ဌာန်းစာများသည် အထက်ပါကိစ္စမျာ ကို ထည့်သွင်းရေးဆွဲထားမှ သင့်လျော်မည် ဖြစ်သည်။
(၄)
မူလအကြောင်းအရာကို ပြန်လည်ဆက်စပ် ဖော်ပြရပါလျှင် ကျောင်းသားလူငယ် တစ်ယောက်သည် မှောက်ထားသော အိုးတစ်လုံး မဟုတ်ပါ။ ဆရာတစ်ယောက်၏ ဖြည့်ဆည်းသလောက်မျှကိုသာ ထည့်သွင်းထားရမည့် လူသားတစ်ဦးလည်း မဟုတ်ပါ။ ပြဋ္ဌာန်းစာများကိုသာ သင်ကြားရပြီး ထိုစာများမှတစ်ပါး အခြားဘာမှ မသိသေးသူ တစ်ဦးလည်းမဟုတ်ပါ။
အချိန်နှင့်အမျှ လူးလွန့်နိုးကြားနေသော သူ့ရည်ရွယ်ချက်၊ သူ့ဝါသနာ၊ သူ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခွင့်ရှိသော၊ အခွင့်အရေးကို ရခွင့်ရှိသော သူတစ်ဦး ဖြစ်နေသင့်ပါ၏။
ဤသို့ဖြစ်လာသော ပညာရေးစနစ်သည်သာ အနာဂတ်မြန်မာနိုင်ငံကို ဆင်းရဲတွင်းထဲမှ ဆွဲတင်သွားစေနိုင်သော ပညာရေးစနစ် ဖြစ်ပါလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။

Most Read

Most Recent